နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနားတွင် ပြောကြားသည့် အဖွင့်အမှာစကား

နေပြည်တော်  ၂၀ ဒီဇင်ဘာ
 
 
ကျွန်မကို ဆရာဒေါက်တာ ဖေမြင့်က ဒီအခမ်းအနားမှာ စကားပြောဖို့လို့ ပြောတဲ့အခါမှာ အားလုံးကို စာဖတ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မကို ဖိတ်ခေါ်ပြီး ပြောခိုင်းတယ်လို့ပဲ နားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက စာအုပ်တွေကို မြတ်နိုးတယ်၊ တက်တက်ကြွကြွ စာဖတ်တဲ့ အလေ့အထရှိတယ်။ အဲဒီအရည်အချင်းတွေ ရှိရုံနဲ့ ကျွန်မအနေနဲ့ စာဖတ်ခြင်းရဲ့ အကျိုးကို အပြည့်ပြည့်စုံစုံ ပြောနိုင်ပါ့မလားလို့ စဉ်းစားပါတယ်။
 
 
မနေ့ညနေတုန်းက ဆရာဖေမြင့်က ကျွန်မကို နိုင်ငံတစ်ဝန်းက စာရေးဆရာ၊ ဆရာမများ နဲ့အတူ ထမင်းလက်ဆုံစားပြီး ဆွေးနွေးပြောကြားဖို့ အခွင့်အရေးပေးခဲ့ပါတယ်။ ဒီ ထမင်းစားပွဲကို မတက်ခင်ကတည်းက ကျွန်မ စဉ်းစားတယ်။ စာရေးတယ်ဆိုတာ ဘာဖြစ်လို့ ရေးတာလဲ၊ ဒါနဲ့ ပတ်သက်ပြီး စာရေးဆရာ၊ ဆရာမများက ဒီအဖြေကို ပေးနိုင်မှာပဲလို့ ကျွန်မ စဉ်းစားပြီး စားပွဲဝိုင်းတစ်ဝိုင်းမှာ ထိုင်တဲ့အခါ ကျွန်မမေးပါတယ်။ စာဘာဖြစ်လို့ရေးကြတာလဲလို့။ ကျွန်မ မသွားခင် စဉ်းစားတာက အကြောင်းနှစ်ခုရှာလို့ရတယ်။ စာရေးတယ်ဆိုတာ ကိုယ့်ရဲ့ ခံစားမှုတွေနဲ့ အတွေ့အကြုံတွေကို မျှဝေချင်လို့ ဒါတစ်ခု ဖြစ်နိုင်တယ်။ ဒုတိယ တစ်ခုက ကိုယ့်ရဲ့ အတွေးအခေါ်တွေနဲ့ အမြင်တွေကို သူတစ်ပါးအပေါ်မှာ လွှမ်းမိုးစေချင်လို့၊ ကိုယ်တွေးသလို တွေးစေချင်လို့၊ သူများတွေရဲ့ အတွေးအခေါ်ကို ဩဇာလွှမ်းမိုးစေချင်လို့၊ ဒီအကြောင်း နှစ်ခုပဲ ရှိနိုင်မယ်လို့ ကျွန်မစဉ်းစားတယ်။ တခြားအကြောင်းတွေကို ခြုံငုံလိုက်ရင်လည်း ဒီနှစ်ခုကိုပြန်ပြီး ရောက်လာတာပဲ။
 
 
ဥပမာ- သာမန်စာရေးရင် မိတ်ဆွေအချင်းချင်း ကိုယ့်အတွေ့အကြုံတွေကို မျှဝေတယ်။ ဘယ်သွားခဲ့တယ်၊ ဘာလုပ်ခဲ့တယ် စသည်ဖြင့် မိတ်ဆွေ အချင်းချင်း နီးစပ်အောင်၊ အဆက် မပြတ်အောင်လို့။ တခါတလေကျရင် စာရေးတယ်ဆိုတာကလည်း ကိုယ့်အတွေးအခေါ် ကိုယ်ထင်သလို တစ်ခြားသူကို ထင်စေချင်လို့။  အကြောင်းကြောင်းကြောင့် တခြားသူကို တမျိုးတွေး စေချင်လို့၊ တစ်ခြားသူအတွေးတွေအပေါ်မှာ ဩဇာလွှမ်းမိုးချင်လို့၊ ဒီအကြောင်း နှစ်ခုပဲ အခြေခံအားဖြင့်ရှိနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။
 
 
ကျွန်မဆွေးနွေးခဲ့တဲ့ ဆရာ၊ ဆရာမတွေကလည်း အများအားဖြင့် သဘောတူတယ်လို့ နားလည်ပါတယ်။ ရေးတဲ့သူရဲ့ စေတနာက မျှဝေချင်လို့လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဩဇာ လွှမ်းမိုးချင်လို့လဲ ဖြစ်နိုင်တယ်။ ဖတ်တဲ့သူတွေဟာ ဘာကြောင့်ဖတ်ကြသလဲ ဆိုတာလည်း ကျွန်မတို့ စဉ်းစားစရာပါ။ အခုအခမ်းအနားမှာ ဆွေးနွေးနေတာကတော့ ရသစာပေလို့ ကျွန်မနားလည်ပါတယ်။ သုတစာပေကတော့ ကိုယ်လေ့လာခဲ့တဲ့ ဘာသာရပ်နဲ့ဆိုင်လို့ မဖြစ်မနေ လေ့လာရမယ့် စာအုပ်တွေကို ဖတ်ခြင်းက ရှောင်လို့မရပါဘူး။
 
 
 
 
ဒါကို ကျောင်းသူကျောင်းသားတွေသာမက လုပ်ငန်းခွင်ဝင်နေတဲ့ လူကြီးတွေလည်း မိမိတို့ရဲ့ လုပ်ငန်းခွင်မှာ ပိုမိုပြီး ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် ဆက်လက်ပြီး သုတစာပေတွေကို ဖတ်ရှုလေ့လာရတာက ထူးထူးထွေထွေ ရှင်းပြနေစရာမလိုပါဘူး။ ရသစာပေကို ကိုယ့်အလုပ်ခွင်အချိန်ပြင်ပမှာ၊ ကျောင်းခန်းပြင်ပမှာ၊ ကျောင်းခန်းထဲမှာ ဒီဟာဖတ်ရမယ်ဆိုပြီး ပြဋ္ဌာန်းထားတဲ့ စာအုပ်တွေမှအပ ဝါသနာကြောင့် ဖတ်ချင်လို့ဖတ်ရှုတဲ့ဟာကို ဘာကြောင့် ဖတ်ကြသလဲဆိုတော့ ပထမဦးဆုံးက ကျွန်မထင်တယ်၊ အလေ့အကျင့်ပါပဲ။ ဒါကတော့ ကိုယ့်မိသားစု အသိုင်းအဝိုင်း၊ ကိုယ့်ရဲ့ကျောင်း၊ ဆရာ ဆရာမ အသိုင်းအဝိုင်းနဲ့ဆိုင်ပါတယ်။
 
