တတိယအကြိမ်မြောက် မြန်မာနိုင်ငံ စွန့်ဦးတီထွင် လုပ်ငန်းရှင်များညီလာခံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် အမှာစကား

နေပြည်တော် ၁၄ ဒီဇင်ဘာ 

 

ကျွန်မဒီပွဲမှာပြောချင်တဲ့ ကိစ္စကတော့ ပရဟိတ၊ အတ္တဟိတ နှစ်ခုစလုံးကို ကြည့်ပြီးတော့  လုပ်ရတဲ့အထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အရေးအကြီးဆုံးပဲလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေး လုပ်တဲ့ လုပ်ငန်းရှင်ဆိုတာ ကိုယ့်ရဲ့လုပ်ငန်းကို အောင်မြင်အောင် လုပ်နိုင်မှ၊ ကိုယ်လုပ်ငန်းရဲ့ အကျိုးစီးပွားအတွက် ကိုယ်လုပ်နိုင်မှ၊ ကိုယ့်ပတ်ဝန်းကျင်ရဲ့ အကျိုးစီးပွားအတွက် လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စီးပွားရေးလုပ်နေတဲ့ ပုဂ္ဂိုလ်များအတွက် ပရဟိတနဲ့ အတ္တဟိတ ကိုယှဉ်ပြီးတော့ ကြည့်နိုင်ဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်လို့ရတယ်။ ဒါပေမယ့် ကျွန်မတို့လို တိုးတက်စ နိုင်ငံမှာတော့ အားလုံးက ဝိုင်းပြီးတော့ အများအကျိုးအတွက်ပါ စဉ်းစားပေးမှ ကျွန်မတို့နိုင်ငံဟာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ တိုးတက်ဖို့ဆိုရင် ဘာတွေလိုသလဲဆိုရင် ရိုးရိုုးပိုက်ဆံရှိရုံနဲ့လည်း မလုံလောက်ပါဘူး။ ကျွန်မတို့ စီးပွားရေး အောင်မြင်တယ်ဆိုတာ ဘာအတွက်လဲ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက်ပဲ၊ ဒါပေမယ့်ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ မလုံလောက်ပါဘူး။

 

ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားများအားလုံး စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုလိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက်ဆိုတာ စီးပွားရေးတစ်ခုတည်းနဲ့ မပြီးပါဘူး။ ကျန်းမာရေး၊ ပညာရေးလည်း အင်မတန်မှ အရေးကြီးပါတယ်။ လူတစ်ယောက်ဟာ ကျန်းမာမှ၊ ကိုယ့်ရဲ့ကျန်းမာရေးအတွက် စိတ်ချရမှ စိတ်လုံခြုံမယ်။ နောက်ပြီးတော့လည်း ကိုယ်ရင်ဆိုင်ရမယ့်   စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့ အကြောင်းတွေရှိမှလည်း စိတ်လုံခြုံနိုင်မယ်။  အဲဒီဟာတွေက ပညာရေးနဲ့ ဆိုင်ပါတယ်။ 

 

