မူဆယ်တွင် ယာဉ်(၄)ဆင့်တိုက်မှု ဖြစ်ပွားရာ (၂)ဦးသေဆုံး

မူဆယ် ၆ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မြို့ပတ်လမ်းမကြီးပေါ်၌ ဒီဇင်ဘာလ(၆)ရက် နံနက်(၈)နာရီအချိန်ခန့်တွင် ယာဉ်တိုက်မှု(၄)ဆင့် ဖြစ်ပွားရာ (၂) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အမှတ်(၁၂၃) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံး၊ မူဆယ်မှ ဒုရဲအုပ် ဇော်မျိုးအောင်သည် တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မြို့ပတ်လမ်းမကြီးပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ယာဉ်မောင်း ကျော်လင်းအောင်(၃၆)နှစ်၊ မောင်းနှင်လာသည့် ယာဉ် (၁၂)ဘီးယာဉ်သည် မြို့အဝင် အေးရှားဝေါလ်းတိုးဂိတ်ဘက်မှ ကားလမ်းမကြီးအတိုင်းမောင်းနှင်လာပြီး ယာဉ်ကြောကြပ်တည်းနေသည့် နေရာတွင် ယာဉ်ကြောအတိုင်း တန်းစီရပ်တန့်ထားသည့် ယာဉ်မောင်းသန်းထွန်းအောင်(၃၄)၊ မောင်းနှင်သည့် (၁၈)ဘီးယာဉ်၏ နောက်ပိုင်းအား ဝင်ရောက်တိုက်မိခဲ့ပြီး ကျော်လင်းအောင်မောင်းနှင်သည့်ယာဉ်သည် ဝဲဘက်ခြမ်းကားလမ်းဘေး ရေနုတ်မြောင်းတွင်းသို့ ကားဘီးကျကာ ရပ်တန့်သွားကြောင်း သိရသည်။

 

ဖြစ်စဉ်ကြောင့် ယာဉ်မောင်းသန်းထွန်းအောင် မောင်းနှင်သည့်ယာဉ်သည့် ၎င်းယာဉ်ရှေ့တွင် စီတန်းရပ် ထားသည့် ဦးခင်လတ်(၆၀)နှစ်၊ မောင်းနှင်သည့်ယာဉ်ကို တစ်ဆင့်ဝင်ရောက်တိုက်မိကာ ဦးခင်လတ်မောင်း နှင်သည့် ယာဉ်မှ ထပ်ဆင့်၎င်းယာဉ်ရှေ့တွင် ရပ်တန့်ထားသည့် ယာဉ်မောင်းတင်ထွန်းနိုင်(၄၁)နှစ်၏ ယာဉ်နောက်ပိုင်းအား ထပ်မံတိုက်မိခဲ့သည်။

 

ယာဉ်တိုက်မှုကြောင့် နောက်မှဝင်တိုက်သူ ယာဉ်မောင်းကျော်လင်းအောင်သည် ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာနှင့် ယာဉ်မောင်းသန်းထွန်းအောင်သည် ဦးခေါင်းပွင့်ထွက်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်သည့်နေရာတွင် သေဆုံးခဲ့ပြီး အခြားယာဉ်မောင်းများမှာ ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား သန်းထွန်းအောင်နှင့် ကျော်လင်းအောင်အား မူဆယ်မြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

ဗန်ရိုးထန်(ပြန်/ဆက်)

 

Share this on Social Media