 
စာဖတ်ချင်အောင်၊ စာဖတ်တတ်အောင် လေ့ကျင့်ပေးတာ အဲဒါက တစ်ခု။ လေ့ကျင့် ပေးတိုင်းလည်း အတန်းတစ်တန်းထဲမှာ ဆရာမက တစ်ပုံစံထဲသင်တယ်။ မိသားစုတစ်စုထဲမှာ မိဘတွေက တစ်ပုံစံထဲ ဦးဆောင်မှုပေးတယ် ဆိုပေမယ့်လည်း သားသမီးတိုင်း၊ ကျောင်းသူ၊ ကျောင်းသားတိုင်းက တစ်ပုံစံတည်းထွက်လာတာ မဟုတ်ပါဘူး။ အားလုံးဟာ တန်းတူညီတူ စာပေ ဝါသနာပါကြတာ မဟုတ်ပါဘူး။ အများအားဖြင့် မိဘတွေ စာဖတ်တဲ့ မိသားစုမှာဆိုရင် သားသမီးတွေ စာဖတ်တာများပါတယ်။ သို့သော်ငြားလည်း သားသမီးတွေက မိဘများ စာဖတ်လို့ သားသမီးတွေ စာဖတ်ရင် စာဖတ်နှုန်းချင်း မတူဘူး။ စာအုပ်ကို မြတ်နိုးတဲ့ အတိုင်းအတာချင်း မတူဘူး။ တချို့က ထူးထူးခြားခြား မြတ်နိုးတယ်။ တချို့က ထူးထူးခြားခြား မမြတ်နိုးဘူး။ စာဖတ်နေတဲ့အခါမှာထိုင်ပြီး အတူတူဖတ်နေတဲ့ ကလေးတွေကို ကြည့်လိုက်ရင် ပုံစံချင်းက မတူဘူး။ တချို့က တကယ့်ကို ဒီစာအုပ်ထဲမှာ နစ်မြုပ်နေတယ်။ ဖတ်နေတဲ့ စာအုပ်ထဲမှာ သူ့အတွေးတွေ၊ သူ့နှလုံးသားတွေ၊ ဦးနှောက်တွေရော အားလုံးမြုပ်နှံပြီး ဖတ်နေတယ်ဆိုတာ သိသာပါတယ်။
 
 
တချို့က ဖတ်လိုက်၊ ဟိုကြည့်လိုက် ဒီကြည့်လိုက် ဘယ်တော့များ ဖတ်လို့ပြီးပါ့မလဲ။ ဖတ်ချိန်မကုန်သေးဘူးလား။ အဲဒီလိုဟာတွေလည်း မြင်ရတယ်။ ဒါကတော့ ဗီဇပဲ။  ဗီဇကိုတော့ ကျွန်မတို့ လုံးဝပြောင်းလဲလို့မရဘူး။ သို့သော်လည်း သိပ္ပံပညာရှင်တွေပြောတယ်။  DNA တောင်မှ တစ်ဘဝအတွင်းမှာ ပြောင်းသွားနိုင်တယ်တဲ့။ ကိုယ့်ရဲ့ပတ်ဝန်းကျင်ရဲ့ အနေအထားအရ၊ ကိုယ့်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုအရ ဗီဇကိုတောင် ပြောင်းလို့ရတယ်ဆိုတော့ ဒါ ဗီဇပဲ၊ ဖတ်တဲ့လူက ဖတ်တယ်၊  မဖတ်တဲ့လူက မဖတ်ဘူးဆိုပြီးတော့ အဲဒီအဖြေကတော့ မလုံ လောက်ဘူးလို့ ထင်ပါတယ်။ လေ့ကျင့်မှုလည်းရှိမယ်၊ ဗီဇလည်းရှိတယ်၊ ဗီဇကိုလည်း အတိုင်းအတာ တစ်ခုအထိ ကိုယ်ကနေပြီး ပြုပြင်ပေးလို့ရှိရင် ပြုပြင်ပေးလို့ ရပါတယ်။
 
 
ဒီတော့ စာဖတ်တဲ့ ဗီဇရှင်သန်အောင်၊ အားသန်အောင်၊ ဘာဖြစ်လို့လုပ်ဖို့ လိုသလဲဆိုတာ အဲဒါကို ကျွန်မတို့ မေးရမယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်မေးရတာပေါ့။ ကျွန်မ ဘာဖြစ်လို့ စာအုပ်တွေကို မြတ်နိုးသလဲ၊ ဘာဖြစ်လို့ စာဖတ်ဖို့ စိတ်အားထက်သန်သလဲဆိုတော့ ပြောရမယ်ဆိုရင် ကျွန်မအတွက် အကျိုးရှိတယ်လို့ ကျွန်မမြင်လို့ပဲ။ အကျိုးရှိတယ်ဆိုတာဟာ ဗဟုသုတ ရတာကလည်း တစ်ဖက်ပေါ့။ ဒါကတော့ လက်တွေ့ကျကျဆိုပါတော့။
 
 
ဒါပေမယ့် စာအုပ်တွေဖတ်တဲ့အခါကျရင် ကျွန်မ စိတ်ချမ်းသာမှုရတယ်။ ကျွန်မ စိတ်ထဲမှာ ကျေနပ်မှုရတယ်။ ကျွန်မရဲ့ကမ္ဘာကြီးဟာ ပိုပိုပြီးကျယ်သွားသလိုပဲ။ ကျွန်မရဲ့ကမ္ဘာကြီးဟာ ကျွန်မ တစ်ယောက်တည်းနဲ့ဆိုင်တဲ့ဟာ မဟုတ်တော့ဘူး။ တကယ့်ကို နေရာအရပ်ရပ်မှာရှိတဲ့ ပုဂ္ဂိုလ်များ အားလုံးနဲ့ဆိုင်တဲ့ ကမ္ဘာကြီးဖြစ်သွားတယ်လို့ ကျွန်မခံစားရတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကျွန်မ သိပ်မကြာခင်ကာလတုန်းက ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသူကျောင်းသားများနဲ့ စာဖတ်ခြင်း ကိစ္စ၊ ရသစာပေ နဲ့ပတ်သက်လို့ ဆွေးနွေးရာမှာ အဲဒီမှာအဖြစ်အပျက်လေးတစ်ခုကို ကျွန်မ စိတ်ဝင်စားတယ်။ အဲဒါက ဘာလဲဆိုတော့ တချို့ဒီဆွေးနွေးပွဲကို နားထောင်တဲ့ ပရိသတ်ထဲက တချို့ မှတ်မိချင် မှတ်မိပါလိမ့်မယ်။
 