ကျွန်မတို့ရဲ့ လူငယ်လုပ်ငန်းရှင်များကို ကျွန်မတို့နိုင်ငံကို မတူတဲ့ပုံစံနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားစေချင်တယ်။ တခြားနိုင်ငံတွေနဲ့မတူအောင်၊ စောစောကဆိုရင် လူငယ်လေးတွေက ပြသွားတာကို ကျွန်မသိပ်သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံအားဖြင့် ကျွန်မတို့ မြန်မာယဉ်ကျေးမှု၊ မြန်မာအကပဲ။ ဒါပေမယ့်လည်း ခေတ်နဲ့လည်းညီအောင်လို့ တစ်ကမ္ဘာလုံးနဲ့လည်း ဆက်စပ်မှု ရှိအောင်လို့ သူတို့သရုပ်ဖော်နိုင်တယ်။ ဒါကိုကျွန်မတို့ အားပေးရမယ်။ ရှေးကျွန်မတို့ရဲ့အစဉ်အလာ၊ ထုံးတမ်း အစဉ်အလာအကတွေကို အနုပညာတွေကိုလည်း ဆက်ပြီးတော့ တိုးတက်အောင်လုပ်သလို အခုခေတ်နဲ့ ညီအောင်လို့လည်း ကျွန်မတို့လုပ်နိုင် ရမယ်။ ဘယ်လိုပဲပြောပြော ကမ္ဘာကြီးဟာ သူ့နေရာနဲ့သူ၊ တစ်နေရာနဲ့တစ်နေရာ ဆက်နွှယ်မှု အများကြီးရှိနေတဲ့အခါ ကျွန်မတို့ရဲ့ လူငယ်တွေဟာ တခြားနိုင်ငံက လူငယ်တွေနဲ့ တူချင်တဲ့ နေရာတွေမှာ တူချင်မှာပဲ။ ဒါကိုကျွန်မတို့က ဟန့်တားဖို့ဆိုတာ မသင့်တော်ဘူး။ ဟန့်တားစရာ အကြောင်းလည်းမရှိဘူး။ ဒီလိုပဲ ကမ္ဘာကြီးက ပြောင်းလာမှာပဲ။ ကျွန်မတို့ လူငယ်လုပ်ငန်းရှင်တွေကို အထူးပြောလိုတာက ကျွန်မတို့နိုင်ငံအတွက် အချက်နှစ်ခုကို တိုက်တွန်းချင်ပါတယ်။ တီထွင်တဲ့စိတ်ရှိရမယ်၊ အသစ်မြင်တဲ့ စိတ်ရှိရမယ်။ ဒုတိယက ကျွန်မတို့ နိုင်ငံကို ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်တဲ့နိုင်ငံ တစ်ခုဖြစ်စေချင်တယ်။ ကျွန်မတို့လွတ်လပ်ရေးရဖို့ ကြိုးပမ်းစဉ်အခါတုန်းကဆိုရင် လွတ်လပ်ရေးဖခင်ကြီးများက ကြွေးကြော်တာဟာ ကိုယ့်ရဲ့ကံကြမ္မာကို ဖန်တီးနိုင်ရမယ်။ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ဖို့ဆိုတာဟာ  နိုင်ငံရေးတစ်ခုတည်းနဲ့ မပြီးပါဘူး၊ စီးပွားရေးနဲ့လည်းဆိုင်ပါတယ်။ စီးပွားရေးတောင့်တင်းမှလည်း ကိုယ့်ရဲ့ကံကြမ္မာကို  ကိုယ့်လက်ထဲမှာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားနိုင်မှာပါ။ အဲဒီဟာအတွက်ကို ကျွန်မတို့ရဲ့ လူငယ်လုပ်ငန်းရှင်များက ပံ့ပိုးပေးစေချင်တယ်။ 

 

တစ်နည်းအားဖြင့် ကျွန်မတို့ နိုင်ငံရဲ့ လွတ်လပ်ရေးလမ်းကြောင်းဟာ ဒီမိုကရေစီ လမ်းကြောင်းနဲ့ အတူတူဆက်ပြီးသွားနေတာပဲ။ ကျွန်မတို့ ဒီမိုကရေစီ ရတယ်ဆိုတာဟာလည်း ကျွန်မတို့နိုင်ငံ ပိုပြီးတောင့်တင်းခိုင်မာစေဖို့၊ ကျွန်မတို့နိုင်ငံ ကမ္ဘာ့အလယ်မှာ လွတ်လွတ်လပ်လပ် ကိုယ့်ကိုယ်ပိုင်စွမ်းအားနဲ့ ရပ်တည်နိုင်အောင်လို့၊ ကျွန်မတို့ရဲ့ကံကြမ္မာကို ကျွန်မတို့ ဖန်တီးနိုင်အောင်လို့၊ အဲဒီတော့ လူငယ်လုပ်ငန်းရှင်များက တခြားသူတွေ မတွေးထားတဲ့ ကိစ္စတွေကိုတွေးကြပါ။ တစ်ခြားနိုင်ငံမှာ မလုပ်သေးတဲ့ကိစ္စတွေကို လုပ်ကြပါ။ နိုင်ငံတော်တော်များများမှာဆို စီးပွားရေးလုပ်တဲ့သူတွေက စီးပွားရေးကိုပဲ ဇောက်ချပြီးလုပ်ကြပါတယ်။ ဒါဟာစီးပွားရေးတိုးတက်ဖို့သာ အဓိကလို့ထင်ကြပါတယ်။ အဲဒီတော့ ကျွန်မတို့နိုင်ငံက လူငယ်စီးပွားရေးလုပ်ငန်းရှင်များက တမူကွဲပြားပြီးတော့ ငါတို့စီးပွားရေး လုပ်တယ်ဆိုတာ ငါတို့အတွက်သာမကပဲ ငါတို့နိ်ုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း စီးပွားရေးလုပ်တာလို့ စိတ်ဓာတ်ကို မွေးမြူကြပါ။ ဒါဟာခေတ်မရှိဘူးလို့ မထင်ပါနဲ့။ ခေတ်မရှိဘူးဆိုရင်လည်း ဒါဟာ ကျွန်မတို့က ခေတ်ရှေ့ကပြေးနေတယ်လို့ပဲ မှတ်ထင်ရမှာပါ။ ခေတ်နောက်ကျနေတာ မဟုတ်ပါဘူး။ ရှေ့ကိုခေတ်ပြေးတဲ့အနေနဲ့ ကိုယ့်နိ်ုင်ငံ ကိုယ့်အားကိုယ်ကိုးပြီးတော့ ရပ်တည်နိုင်အောင်လို့ ကျွန်မတို့ လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ကူညီစေချင်ပါတယ်။ 

