ကျောင်းပြင်ပရောက် ကလေးများအား သတင်းအချက်အလက် နည်းပညာ ICT ဘာသာရပ် ကွန်ပျူတာ အသုံးပြုနည်းများ သင်ကြားပို့ချ

ရန်ကုန် ၂၂ ဒီဇင်ဘာ 
 
 
မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန၏ ပေါင်းစပ်စုစည်းမှုဖြင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်ဖြင့် ကျောင်းပြင်ပရောက် အလယ်တန်းပညာ သင်ယူနေသည့် ကလေးများအား သတင်းအချက်အလက် နည်းပညာ ICT ကွန်ပျူတာ အသုံးပြုနည်း သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ် အချို့တို့တွင် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ဦးဆောင်ကြီးကြပ်ပို့ချသည့် နည်းပြ ဆရာ၊ ဆရာမများ၊ တက္ကသိုလ် ကင်းထောက်လူငယ်များ ပါဝင်ကူညီမှုဖြင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။ 
 
 
 
 
ယင်း ကွန်ပျူတာသင်တန်းများကို လွန်ခဲ့သည့်အပတ်က ရန်ကုန်တိုင်ဒေသကြီး လှိုင်သာယာမြို့နယ်၊ အမှတ်(၇)အခြေခံပညာ အလယ်တန်းကျောင်း အခြေစိုက်စခန်း၊ ဒလမြို့နယ်၊ အမှတ်(၃)နှင့် အမှတ်(၁၇) အခြေခံပညာ မူလတန်းကျောင်း အခြေစိုက်စခန်းများနှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ အခြေစိုက်စခန်းများတွင် သင်ကြားပေးခဲ့ပြီး ကလေးသုံးဦးလျှင် ကွန်ပျူတာ တက်ဘလက် တစ်လုံးနှုန်းဖြင့် သင်ကြားပို့ချလျက်ရှိသည်။ 
 
 
ထို့ပြင် ရွှေ့ပြောင်းလုပ်သားများ၏ ကလေးများအတွက် မဲဆောက်မြို့တို့တွင် သတင်းအချက်အလက် နည်းပညာ ICT ဘာသာရပ် ကွန်ပျူတာ အသုံးပြု သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
 
 
ယင်းကွန်ပျူတာ သင်ကြားရေး အစီအစဉ်အရ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ဒေါက်တာမျိုးနိုင်မှ လွယ်ကူစွာ အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်ရန် လက်ကိုင်ဖုန်းများကို သင်ယူနေသည့် ကလေးများအား လှူဒါန်းခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများအား မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနမှ ဒေါက်တာတင်ညိုက ကွန်ပျူတာ တက်ဘလက်များ ပေးအပ်ခဲ့သည်။ 
 
 
 
 
ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်ကို ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာန၊ ယူနီဆက်၊ ယူနက်စကိုနှင့် မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာနတို့ ပူးပေါင်းကာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ ရှေ့ပြေးစမ်းသပ်မှု သုံးနှစ်တာ ကာလကို ကာလအပိုင်းအခြားဖြင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ အဆိုပါ ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်တွင် စာပေဘာသာရပ်များအပြင် အခြေခံသက်မွေး၊ ဘဝအရည်အသွေး တိုးတက်မှုနှင့် လူမှုပတ်ဝန်းကျင်နှင့် ရပ်ရွာဖွံ့ဖြိုးမှု ဘာသာရင်များကိုပါ ထည့်သွင်း သင်ကြားပေးလျက်ရှိရာ ယခု ၂၀၁၈-၂၀၁၉ ပညာသင် ကာလ၊ နောက်ဆုံး ကာလပိုင်းတွင်  အခြေခံ သက်မွေးဘာသာမှ သတင်းအချက်အလက်နှင့် နည်းပညာ ICT  ဘာသာရပ်ကို စတင်သင်ကြားပေးခြင်း ဖြစ်ကြောင်းနှင့် ယခုလုပ်ငန်းအတွက် သက်ဆိုင်ရာ အလှူရှင်များထံမှ ပံ့ပိုးမှုများ ရရှိနိုင်ရန် မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနက ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 
 
 
မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန

Share this on Social Media