 
လူငယ်တော်တော်များများ ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်က အမေရိကန်စာရေးဆရာ တစ်ယောက်ရေးထားတဲ့ “The Catcher in the Rye” ကို မြန်မာလို ပြန်ထားတာပါ -  လေလွင့်သူ ဆိုတဲ့စာအုပ်။ အဲဒါကို ပထမပြောတဲ့ လူငယ်သုံးယောက်လောက်က တက်တက်ကြွကြွနဲ့ ဒီဟာကို သူတို့ဖတ်ထားတဲ့အကြောင်းကိုပြောတော့ နောက်ပိုင်းမှာ လေးငါးယောက် မြောက်လို့ ထင်ပါတယ်၊ အဲဒီလူငယ်လေးက သူလုံးဝမကြိုက်ဘူးလို့ ပြောတယ်။ အဲဒီလို မကြိုက်ဘူးလို့ပြောတော့ တချို့က ဩဘာပေးတယ်။  အဲဒီတော့ ကျွန်မက နည်းနည်း ရယ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် အားလုံးက ကြိုက်ပါတယ် ပြောပြီးမှ သူတစ်ယောက်တည်းက မကြိုက်ပါဘူးလို့ ပြောတာကို သဘောကျလို့ အဲဒါကို ဩဘာပေးတာလား၊ သူတို့ကိုယ်တိုင် မကြိုက်လို့ ဒါပေမယ့် အရင်တုံးကတော့ တခြားလူတွေက ကြိုက်နေတော့ မကြိုက်ဘူးဆိုတဲ့ဘက်က မရပ်တည်ရဲလို့၊ အခုက ဒီတစ်ယောက်က ဒီလိုမကြိုက်ဘူးဆိုပြီး ပြောတာကို သဘောကျလို့ ဩဘာပေးတာလား မသိဘူး။ ဩဘာ ပေးကြတယ်။ အဲဒီတော့ မကြိုက်တာလည်း သူ့မှာ မကြိုက်ပိုင်ခွင့်ရှိပါတယ်။
 
 
ဘာဖြစ်လို့ မကြိုက်သလဲဆိုတာကို ဒီလူငယ်ရှင်းပြတာက ဘယ်လိုလဲဆိုတော့ သူသိတဲ့ဘဝနဲ့ လုံးဝမတူလို့ပေါ့။ သူတို့ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ လုံးဝမတူတဲ့ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုက အတွေ့အကြုံတွေမို့လို့ သူမကြိုက်ဘူးဆိုတော့ အဲဒါကျတော့ ကျွန်မသိပ် သဘောမတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတစ်ခုဟာ ကိုယ်နဲ့မတူတဲ့၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ မတူတဲ့ ပတ်ဝန်းကျင်တွေအကြောင်း ကိုယ်သိလာရတာ၊ ကိုယ့်လို လူတိုင်းမစဉ်းစားဘူးဆိုတာကို ကိုယ်နားလည်လာရတာ။ လောကကြီးမှာ၊ ဒီကမ္ဘာကြီးမှာဆိုရင် ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ထုံးတမ်းစဉ်လာ အမျိုးမျိုးရှိကြပါတယ်။ အဲဒီအမျိုးမျိုးတွေဟာ မတူဘူး။ မတူကွဲပြားမှုတွေဟာ  ကြိုက်တာမကြိုက်တာ တစ်မျိုးပေါ့။ ကိုယ်ကြိုက်တဲ့ဟာကို ကြိုက်မယ်၊ မကြိုက်တဲ့ဟာကို မကြိုက်ဘူး။ ဒါပေမယ့် မတူလို့၊ ကိုယ်သိတဲ့ ပတ်ဝန်းကျင်နဲ့ ကွာခြားတဲ့ ပတ်ဝန်းကျင်ကို ရောင်ပြန်ဟပ်တဲ့ စာပေမို့လို့ မနှစ်သက်ဘူးဆိုတာက ကျွန်မအနေနဲ့ လက်ခံတဲ့အမြင်တစ်ခု မဟုတ်ပါဘူး။
 
 
ကျွန်မတို့က လူငယ်တွေကို စာဖတ်စေချင်တယ်။ လူငယ်တွေကို စာဖတ်စေချင်တယ် ဆိုတာ လူငယ်တွေရဲ့ ကမ္ဘာကြီး ကျယ်ဝန်းသွားအောင်လို့ပါ။ ကျွန်မစောစောက ပြောသလို ကျွန်မအတွက် စာဖတ်ခြင်းဟာ ကျွန်မရဲ့ကမ္ဘာကြီး ကျယ်ဝန်းသွားသလိုပဲ။ ကျွန်မတစ်ဦးတည်းရဲ့ ဦးနှောက်အကြောင်းသာ ကျွန်မနားလည်တာ မဟုတ်ဘူး။ တခြားလူတွေရဲ့ ဦးနှောက်အကြောင်း။ နောက်ပြီး ကျွန်မတစ်ယောက်တည်းရဲ့ နှလုံးသားတင်မကဘူး၊  တခြားသူတွေရဲ့ နှလုံးသားအမြင်အကြောင်းကို အများကြီး ရသစာပေက နားလည်စေတယ်။ အဲဒီလို ခံစားမှုနဲ့ ကျွန်မက စာဖတ်တယ်။
 
 
စာဖတ်တဲ့အခါ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် ရသစာပေကို ဒီစာကိုဖတ်လို့ အရေးအသားကို ကြိုက်လို့ကို ဒီစာအုပ်ကို ချလို့မရတာမျိုးတွေရှိတယ်။ ရေးပုံရေးနည်း၊ သူ့ရဲ့ အတွေးအခေါ်တွေ၊ သူမြင်ရတဲ့ကိစ္စတွေ၊ သူခံစားရတဲ့ အတွေ့အကြုံတွေကို သူသရုပ်ဖော် နည်းပေါ့၊ ရေးတတ်တာ၊ ရေးပုံလှပတာ၊ အဆင့်ရှိတာ အဲဒါကြောင့်ဒီစာအုပ်ကို မချနိုင်အောင်လို့ ဖတ်ရတာမျိုးတွေလည်းရှိတယ်။
 