 

ဒီလိုကူညီဖို့ဆိုရင် ပထမဦးဆုံး အနေနဲ့တိုက်တွန်းချင်တာက ကိစ္စတစ်ခုကို လုပ်မကြည့်ဘဲနဲ့ မရပါဘူးလို့ အဲဒီလို စိတ်ဓာတ်မထားပါနဲ့။ ကိစ္စတစ်ခုကို တခြားသူတွေ မလုပ်ဖူးလို့ မဖြစ်ပါဘူး လို့လည်း စိတ်ထဲမှာ မထားပါနဲ့။ တခြားသူတွေ မလုပ်ဖူးတဲ့ကိစ္စတွေ၊ မဖြစ်ဖူးတဲ့ ကိစ္စတွေကို တို့တွေလုပ်မယ်၊ တို့တွေဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ထားတွေနဲ့ ဆက်ပြီးတော့ သွားစေချင်ပါတယ်။ အခုကျွန်မဒီကိုရောက်တော့ အဝင်ဝမှာမေးလိုက်တယ်။ နှစ်တိုင်း နှစ်တိုင်းတော့ လူငယ်လုပ်ငန်းရှင်များထဲမှာ မိန်းကလေးလုပ်ငန်းရှင်တွေက ရာခိုင်နှုန်းတက်တက် လာတယ်။ ဒီနှစ်ကော ဘယ့်နှယ်နေလဲပေါ့။ ကျွန်မပထမဦးဆုံး တက်တဲ့အခမ်းအနားမှာ ၄၉ ရာခိုင်နှုန်း၊ အရင်နှစ်ကဆို ၅၂ ရာခိုင်နှုန်း၊ ဒီနှစ်ဘယ်လို ရှိလဲဆိုတော့ ၅၈ ရာခိုင်နှုန်းရှိတယ်ပြောတယ်။ နည်းနည်း ယောင်္ကျားလူငယ်တွေအတွက်တောင် စိတ်ပူသွားတယ်။ ဒီအတိုင်းသွားမယ် ဆိုရင်တော့ ကျွန်မတို့ရဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးက မိန်းကလေးတွေများ ဖြစ်နေမလား၊ ကျွန်မတို့ ဒါကိုဂုဏ်ယူပါတယ်။ သို့သော်ငြားလည်း ဘာပဲပြောပြော ယောင်္ကျား ကလေးတွေ၊ မိန်းကလေးတွေ အတူတူမျှမျှတတ တိုးတက်စေချင်တယ်။ 

 

ကျွန်မတို့ ဒီလိုတိုးတက်ဖို့ရည်ရွယ်ထားတဲ့အခါမှာ အများသိပြီးသားဖြစ်တဲ့ MSDP ကိစ္စတွေ ကိုတော့ မပြောတော့ပါဘူး။ ဒီဟာနဲ့ ကိုက်ညီအောင် လူငယ်လုပ်ငန်းရှင်တွေ လုပ်မယ့်လို့ ယုံကြည်ပါတယ်။ ဒီလိုတိုးတက်အောင် လုပ်တဲ့အခါ နောင်ကျွန်မတို့ ဘယ်လိုနိုင်ငံမျိုးမှာ နေချင်သလဲ။ အနာဂါတ်ကို ကြည့်ပြီးတော့ ဆုံးဖြတ်စေချင်တယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံတော်တော်များကို ကျွန်မရောက်ဖူးပါတယ်။ သွားတိုင်းသွားတိုင်း ကျွန်မစဉ်းစားမိတယ်။ ကျွန်မတို့နိုင်ငံကို ဒီလိုနိုင်ငံမျိုးဖြစ်စေချင်သလား၊ ကျွန်မကိုယ်တိုင်ကကော ဒီလိုနိုင်ငံမျိုးမှာ အသက်ထက်ဆုံး နေချင်သလား။ ဒီလိုပုံစံမျိုး ကျွန်မအမြဲတမ်းစဉ်းစားပါတယ်။ ကျွန်မတို့ရဲ့ လူငယ်လုပ်ငန်းရှင်တွေကိုလည်း အဲဒီလို စဉ်းစားစေချင်ပါတယ်။ 

