ဖိလစ်ပိုင်တွင်ပြုလုပ်ခဲ့သည့် မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးအတွင်း လူ ၅၀ဝဝ ကျော်သေဆုံးခဲ့

မနီလာ ၁၉ ဒီဇင်ဘာ 
 
ဖိလစ်ပိုင်အစိုးရက ဆင်နွှဲခဲ့သည့် မူးယစ်ဆေးဝါး နှိမ်နင်းသည့် စစ်ဆင်ရေးများအတွင်း၌ လူပေါင်း ၅၀ဝဝ ကျော် သေဆုံးခဲ့သည်ဟု ဖိလစ်ပိုင်အာဏာပိုင်များက ပြောကြားကြောင်း အင်န်အိတ်ချ်ကေ သတင်းတွင် ဖော်ပြသည်။
 
ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ၎င်းသမ္မတ ရာထူးတာဝန် စတင်ထမ်းဆောင်သည့် ၂၀၁၆ ခုနှစ် ကတည်းကပင် တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများကို ဖယ်ရှားရှင်းလင်းရန် ရည်ရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးဆိုင်ရာ မူဝါဒကို ချမှတ်ထားခဲ့သည်။
 
ဖိလစ်ပိုင်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးနှိမ်နင်းမှုများကို ပြုလုပ်ခဲ့ရာတွင် ဖြိုခွင်းမှုများ ကြမ်းတမ်းစွာ ပြုလုပ်ခဲ့ပြီး စစ်ဆင်ရေးများအတွင်း၌ မူးယစ်ဆေးရောင်းဝယ်သူ သို့မဟုတ် ဖြန့်ဖြူးသူများအား သတ်ဖြတ်ရန် တုံ့ဆိုင်းခြင်း မရှိခဲ့ပေ။
 
ယခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ၂၉ လ ပြည့်မြောက်ခဲ့သည့် မူးယစ်ဆေးဝါးနှိမ်နင်းသည့် စစ်ဆင်ရေးကာလ အတွင်း၌ လူပေါင်း ၅၀၅၀ သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင် မူးယစ်ဆေးနှိမ်နင်းရေးအေဂျင်စီက ယနေ့ထုတ်ပြန်သည့်စာရင်းတွင် ဖော်ပြသည်။
 
မူးယစ်ဆေးနှင့်ပတ်သက်၍ လူပေါင်း ၁၆၄၀ဝဝ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အထဲတွင် အစိုးရတာဝန်ရှိသူများနှင့် ဥပဒေပြု အမတ် ၆၀ဝ ကျော်ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
 
မူးယစ်ဆေးဝါးနှိမ်နင်းမှုများတွင် ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ လူ့အခွင့်အရေးဆိုင်ရာ လျစ်လျူရှုမှုအား ပြည်တွင်းနှင့် ပြည်ပကပါ ကြမ်းတမ်းသည့် ဝေဖန်မှုများရှိသော်လည်း ဖိလစ်ပိုင်သမ္မတက မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားရန် သန္နိဋ္ဌာန်ချထားကြောင်း သိရသည်။
 
အင်န်အိတ်ချ်ကေ

Share this on Social Media