 
တစ်ခါတလေကျ အရေးအသား သိပ်မကောင်းပေမယ့် ဇာတ်လမ်းက အင်မတန်မှ စိတ်ဝင်စားစရာကောင်းတယ်။ ဘာဖြစ်တော့မလဲ၊ ဘာဖြစ်တော့မလဲဆိုပြီး ဥပမာ စုံထောက်ဝတ္ထုတွေဆိုရင် ကျွန်မ အလေ့အကျင့်က စောစောစီးစီးကတည်းက ဒီလူပဲဖြစ်ရမယ်လို့ သတ်မှတ်ပြီး မှန်သလားဆိုပြီး ကြည့်ချင်တာပါ။  အဲဒီဟာကို မြန်မြန်ဖတ်ပြီး ဇာတ်လမ်းကို သိချင်လို့ အဲဒါက တစ်မျိုးပါ။ တခါတလေကျတော့လည်း ဒီလို စာအုပ်တွေ ဖတ်တဲ့အခါကျရင် သိပ်စိတ်ဝင်စားစရာ ကောင်းတဲ့ ဗဟုသုတတွေရတယ်။  ရေးသားပုံကလည်း ဒီလောက်ကြီး ကောင်းချင်မှကောင်းမယ်။  ကိုယ့်အတွက် ဆွဲဆောင်မှု ဒီလောက်ရှိချင်မှရှိမယ်။ ဇာတ်လမ်းကလည်း ဒီလောက် စိတ်ဝင်စားစရာ ကောင်းချင်မှ ကောင်းမယ်။ ဒါပေမယ့် ဒီစာအုပ်ကိုဖတ်ခြင်းအားဖြင့် ကိုယ်မသိတဲ့ ကိစ္စတွေအကြောင်း၊ ဥပမာဆိုရင် ကိုယ်တစ်ခါမှ မဖတ်ဖူးတဲ့ နိုင်ငံတစ်ခုက စာရေးဆရာတွေရဲ့ စာအုပ်ဖတ်လိုက်တယ်ဆိုရင် တစ်ခါမှ ဒီဟာကိုမသိခဲ့ဘူး။ သူတို့ရဲ့ ယဉ်ကျေးမှုက ဒီလိုပါလား၊ သူတို့ နိုင်ငံရဲ့ သမိုင်းကြောင်းကဒီလိုပါလား၊ သူတို့အမြင်တွေက ဒီလိုပါလားဆိုပြီး အဲဒါ ကျတော့ သုတနဲ့ ဆက်နွယ်သွားတာပေါ့။  သုတပေးတဲ့ ရသစာပေဖြစ်လို့ ဖတ်တာလည်း ရှိပါတယ်။ အကောင်းဆုံးက သုံးခုစလုံး ပါတဲ့ဟာပါ။ အရေးအသားကောင်းလို့လည်း ဖတ်ချင်စရာကောင်းတယ်။ ဇာတ်လမ်းက ကောင်းလို့လည်းဆက်ပြီး စိတ်ဝင်စားစွာ ဖတ်လို့ကောင်းတယ်။ နောက်ပြီး သုတလည်း အများကြီးရတယ်။ နောက်ဆုံး ကိုယ့်ကမ္ဘာကြီးက သိပ်ကျယ်သွားတယ်။
 
 
မကြာခင်က ဆရာဒေါက်တာဖေမြင့်ရဲ့  အစီအစဉ်အရ ကျွန်မတို့ရဲ့ သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင်များနဲ့တွေ့တဲ့အခါ ကျွန်မက ဆရာကြီးဦးအုန်းကြိုင်ကို မေးတယ်။ သတင်း ဆိုတာ ဘာအတွက်လဲ။ ကျွန်မက ဘာအတွက်လဲဆိုတာကိုမေးတာ သိပ်ဝါသနာပါတယ်။ ငယ်ငယ်ကတည်းက တစ်ချိန်လုံး ဘာကြောင့်လဲ၊ ဘာအတွက်လဲဆိုတာ ကလေးဘဝကတည်းက လူကြီးတွေကို မေးခဲ့တာပေါ့။ ဒါက ဘာကြောင့် ဖြစ်ရတာလဲ။ ဒါကဘာဖြစ်လို့ ဒီလိုခေါ်ရတာလဲ။ ဒီဟာက ဘာကြောင့် ဒီလိုယုံကြည်ရတာလဲ စသဖြင့်ပေါ့။
 
 
ကျွန်မက ဆရာကြီး ဦးအုန်းကြိုင်ကို မေးတယ်။ သတင်းဆိုတာ ဘာအတွက်လဲမေးတယ်။ ကျွန်မတို့ ဆွေးနွေးရင်း နောက်ဆုံးခြုံငုံပြီး ဆရာကြီးပြောတာက ကျိုးရှိမှန်ကန် သူခံသာတဲ့ စကားနဲ့  သူမခံသာတဲ့စကား  ဒီအပေါ်မှာ အခြေခံပြီး သတင်းတွေဟာ ရေးသင့်မရေးသင့်၊ ထုတ်သင့် မထုတ်သင့်၊ တန်ဖိုးရှိ မရှိကို ဆုံးဖြတ်ရတယ်လို့ ဆရာကြီးက ဒီလိုပြောပါတယ်။  ကျွန်မလည်း ဒါကို သဘောတူတယ်။ သတင်းပဲ မဟုတ်ဘူး၊  စာပေဆိုတာလဲ ဒီလိုပဲ။ ကျိုးရှိ မှန်ကန် သူခံသာတဲ့စကား၊  သူမခံသာတဲ့စကားဆိုတော့ တချို့ကတော့ပြောမယ်၊ အများကြီး အငြင်းအခုန်ဖြစ်ခဲ့တဲ့ ကိစ္စပေါ့။ အနုပညာဆိုတာ အနုပညာ စိတ်ဓာတ်သက်သက်နဲ့ သင်ခန်းစာပေးဖို့လည်း မဟုတ်ဘူး၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝိုင်းကို ပိုကောင်းအောင် လုပ်ဖို့လည်း မဟုတ်ဘူး၊  ပိုပြီးဆိုးအောင်လုပ်ဖို့လည်း မဟုတ်ဘူး၊ အနုပညာစိတ် သက်သက်နဲ့ပဲဆိုပြီး တချို့က ပြောကြတယ်။
 