 

အမှန်ပြောရရင် ကျွန်မတို့နိုင်ငံက ဘယ်လိုပဲဆင်းရဲဆင်းရဲ ကျွန်မအတွက်တော့ ဒီနိုင်ငံဟာ နေလို့အကောင်းဆုံးနိုင်ငံလို့ပဲ စိတ်ထဲမှာရှိပါတယ်။ အဲဒီလိုမျိုး ကျွန်မတို့နိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးရဲ့စိတ်ထဲမှာ ရှိနိုင်အောင်လို့ ကျွန်မတို့စီးပွားရေး လုပ်ငန်းရှင်များက ပြည်သူလူထုကို စိတ်လုံခြုံမှု ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။ 

 

ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ခြင်းအားဖြင့် ကိုယ်ရဲ့နိုင်ငံပိုပြီးတော့ လုံခြုံအောင် လုပ်ပေးပါ။ ကျွန်မတို့နိုင်ငံ လုံခြုံစေခြင်းဖြင့် ကျွန်မတို့နိုင်ငံကို အေးချမ်းသာယာအောင် လုပ်ပေးပါ။ မလုံခြုံတဲ့လူတစ်ယောက်ဟာ စိတ်အေးချမ်းမှု မရှိနိုင်ဘူး။ မလုံခြုံတဲ့ နိုင်ငံတစ်ခုဟာလည်း အေးချမ်းသာယာမှာ မဟုတ်ပါဘူး။ 

 

အဲဒီဟာအတွက်ကို ကျွန်မတိုက်တွန်းချင်ပါတယ်။ စီးပွားရေးဆိုတာ စီးပွားရေးသက်သက်ပဲ မရပ်တည်နိုင်ဘူး။ စီးပွားရေး အောင်မြင်ဖို့ဆိုတာ အစိုးရရဲ့ မူဝါဒတွေနဲ့လည်း သက်ဆိုင်နေတယ်။  ထိုနည်း၄င်းကောင်းပဲ အစိုးရတစ်ခု အောင်မြင်ဖို့ဆိုတာဟာလည်း စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့်ကျွန်မတို့အတူတူ ပူးတွဲပြီးတော့ လုပ်ကြစို့။ နိုင်ငံတော်အစိုးရနဲ့ စီးပွားရေး လုပ်ငန်းရှင်များ ပူးတွဲပြီးတော့ လုပ်တယ်ဆိုတာ ဘာအတွက်လဲဆိုတော့ နိ်ုင်ငံ တိုးတက်ရေးအတွက်၊ နိုင်ငံသူ နိုင်ငံသားများရဲ့ လုံခြုံရေးနဲ့ စိတ်ချမ်းသားရေးတို့ အတွက်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်မတို့စီးပွားရေး လုပ်ငန်းရှင်များဟာ ပထမဦးဆုံးအနေနဲ့ ဘယ်လိုနိုင်ငံမျိုး လိုချင်တာလဲဆိုတာ လေးလေးနက်နက် စဉ်းစားပါ။ အထူးသဖြင့် လူငယ်တွေက စဉ်းစားဖို့လိုပါတယ်။ လူငယ်တွေက အကြာကြီးနေသွားရမှာ၊ လူကြီးတွေထက်စာရင် လူကြီးတွေက ဒီလောကထဲကပိုပြီးတော့ စောစောထွက်သွားရမယ့် သူတွေဖြစ်တယ်။ လူငယ် တွေက ဆက်ပြီးနေရမယ်။

 

