မောင်တောမြို့၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၁၇)ဦးအား လွှဲပြောင်းပေးအပ်

မောင်တော   ၆  ဒီဇင်ဘာ

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အမှတ်(၁) ဝင်/ထွက် စခန်း  (POE)  ခန်းမဆောင်၌ ဒီဇင်ဘာ ၅ ရက် နံနက် ၁၁ နာရီက နှစ်နိုင်ငံ အလံတင်အစည်းအ‌ဝေးပြုလုပ်ပြီး တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၇)ဦးအား ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနက်မြို့  အမှတ်(၂) BGB နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး  ဒုတိယဗိုလ်မှူးကြီး Md.Asadud-Zaman Chowdhury ဦးဆောင်၍ တပ်ဖွဲ့ဝင်(၁၃)ဦးသည် အမြန်ရေယာဉ်ဖြင့်  အမှတ်(၁)ဝင်/ထွက်စခန်း (POE) တံတားသို့ ရောက်ရှိကြပြီး  မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထိန်လင်း ဦးဆောင်သည့်အဖွဲ့ဝင်များနှင့်  အမှတ်(၁)ဝင်/ထွက်စခန်း  ခန်းမဆောင်၌ နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေး ပြုလုပ်ခဲ့ကြသည်။

 

 

အစည်းအဝေးတွင် နှစ်နိုင်ငံတာဝန်ရှိသူများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ ကောင်စစ်ဝန်(စစ်တွေအခြေစိုက်) Md. Tariqul   Islam လည်းတက်ရောက်ခဲ့ပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ကြသည့် ရေမျှောကမ်းတင် အမျိုးသား (၁၄) ဦး၊ လွတ်မြောက်အကျဉ်းသား (၃) ဦးတို့အား မြန်မာနိုင်ငံမှ စနစ်တကျလွှဲပြောင်းပေးအပ်မည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလည်း စနစ်တကျ လွှဲပြောင်းလက်ခံယူမည်ဖြစ်ကြောင်းနှင့်  နှစ်နိုင်ငံနယ်စပ် ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၇ ဦးအား မောင်တောခရိုင် (လဝက) ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်း ဦးဆောင်အဖွဲ့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး MD Asadud-Zaman  Chowdhury ထံသို့  စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ အဆိုပါ လွှဲပြောင်းသူများအား ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ရင်းမှူးက ဦးဆောင်ကာ မွန်းလွဲပိုင်းတွင် အမြန်ရေယာဉ် (၃)စီးဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနက်မြို့သို့ ပြန်လည်ခေါ်ဆောင် ထွက်ခွာသွားကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

 

Share this on Social Media