 
အဲဒီလိုဆိုရင် ကျိုးရှိမှန်ကန် သူခံသာတာတွေ၊ မခံသာတာတွေ ဘာမှမပါဘူးပေါ့။ ကိုယ်ရေးချင်တာ ကိုယ်ရေးလိုက်မယ်။ ကိုယ်ရေးသင့်တယ်ထင်လို့ ကိုယ်ရေးတယ်ဆိုပြီး ဒီလို အမြင်မျိုးကလည်း ရှိတယ်။ ဒါပေမယ့် အကျိုးရှိတယ်ဆိုတာက ရသ စာပေဆိုတာ မှန်ကန်တယ်ဆိုတဲ့ ကိစ္စကို အမြဲပြောလို့မရဘူး။ ဒဏ္ဍာရီတွေဆိုရင် တချို့မဖြစ်နိုင်တဲ့အကြာင်းလေးတွေ ရေးတယ်ဆိုရင် ဒါပေမယ့် လူတိုင်းက သိတာပဲ။ ဥပမာ မြင်းပျံကြီး ဆိုတာ တကယ်က ရှိတာမဟုတ်ဘူး။ ကလေးပုံပြင်ထဲမှာ မြင်းပျံကြီးကို အခြေခံပြီး ပုံဝတ္ထုဖွဲ့ ထားတယ်ဆိုရင် ကလေး တွေက သူရေးတာဖတ်ပြီး စာဖတ်ချင်တဲ့စိတ် ဖြစ်သွားတယ်ဆိုရင် ဒါက အမှားမဟုတ်ပါဘူး။ အကျိုးတော့ရှိတာပေါ့။
 
 
သူခံသာတဲ့စကားနဲ့ သူမခံသာတဲ့စကားဆိုတော့ အဲဒီအပိုင်းက အများကြီးဆွေးနွေးစရာ ဖြစ်ပါတယ်။ သတင်းဘက်ကပဲဖြစ်ဖြစ် ရသစာပေဘက်ကပဲဖြစ်ဖြစ်။ ခံသာတာ မခံသာတာကို ထည့်ပြီးတော့ တွက်ဖို့လိုသလား။ ခံသာသည်ဖြစ်စေ၊ မခံသာသည်ဖြစ်စေ ရေးသင့်ရေးထိုက်လို့ ရေးတယ်ဆိုပြီးတော့ အဲဒါက ဘယ်သူက ဆုံးဖြတ်သလဲ။ မသိဘူးပေါ့။ မိဘဆရာတွေဘက်က ကြည့်တယ်ဆိုရင် ဆုံးမစကားပေါ့။ ဆုံးမတယ်ဆိုတာလည်း တခါတလေ ဆူရတာနဲ့ သိပ်ပြီး မကွာပါဘူး။ ဆူရတယ်၊ ကြိမ်းရတယ်ဆိုရင် မခံသာပေမယ့်လည်း အကျိုးရှိလို့၊ မှန်ကန်လို့ လုပ်တယ်လို့  ဒီလိုပြောလို့ရပါတယ်။
 
 
ရသစာပေနဲ့ ပတ်သက်လို့တော့ အဲဒီအပိုင်းကို ကျွန်မမဆွေးနွေးချင်ဘူး။  လူတိုင်း လူတိုင်း တစ်ယောက်အမြင်နဲ့ တစ်ယောက်မတူဘူး။ အကျိုးရှိသလား၊ မရှိသလားပေါ့။  ကျွန်မက ဒီမှာလာပြီးတော့ စာဖတ်ပါလို့ ဆော်ဩခြင်းဟာ အကျိုးရှိသလားဆိုတာ ကျွန်မအနေနဲ့ သုံးသပ်ဖို့တော့ တာဝန်ရှိတယ်။ ပြီးတော့ တချို့ကပြောတယ်၊ စာအုပ်ကောင်းတွေဖတ်မှ အကျိုးရှိတာ၊ မကောင်းတဲ့ စာအုပ်တွေဖတ်ရင် အကျိုးရှိတာမဟုတ်ဘူး ဆိုပြီးပြောမယ်။ ကောင်း၊ မကောင်းသိဖို့ ဆိုတာလည်း ဖတ်မှသိတာပါ။ စာများများဖတ်မှ ဘယ်စာအုပ်တွေက ကောင်းတယ်။ ဘယ်စာအုပ်တွေက မကောင်းဘူး။ ဘယ်စာအုပ်တွေက တန်ဖိုးရှိတယ်။ ဘယ်စာအုပ်တွေက တန်ဖိုးမရှိဘူးဆိုတာ များများဖတ်မှသိမှာပါ။ များများ မဖတ်ဘဲနဲ့ မသိဘူး။ နောက်ပြီး လေ့လာရပါမယ်။
 
 
စာအုပ်တွေ လေ့လာပြီး စာအုပ်တွေနဲ့ ပတ်သက်လို့ သုံးသပ်ချက်၊ ဝေဖန်ချက်တွေကို စာရေးဆရာကြီးများ ရေးကြတယ်။ အဲဒီဝေဖန်ချက်၊ သုံးသပ်ချက်တွေကို ဖတ်ပြီးတော့  ဒီစာအုပ် ကို ဖတ်ချင်တဲ့စိတ်၊ မဖတ်ချင်တဲ့စိတ်တွေ ဖြစ်ကြတယ်။ ဒီမှာလည်း တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းမတူကြဘူး။ စာအုပ်တွေဝေဖန်တဲ့အခါမှာ တစ်ယောက်က သိပ်ကောင်းပါတယ်လို့ ပြောပြီး နောက်တစ်ယောက်က လုံးဝမကောင်းပါဘူးလို့ ပြောရင်လည်း ပြောတာပဲ။ နောက်ဆုံး ကျတော့ ကိုယ့်ဘာသာကိုယ် ဝေဖန်တတ်အောင်၊  ဆုံးဖြတ်တတ်အောင် ကိုယ်ဖတ်မှပဲ ရမှာပါ။ ဒါကြောင့် စာအုပ်ဖတ်ခြင်းဟာ တန်ဖိုးဘယ်လောက်ရှိသလဲ၊ မရှိသလဲဆိုတာကို ကျွန်မ ပြောလို့လည်း မရဘူး။ ကိုယ်ကိုယ်တိုင် သင်ယူရမှာပါပဲ။
 
 
ကျွန်မကတော့ ကျွန်မအတွက် တန်ဖိုးရှိတယ်လို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စောစောကပြောသလို ကမ္ဘာကြီးက ကျယ်သွားတယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ ကိုယ့်ရဲ့ အတွင်းအင်အားကို ခိုင်မာလာအောင်၊ တိုးတက်လာအောင် စာဖတ်ခြင်းဟာ အများကြီး အထောက်အကူဖြစ်ပါတယ်။
 