ကျွန်မတို့စီးပွားရေးလုပ်ငန်းရှင်များဟာ တော်တော်များများဟာ မိသားစုတွေစပြီး ထူထောင်နေတဲ့ အရွယ်တွေဖြစ်နေပါပြီ။ ကိုယ့်ရဲ့သားသမီးတွေဟာ ဘယ်လိုနိုင်ငံမျိုးမှာ ကြီးပြင်းလာ စေချင်သလဲ၊ ဘယ်လိုစိတ်ဓာတ်တွေနဲ့ ကြီးပြင်းလာစေချင်သလဲဆိုတာ စဉ်းစားစေချင်ပါတယ်။ အခုဆိုရင် နည်းပညာတိုးတက်မှုတွေကြောင့် ကလေးသူငယ်များဟာ မိမိတို့မိဘတွေ မသိတဲ့ကိစ္စတွေကို အများကြီးသိကြတယ်။ ကောင်းတာလည်းပါတယ်၊ ဆိုးတာလည်းပါတယ်။ မိမိတို့ရဲ့ မိဘတွေသွန်သင် ဆုံးမရုံနဲ့မပြီးတော့ဘူး။ ထပ်ပြီးတော့ပြောရရင် လက်ကိုင်ဖုန်းတွေရဲ့ သွန်သင်ဆုံးမမှုတွေဟာလည်း အင်မတန်မှ အင်အားကြီးလာပါတယ်။ အဲဒီဟာလည်း တစ်ဘက်က ကောင်းသလို တစ်ဘက်ကမကောင်းဘူး။ ကျွန်မသတိပြုမိတဲ့ ကလေးငယ်များဟာ ဥပမာ အင်္ဂလိပ်ဘာသာစကားကို ဆဲလ်ဖုန်းတွေက ကြည့်ပြီး အင်တာနက်၊ ဖေ့ဘုတ်က နေကြည့်ပြီးပဲ မြန်မြန်ဆန်ဆန်တတ်လာတယ်။ ဒါပေမယ့်လည်း အင်္ဂလိပ်ဘာသာစကားနဲ့အတူတူ တခြားဟာတွေလည်း တတ်လာပါတယ်။ ဒါဟာ ဖြစ်သင့်မဖြစ်သင့် အဲဒါကို ကျွန်မတို့ စဉ်းစားရမယ်။ နည်းပညာတွေဆိုတာ အပြုသဘော ဆောင်တာတွေလည်း ရှိတယ်။ အပြုသဘော မဆောင်တာ တွေလည်းရှိတယ်။  အနုတ်လက္ခဏာရှိသလို အပေါင်းလက္ခဏာတွေ လည်းရှိတယ်။ အဲဒါကို ကျွန်မတို့ အမြဲတမ်းချင့်ချိန်ရမယ်။ တိုးတက်ဖွံ့ဖြိုးမှုဆိုတာလည်း အပေါင်းလက္ခဏာရှိသလို၊ အနုတ်လက္ခဏာလည်း ရှိတာပဲ။ အားလုံးက အပေါင်းလက္ခဏာချည်းပဲ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်ဟာကိုယ် ဘယ်လောက် အပေါင်းလက္ခဏာဘက်က များသလဲဆိုတာကို ဆုံးဖြတ်နိုင်တဲ့ အရည်အချင်းရှိအောင်လို့ ကျွန်မတို့ရဲ့ပြည်သူပြည်သားများကို အားပေးစေချင်ပါတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက အားပေးစေချင်ပါတယ်။ ကျွန်မတို့ တစ်ကမ္ဘာလုံးမှာဆိုရင် ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲတဲ့နေရာမှာ မြန်မာလူမျိုးနဲ့ နှိုင်းယှဉ်နိုင်တဲ့ လူမျိုးမရှိဘူး ဆိုပြီးတော့ သုံးသပ်ချက်တွေရှိပါတယ်။ ဒါပေမယ့် ရက်ရက် ရောရောပေးရုံနဲ့ မလုံလောက်ပါဘူး။ စနစ်တကျပေးတတ်ဖို့လည်း အင်မတန်မှ အရေးကြီးပါတယ်။ ရက်ရက်ရောရော ပေးပြီးတော့ ဒါဟာ အဟောသိကံဖြစ်သွားလို့ရှိရင်  ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ ဟာ စနစ်ရှိဖို့လိုတယ်။ စည်ကမ်းရှိဖို့လိုတယ်။ ဆင်ခြင်တုံ တရားရှိဖို့လိုတယ်။ ကိုယ်ပေးကမ်းခြင်းဟာ အများအတွက် အကျိုးဖြစ်အောင်လို့တော့ သေသေချာချာ စဉ်းစားပြီးတော့ လုပ်စေချင်ပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့ အလေ့အထကိုလည်း ကျွန်မတို့ အားပေးစေချင်ပါတယ်။ 

 