 
ကျွန်မတို့ အခုခေတ်မှာဆိုရင် မူးယစ်ဆေးဝါး မသုံးစွဲဖို့ လူငယ်တွေကို  အမြဲပဲ တိုက်တွန်းတယ်။ ကိုယ့်ဘဝကိုပျက်မယ် စသဖြင့်ပေါ့။ ဒါပေမယ့် မူးယစ်ဆေးဝါးပဲဖြစ်ဖြစ်၊ အရက်သေစာပဲဖြစ်ဖြစ်၊ ဆေးလိပ်သောက်တာပဲဖြစ်ဖြစ်၊ ကွမ်းဝါးတာပဲဖြစ်ဖြစ် အဲဒီအလေ့အကျင့်တွေကို ကျွန်မ မကြိုက်တဲ့ အကြောင်းအရင်းတစ်ခုက ဘာလဲဆိုတော့ ပြင်ပအရာတွေကို အားကိုးပြီး ကိုယ့်စိတ်ရဲ့ အင်အားကိုရှာတာ ဒီလို ကျွန်မမြင်တယ်။ အရက်ကို အားကိုးတယ်ဆိုရင် အားလုံးသိတဲ့အတိုင်းပဲ အရက်ကြိုက်တဲ့သူက အရက်ကို စိတ်ချမ်းသာလို့ သောက်တာရှိတယ်။ စိတ်ဆင်းရဲလို့ သောက်တာလည်း ရှိတယ်။ မိဘနဲ့ ရန်ဖြစ်လို့ သောက်တာလည်းရှိတယ်။ တစ်ခါတစ်လေ စာမေးပွဲအောင်လို့ ပျော်လို့သောက်တာတွေရှိတယ်။ အမျိုးမျိုးပဲ။  သောက်ချင်တော့သောက်ရမယ့် အကြောင်းအရာတွေက အများကြီးပါပဲ။ ဆေးလိပ်သောက်တယ်ဆိုရင်လည်း ဒါပြင်ပအရာတစ်ခုကို အားကိုးသွားတယ်။ ဆေးလိပ်မသောက်ရရင် မနေနိုင်ဘူး။
 
 
ကျွန်မတို့ နိုင်ငံရေးလှုပ်ရှားခဲ့ရတဲ့ အချိန်ကာလမှာဆိုရင် ကျွန်မတို့ ရဲဘော်ရဲဘက်တွေ တော်တော်များများဟာ အကျဉ်းကျတဲ့ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီအကျဉ်းကျတဲ့ အခါမှာ ကွမ်းမစားရလို့၊ ဆေးလိပ်မသောက်ရလို့ စိတ်ဒုက္ခရောက်ရတဲ့သူတွေက အများကြီး၊ အဲဒီတော့ ကျွန်မက ကိုယ့်စိတ်ဒုက္ခကို ရှာခဲ့တာပဲလို့။ ဘာလို့အစတုန်းက စသောက်ခဲ့လဲ။ ကျန်းမာရေး အတွက်လည်း မကောင်းဘူး။ ပိုက်ဆံလည်းကုန်တယ်။ ကျွန်မပြောတယ်။ ဆေးလိပ်သောက်မယ့်အစား ဒီဆေးလိပ်ဖိုး ပိုက်ဆံတွေကို မီးရှို့လိုက်ပါလား။ ဘာလို့လဲဆို အတူတူပဲ။ ဒါပေမယ့် ကျန်းမာရေးကို မထိခိုက်ဘူး။ ဆေးလိပ်အတွက် ဒီပိုက်ဆံနဲ့ ဆေးလိပ်ဝယ်တယ်။ ပြီးတော့ ဆေးလိပ်သောက်တယ်ဆိုရင် ဒီပိုက်ဆံကို မီးရှို့တာနဲ့ အတူတူပဲ။ ဒါထက်ပိုဆိုးတာက ကိုယ့်ကျန်းမာရေးလည်း ထိခိုက်တယ်။ ကိုယ့်ပတ်ဝန်းကျင်က သူတွေရဲ့ ကျန်းမာရေးလည်း ထိခိုက်တယ်။ အဲဒီဟာတွေကို ကျွန်မ မကြိုက်တာပါ။ ပြင်ပကမလိုအပ်တဲ့ အရာတွေကို ကိုယ့်ကိုယ်ကိုယ် အားကိုးအောင် ကိုယ်လုပ်ယူတာ။ သူများကလုပ်ယူလို့လည်း မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် ဒီဟာကို စွဲသွားအောင်လုပ်တယ်။ ကိုယ့်ဟာကိုယ်ကို ဒီစွဲသွားခြင်းကြောင့် စိတ်ဒုက္ခရောက်အောင်လုပ်တယ်။ ဒါမသောက်ရရင်၊ ဒါမစားရရင် မနေနိုင်ဘူးဆိုတဲ့ အခြေအနေ ဖြစ်အောင်လုပ်တယ်။
 
 
စာအုပ်ကျတော့ စာအုပ်သိပ်စွဲသွားတဲ့သူတွေက မှန်ပါတယ်၊ စာအုပ်ဖတ်ချင်တယ်။ စာအုပ်မရှိတဲ့အခါကျရင် စာအုပ်ကို တမ်းတတယ်။ ဒါပေမယ့် အဲဒါကဘာလဲဆိုတော့ စာအုပ်မြတ်နိုးသူတွေက စာအုပ် မရှိတဲ့အခါကျရင် အရင်ကိုယ်ဖတ်ခဲ့တဲ့ စာအုပ်တွေအကြောင်း ပြန်စဉ်းစားပြီးတော့ အားပြန်ယူလို့ရတယ်။ ဆေးလိပ်သောက်ခဲ့တဲ့သူဟာ အရင်တုန်းကသောက် ခဲ့တဲ့ ဆေးလိပ်ထောင်ပေါင်းများစွာကို စဉ်းစားပြီး တင်းတိမ်မှာမဟုတ်ဘူး။ ဒီဆေးလိပ်လေး အခုချက်ချင်းလက်ငင်း ဆေးလိတ်တစ်လိတ်သောက်လိုက်ရမှ သူ့စိတ်ထဲမှာ ကျေနပ်သွားမှာ။ ဒါပေမယ့် စာအုပ်ဖတ်တဲ့သူတွေ၊ စာအုပ်တွေ အများကြီး ဖတ်ထားပြီး စာအုပ်မြတ်နိုးသူတွေက အချိန်မရွေး ကိုယ့်မှာ အဖော်ရှိနေတယ်။ ဟိုးအရင်တုန်းက ဖတ်ခဲ့တဲ့စာအုပ်ပေါင်းမြောက် များစွာဟာ ကိုယ်တစ်ယောက်တည်းရှိတဲ့အချိန်မှာ ကိုယ့်ရဲ့များစွာသော အဖော်တွေပဲ။ ရိုးရိုးအဖော်တွေတောင် မဟုတ်ဘူး။ ကိုယ့်ကိုအားပေးမယ့် အဖော်တွေ၊ အဲဒီစာအုပ်တွေထဲမှာ ဖတ်ခဲ့ရတဲ့၊ သိခဲ့ရတဲ့ အတွေးအခေါ်တွေနဲ့ ဘဝကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို အမျိုးမျိုး ကိုယ့်အတွက် အကြံဉာဏ်တွေရတယ်။ ကိုယ့်ကိုယ်ကိုယ်ဘေးကနေပြီးတော့ ဒီလိုလုပ်ရင်၊ ဒီလိုဖြစ်နိုင်တယ်လို့ ပြောနေတဲ့မိတ်ဆွေတွေလိုပဲ။ ဒါကြောင့် စာအုပ်ဖတ်ပါ။ စာဖတ်ပါဆိုတာ ကျွန်မကတော့ နံပါတ် တစ်က ကိုယ့်အတွက် အကျိုးအများကြီးရှိတယ်။ ဗဟုသုတရတယ် ဆိုတာက သက်သက်ပေါ့။ အဲဒါအပြင် ကိုယ့်ရဲ့စိတ်ဓာတ်ကို ခိုင်ခိုင်မာမာနဲ့ ကိုယ့်ကိုယ်ကို အားကိုးနိုင်စွမ်းကို စာများများ ဖတ်ခြင်း၊ သင့်တော်တဲ့စာပေတွေပေါ့။ ဒါပေမယ့် စောစောက ပြောသလို သင့်တော်တာ မသင့်တော်တာ စာများများဖတ်မှပဲ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်နိုင်မှာပါ။
 
 
 
 
ဒီဆုံးဖြတ်နိုင်တဲ့ အခြေအနေ မရောက်ခင် ကလေးသူငယ်တွေကျတော့ မိဘဆရာများက ကူညီပေးရမယ်။  ဖတ်သင့်တဲ့ စာအုပ်တွေကို ငယ်ငယ်ကတည်းကနေ စာအုပ်ကောင်းတွေ ဖတ်အောင် အလေ့အကျင့်လုပ်ပေးရင် ကြီးလာတဲ့အခါကျတော့ ကိုယ့်ဘာသာကိုယ် ရွေးတတ်လာမယ်။ ဒီစာအုပ်တွေက အကျိုးရှိတယ်။ ဒီစာအုပ်တွေက အကျိုးမရှိဘူး။ နောက် ဘယ်စာအုပ်တွေ၊ ဘယ်စာရေးဆရာရေးတဲ့ စာအုပ်တွေဆိုရင် အနှစ်သာရပိုပြီးရှိတယ်။ ဘယ်စာရေး ဆရာ၊ ဆရာမတွေကျတော့ သူတို့စာအုပ်တွေက ယှဉ်ကြည့်ရင်အနှစ်သာရ နည်းတယ်ဆိုတာ ပထမပိုင်းမှာ လူကြီးတွေရဲ့ သွန်သင်ဆုံးမမှုအရ ဒီအတွေးတွေက ဝင်လာတာပဲ။
 
 
နောက်ကျတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်နိုင်တဲ့ အခြေအနေ ရောက်လာတယ်။ အဲဒီ အခြေအနေရောက်လာတဲ့အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း အမြင်ချင်းတူချင်မှ တူမှာ။ အမြင်ချင်းမတူတာကိုက စာအုပ်များရဲ့ ကွာခြားမှုရဲ့ အကျိုးဆက်တစ်ခုကိုက ကျွန်မတို့အတွက် အများကြီးတန်ဖိုးရှိပါတယ်။ မတူတဲ့အမြင်တွေ။ ဒီစာအုပ် တစ်အုပ်ဖတ်လိုက်ခြင်း အားဖြင့် ကိုယ့်အမြင်တွေ ဘယ်လောက်ပြောင်းသွားသလဲ။ စာအုပ်ဖတ်တယ်ဆိုတာ တချို့ကနေ ဇာတ်လမ်းကိုပဲဖတ်ပြီး တခြားဘာမှသိပ်မစဉ်းစားတော့ဘူး။ ဒါပေမယ့် စာအုပ်တွေရဲ့ အဓိက အနှစ်သာရက အတွေးအခေါ်ပဲ။ အရေးအသားကောင်းမွန်တာလည်း အရေးကြီးပါတယ်။ ဒါပေမယ့် အတွေးအခေါ်က အမြဲပဲ ကိုယ်နဲ့ ရှိနေတာပေါ့။ ကိုယ့်ရဲ့ဘဝအပေါ်မှာ အများကြီး ဩဇာလွှမ်းမိုးနိုင်တယ်။ တချို့စာရေးဆရာ တွေလည်း ဒါကိုပဲဦးတည်တာပဲ။ ကျွန်မ ခုနက ပြောသလိုပဲ စာရေးတာ ဘာဖြစ်လို့ရေးသလဲ။ မျှဝေချင်လို့ရေးတယ်။ တချို့ကျလည်း တခြားသူတွေကို ဒီလိုဒီလို တွေးစေချင်တယ်ဆိုတဲ့ ဩဇာလွှမ်းမိုးချင်တဲ့စိတ်နဲ့ ရေးတာတွေလည်း ရှိပါတယ်။ ဒါကတော့ သုတစာပေမှာလည်းရှိတယ်။ ရသစာပေမှာလည်း ရှိတယ်။ အခုကျွန်မတို့ ပြောနေတာကတော့ ရသစာပေအကြောင်းပါ။
 
 
နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ကလေးများ ငယ်ငယ်ကတည်းကနေစပြီး စာဖတ်ဖို့ အတွက် မိဘတွေက အားပေးကြပါ။ နောက်ပြီးတော့ ဖတ်တဲ့စာတွေကို ဆွေးနွေးတဲ့ အလေ့ အကျင့်လည်း လုပ်ပေးပါ။ ကျွန်မတို့ စာဖတ်ဝိုင်းလုပ်တယ်ဆိုတာ ဒါပါပဲ။ ကိုယ်ဖတ်ထားတဲ့စာကို ကိုယ်သုံးသပ်နိုင်အောင်လို့၊ ဆွေးနွေးတတ်အောင်လို့ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း မတူတာကို ယဉ်ယဉ်ကျေးကျေးနဲ့ ဆွေးနွေးနိုင်အောင်လို့ ဖြစ်ပါတယ်။
 
 
ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ စိတ်ဓာတ်မဟုတ်ဘူး။ ငယ်ငယ်ကတည်းက စာအုပ်တစ်အုပ် ဖတ်လိုက်တဲ့အခါကျရင် ကလေးငါးယောက်က စာအုပ် တစ်အုပ်ဖတ်တယ်။ သူတို့အတွေးက ငါး မျိုးထွက်လာတယ်။ အဲဒီကတည်းက ဪ- တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ မတူပေမယ့်လည်း ဟိုလူက မှားတယ်၊ ငါ့လူက မှန်တယ်။ ဟိုလူက သာတယ်။ ငါက ညံ့တယ်။ ဒီလို ဟာမျိုးလည်း မဟုတ်ဘူး။ သူ့အတွေးနဲ့သူ့အတွေး အားလုံးပေါင်းလိုက်တဲ့အခါကျရင်ပိုပြီး အတွေး ပေါင်းစုံသွားလို့ ပိုပြီးပြည့်စုံတယ်ဆိုတဲ့ စိတ်ဓာတ်တွေကိုလည်း ဖြစ်စေလို့ စာဖတ်ဝိုင်း တွေကို ကျွန်မတို့ အားပေးတာဖြစ်ပါတယ်။
 