အဲဒါလည်းကျွန်မထပ်တလဲလဲ ပြောရတဲ့ကိစ္စ၊ ကျွန်မတို့ရဲ့ နိ်ုင်ငံသူ၊ နိုင်ငံသားတို့ရဲ့ အားနည်းချက် တစ်ခုဟာ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အားနည်းချက်ရှိတာပါပဲ။ ကိ်ုယ်တစ်ယောက် အောင်မြင်ဖို့အတွက်၊ တိုးတက်ဖို့အတွက် လုပ်တာတွေများပါတယ်။ ဒါဟာလည်း မိဘတွေရဲ့ သွန်သင်ဆုံးမမှုနဲ့လည်း ဆိုင်ကောင်းဆိုင်ပါလိမ့်မယ်။ ကျွန်မတို့ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့တဲ့ ပညာရေးစနစ်နဲ့လည်း ဆိုင်ပါလိမ့်မယ်။ ကျွန်မခဏခဏ ပြောပါတယ်။ အမှတ်အများဆုံး ရတဲ့သူကမှ ကိုယ်လုပ်ချင်တာ လုပ်နိုင်တယ်ဆိုတဲ့ စနစ်မှာဆိုရင် ကိုယ်တစ်ယောက်တည်း ကောင်းဖို့အတွက်ပဲ စဉ်းစားကြမှာပဲ။ 

 

ကိုယ့်အမှတ်များမှ ကိုယ်လိုက်ချင်တဲ့ ဘာသာရပ်ကို လိုက်လို့ရမယ်။ အဲဒီတော့ ကျွန်မတို့ပညာရေး စနစ်ကို ပြောင်းတယ်ဆိုတာလည်း ကျွန်မတို့ ပြည်သူပြည်သားတွေ အရည်အချင်းဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာဘက်မှာ တိုးတက်အောင် လုပ်နိုင်ဖို့တင် မကပါဘူး။ စိတ်ပိုင်းဆိုင်ရာအရ အရည်အချင်း တက်လာအောင်လုပ်တာပါ။ အတူတူ ပူးပေါင်းဆောင်ရွက်နိုင် အောင်လို့၊ ဒါဟာ ပညာရေးလောကမှာ အားပေးနေသလို စီးပွားရေးလောကမှာ လူငယ် လုပ်ငန်းရှင်များဟာ အတူ ပူးပေါင်းဆောင်ရွက်ရေးကို အားပေးစေချင်ပါတယ်၊ မြှင့်တင်ပေးစေ ချင်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုတည်း အောင်မြင်ဖို့၊ ကိုယ့်လုပ်ငန်း တစ်ခုတည်းအောင်မြင်ဖို့ အတွက်ပဲ မစဉ်းစားဘဲနဲ့ တခြား သူတွေရဲ့ လုပ်ငန်းတွေလည်းအောင်မြင်ဖို့ စဉ်းစားပေးစေ ချင်ပါတယ်။ တစ်ယောက်ကောင်းအတွက် မဟုတ်ဘူး၊ အများကောင်းဖို့အတွက် အများအကျိုးအတွက် ဆောင်ရွက်ခြင်းအားဖြင့် ကိုယ့်အကျိုးလည်း အောင်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ကျွန်မတို့ အနေနဲ့ အထူးအားပေးစေချင်ပါတယ်၊ အဲဒီတော့ ကျွန်မတို့ ဘာပဲလုပ်လုပ် ရေရှည်ခိုင်မာဖို့ ရေရှည်တည်တံ့ခိုင်မြဲဖို့ လုပ်ဖို့ဆိုတာဟာ အဓိကပါပဲ။  ရေတိုကြည့်လို့မဖြစ်ပါဘူး။ တစ်ခဏလေး ကောင်းဖို့အတွက်မဟုတ်ပါဘူး။ ကျွန်မတို့ အခုလုပ်နေတဲ့ကိစ္စက တစ်နေ့ကောင်းဖို့ လည်းမဟုတ်ဘူး၊ တစ်လကောင်းဖို့လည်းမဟုတ်ဘူး၊ တစ်နှစ်ကောင်းဖို့လည်းမဟုတ်ဘူး၊ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲသက်တမ်းတစ်ခု ကောင်းဖို့လည်းမဟုတ်ပါဘူး။  ဒါဟာကျွန်မတို့ ထပ်တလဲလဲ ပြောရပါတယ်။ နိုင်ငံရေးလောကမှာဆိုရင် အဆိုရှိတဲ့ အတိုင်းပဲ တကယ်နိုင်ငံရေး လုပ်စားနေတဲ့သူတွေကတော့ နောက်ရွေးကောက်ပွဲ အတွက်ပဲစဉ်းစားတယ်။ ဒါပေမယ့် နိ်ုင်ငံ့အရေးလုပ်တဲ့သူတွေက နောက်မျိုးဆက်အတွက် စဉ်းစားတယ်။ အဲဒါကို ကျွန်မတို့စီးပွားရေး လုပ်ငန်းရှင်များကလည်း ဒီအတိုင်းပဲ စိတ်ထဲမှာ ထားစေချင်ပါတယ်။ 