 
ဒါကြောင့်လည်း စာကြည့်တိုက်တွေကို အားပေးတာဖြစ်ပါတယ်။ ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းကနေပြီး ရွေ့လျားစာကြည့်တိုက်စပြီး လုပ်တယ်ဆိုတာလည်း ဒီရည်ရွယ်ချက်နဲ့ပါ။ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားများဟာ စာမဖတ်ချင်လို့ မဟုတ်ဘူး။ စာမဖတ်နိုင်လို့၊ စာအုပ်မရှိလို့၊ ဖတ်နိုင်တဲ့အခွင့်အရေးမရှိလို့ မဖတ်တာများတယ်လို့ ကျွန်မက အဲဒီယုံကြည်ချက်နဲ့ ရွေ့လျားစာကြည့်တိုက်တွေကို စလုပ်တာပါ။ တချို့က သိပ်ပြီးတော့ သဘောမတူဘူး။ ဒါပေမယ့် အင်မတန်မှ ထိရောက်ပါတယ်။
 
 
ဘယ်လိုစာကြည့်တိုက်ပဲဖြစ်ဖြစ် ကျွန်မတို့စပြီး ထူထောင်ရင် တလေးတစားလုပ်ဖို့ လိုပါ တယ်။ ဥပမာ- ကျွန်မ ခဏခဏ ပြောပါတယ်။ တချို့မြို့နယ်တွေမှာ စာကြည့်တိုက်၊  မြို့ထဲက စာကြည့်တိုက်တွေ သွားကြည့်လိုက်ရင် ဘယ်သူမှမလိုချင်တဲ့ စာအုပ်အဟောင်းကြီးတွေ၊ မဂ္ဂဇင်း အစုတ်ကြီးတွေ၊ တခါတလေ ဟိုကျောင်းစာအုပ်အနွမ်းကြီးတွေ အိမ်မှာ မထားချင်လို့၊ နေရာယူတယ်ဆိုပြီး ပေးထားတဲ့ဟာတွေ ဘယ်သူက ဖတ်ချင်မှာလဲ။ စာဖတ်ချင်တဲ့စိတ်ဖြစ်အောင် ဒီလိုဟာ မျိုးတွေက မလှုံ့ဆော်ဘူး။
 
 
ကျွန်မတို့ ရွေ့လျားစာကြည့်တိုက်မှာဆိုရင် အထူးသဖြင့် ကလေးတွေဖတ်ချင်တဲ့ စာအုပ်မျိုးကို ကျွန်မတို့ အများကြီးထည့်ပါတယ်။ ရုပ်ပုံလေးတွေ အများကြီးနဲ့ အရောင်တွေက လှလှပပ တောက်တောက်ပပ ဖတ်ချင်အောင် ဒီစာအုပ်လေးတွေ ဖွင့်ကြည့်ချင်အောင်လို့၊ အဖုံးကို ကြည့်တာနဲ့ ဒီစာအုပ်ကိုဖွင့်ပြီး ဒီစာအုပ်လေးကို စမ်းကြည့်ချင်အောင်၊ မြည်းကြည့်ချင်အောင်လို့ အဲဒီပုံစံနဲ့ ကျွန်မတို့လုပ်ပါတယ်။
 
 
ငယ်ငယ်ကတည်းက စာအုပ်တွေကို ချစ်မြတ်နိုးတဲ့စိတ်တွေ သန္ဓေတည်သွားရင် တစ်သက်လုံး စာဖတ်ခြင်းဟာ ကိုယ့်အတွက် အကျိုးပြုနိုင်သလို ကိုယ့်ပတ်ဝန်းကျင်အတွက် အကျိုးဖြစ်အောင်လည်း သုံးတတ်သွားကြမှာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ပြောချင်တာက ဝါသနာအရ စာဖတ်ပါ၊ စာဖတ်ခြင်းဆိုတာ ဆေးလိပ်သောက်တာထက် အများကြီးပိုကောင်းပါတယ်။ နောက်ပြီး ဆေးလိတ်က တစ်ခါသောက်ပြီးရင် မီးရှို့ပစ်လိုက်ရော စာအုပ်တစ်အုပ်က ဝယ်ထားပြီးရင် တစ်သက်ထားချင်ရင်လည်း တစ်သက်ထားလို့ရတယ်။ ဒါကို ကောင်းကောင်းမွန်မွန် ထားရင်ပေါ့။ ဆေးလိပ်တို့၊ အရက်တို့အပေါ်မှာ ပိုက်ဆံကုန်ခံမယ့် အစား စာအုပ်ကောင်းတွေ ဝယ်ပါ။ ဒါမှမဟုတ် တခြားသူတွေအတွက် ဝယ်ပြီးလှူပေးပါ။ ကိုယ်ကိုယ်တိုင် မဖတ်ချင်ရင်တောင်မှ ကိုယ်ကိုယ်တိုင်ဖတ်ဖို့ အချိန်မရှိဘူးဘဲဆိုဆို၊ တခြားအကြောင်းကြောင်းကြောင့် မဖတ်ချင်ဘူးဆိုရင်တောင်မှ စာကြည့်တိုက်တွေ၊ ကျောင်းစာကြည့်တိုက်တွေ၊ မြို့နယ် စာကြည့် တိုက်တွေကိုလှူပါ။ စာအုပ်ကောင်းတွေကို လှူပါ။ မဖတ်ချင်တဲ့စာအုပ်၊ ကိုယ်မလိုချင်တဲ့ စာအုပ် တွေ၊ အိမ်ရှင်းတဲ့ အနေနဲ့ပေးချင်တဲ့ စိတ်ဓာတ်နဲ့ လှူတာကသိပ်ပြီးသန့်တဲ့ အလှူမဟုတ်ဘူးလို့ ကျွန်မကတော့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ လူငယ်တွေ စာအုပ်ချစ်မြတ်နိုးအောင်လို့၊ စာဖတ်တတ်အောင်၊ စာဖတ်တဲ့ဝါသနာရှင်သန်အောင် အားလုံးဝိုင်းဝန်းပြီး ကူညီပေးကြပါလို့ ကျွန်မအနေနဲ့ ဆော်ဩရင်း၊ မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ်ပါတယ်။
 
 

Share this on Social Media