 

ကိုယ့်အတွက်ပဲ ကိုယ်လုပ်နေတာလား၊ ကိုယ့်နိ်ုင်ငံအတွက် လုပ်နေတာလား၊ ကိုယ့်အောင်မြင်မှု တစ်ခုအတွက် ပဲလုပ်နေတာလား၊ နိုင်ငံအောင်မြင်မှုအတွက် လုပ်နေတာလား။ အဲဒါကိုစဉ်းစားကြည့်တော့ ဒါကို ခေတ်မရှိတဲ့ အတွေးအခေါ်လို့ မထင်ပါနဲ့။ ခေတ်ကိုရှေ့ပြေးတဲ့ အတွေးအခေါ်လို့ ထင်စေချင်ပါတယ်။ တခြားနိုင်ငံများအခု ရင်ဆိုင်နေရတဲ့ ပြဿနာ တော်တော်များများဟာ ဒီလိုအများအကျိုးဆိုတာ ကိုယ့်အကျိုးပဲဆိုတဲ့ စိတ်ဓာတ်မရှိတာ၊ ကိုယ့်အကျိုးဆိုတာ အများအကျိုးအတွက် ဘယ်လိုမှ ခွဲခြားလို့မရဘူးဆိုတဲ့ စိတ်ဓာတ်မရှိတာလည်း ပါပါတယ်။ 

 

နောက်ဆုံးတစ်ခု ကျွန်မပြောချင်တာကတော့ ခေတ်နဲ့အညီ ပြောင်းလဲဖို့ ကျွန်မတို့ ဟိုးရှေးရှေးကတည်းက လက်ခံခဲ့တဲ့၊ ဆုပ်ကိုင်ခဲ့တဲ့၊ စံနှုန်းထားတွေ၊ တန်ဖိုးထားမှုတွေ ကောင်းတဲ့ ဟာတွေကို လက်မလွှတ်ပါနဲ့။ ရှေးဆန်လို့၊ ပိုလို့ဟောင်းလို့ မကောင်းဘူးဆိုပြီးတော့ အဲဒီလိုမသတ်မှတ်ပါနဲ့။ ဒါကြောင့်ကျွန်မတို့ စောစောက ကလေးတွေရဲ့ ကတာကို သဘောကျတယ်ဆိုတာ ဟိုတုန်းကတည်းက ကျွန်မတို့ရဲ့ ထုံးတမ်းစဉ်လာအရ ကကြိုးတွေကို လည်းသူတို့ မမေ့ဘူး။ ဒီဟာတွေကိုလည်းဆက်ပြီးတော့ ထိန်းသိမ်းတယ်။ ထိန်းသိမ်းရင်းနဲ့ ခေတ်နဲ့အညီဖြစ်အောင်လည်း လုပ်တယ်ဆိုတာ ကျွန်မတို့နိ်ုင်ငံမှာဆိုရင် ထုံးတမ်းစဉ်လာအရ တန်ဖိုးထားခဲ့တဲ့ အလေ့အထတွေ တချို့ဟာ တကယ့်ကို တန်ဖိုးရှိတာပါ။ ဥပမာဆိုရင် ယဉ်ကျေးသိမ်မွေ့တာ၊ လူကြီးသူကြီးကိုရိုသေတာ၊ တချို့တွေက လူကြီးသူကြီးကို ရိုသေတာ ခေတ်မရှိဘူးလို့ ထင်ကြတယ်။ လူကြီးကိုဘာလို့ ရိုသေရသလဲဆိုတာ ကျွန်မကငယ်ငယ် ကတည်းကစဉ်းစားတယ်။ ဘာဖြစ်လို့ လူကြီးတွေကို ရိုသေရတာလဲ။ ကျွန်မအမြင်မှာတော့ လူတိုင်းလူတိုင်းဟာ အိုခြင်း၊နာခြင်း၊ သေခြင်းနဲ့ မကင်းတဲ့အခါကျတော့ အသက်ကြီးလာတယ်။ အသက်ကြီးလာတဲ့အမျှ ဘယ်လိုပဲပြောပြော၊ ဘယ်လောက်ပဲကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်း အင်အားတွေလျော့လာတယ်။ အင်အားတွေ လျော့လာတဲ့အခါကျတော့ အင်အားလျော့လာတဲ့ ပုဂ္ဂိုလ်တွေကို အထူးလေးစားတယ်ဆိုတာ ကောင်းတာဖြစ်ပါတယ်။ ကလေးလေးတွေကို ကျွန်မတို့ ပြုစုတယ်။ ကလေးလေးတွေအပေါ် ဂရုဏာထားတယ်။ ကလေးလေးတွေအပေါ်မှာ ကျွန်မတို့အင်မတန်မှ ဂရုတစိုက်နဲ့ သိမ်သိမ်မွေ့မွေ့ ဆက်ဆံတယ်။ အင်အားလျော့နည်းလာတဲ့ လူကြီးတွေကိုကော ဒီအတိုင်း မလုပ်သင့်ဘူးလား။ ဒီလိုစိတ်ဓာတ်နဲ့ လူကြီးသူကြီးတွေကို ရိုသေတဲ့၊ လေးစားတဲ့၊ ပြုစုစောင့်ရှောက်ချင်တဲ့ စိတ်ဓာတ်တွေကို မွေးမြူစေချင်တယ်။ ဒါကြောင့်မို့လို့ ငယ်ငယ်ကတည်းက လူကြီးသူကြီးတွေကို ရိုသေလေးစားဖို့ ဆိုပြီးသင်တာလို့ ကျွန်မကတော့ ဒီလိုပဲစိတ်ထဲမှာ နှလုံးသွင်းထားပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ လူကြီးတွေကလည်း လူငယ်တွေကို အထူးအလေးပေးပြီးတော့ ဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ 

 

လူငယ်စီးပွားရေး လုပ်ငန်းရှင်တွေကိုပဲ ပြောတယ်ဆိုပေမယ့် ဒါဟာလူကြီး စီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း အင်မတန်သက်ဆိုင်ပါတယ်။ ကျွန်မတို့လူငယ်များကို ပြုစုပျိုးထောင် ပေးဖို့တာဝန်ဟာ လူကြီးတွေမှာရှိပါတယ်။ လူငယ်များရဲ့လမ်း ပိုမိုဖြူးဖြောင့်ဖို့ လူကြီးတွေက လမ်းခင်းပေးရပါမယ်။ 

 

ကိုယ်ခင်းထားတဲ့လမ်းဟာ အခုကျွန်မတို့နိုင်ငံမှာ သိကြပါတယ်။ ဘယ်လမ်းတွေဟာ တစ်ချိန်လုံး ပေါက်နေလဲဆိုတာကို ဆိုတာ။ အစ လမ်းခင်းကတည်းက မကောင်းတဲ့ပစ္စည်းတွေနဲ့၊ မကောင်းတဲ့နည်းပညာတွေနဲ့ ခင်းထားတဲ့လမ်းတွေဟာ လွယ်လွယ်နဲ့ပျက်မယ်၊ လွယ်လွယ်နဲ့ ပေါက်မယ်။ တကယ်ကောင်းတဲ့ပစ္စည်းတွေ၊ ကောင်းတဲ့ နည်းပညာတွေနဲ့ ခင်းထားတဲ့ လမ်းတွေဆိုတာ ကိုယ့်တစ်သက်မကဘူး၊ နောင်လာမယ့် မျိုးဆက်တွေအတွက် ဆက်လက်ပြီး တည်ရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်မတို့ လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ခေတ်အတွက်တင် မဟုတ်ဘူး။ ကိုယ်အတွက်တင်မဟုတ်ဘူး။ နောင်လာ နောင်သားတွေ အတွက် စီးပွားရေးလမ်းကြီး ဖြူးဖြောင့်သွားအောင် ကျွန်မတို့နိုင်ငံရဲ့ လုံခြုံရေးတောင့်တင်း ခိုင်မာအောင် ကျွန်မတို့နိုင်ငံသူနိုင်ငံသားတို့ရဲ့ စိတ်ဓာတ်မြင့်မားလာအောင်အတွက် ကြိုးစားပြီးတော့ စီးပွားရေးဘက်ကနေပြီး လုပ်ပေးကြပါလို့ မေတ္တာရပ်ခံ ရင်းနိဂုံးချုပ်ပါတယ်။    

     

Share this on Social Media