တီးတိန်ဒေသထွက် သဘာဝအရသာရှိ ရွှေဖီ-ရွက်သစ် လက်ဖက်ခြောက်များ ကလေးမြို့ ဈေးကွက်သို့ ပိဿာချိန် ထောင်ချီတင်ပို့

တီးတိန် ၂၆ ဒီဇင်ဘာ   

 

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးသည့် လက်ဖက်ခင်းများမှ သဘာဝ အရသာရှိ လက်ဖက်ခြောက်များ နိုဝင်ဘာ လဆန်းပိုင်းမှ စတင်၍ လှိုင်လှိုင်ထွက် ရှိနေပြီး ကလေးမြို့ဈေးကွက်သို့ ရွှေဖီ-ရွက်သစ် လက်ဖက်ခြောက် ပိဿာချိန် ထောင်ချီ တင်ပို့ရောင်းချ နေပြီဖြစ်ကြောင်း ကလေးမြို့ သဇင်ရပ်ကွက်နေ ချင်းတောင် လက်ဖက်ခြောက် ရောင်းဝယ်ရေး လုပ်ငန်းမှ သိရသည်။

 

 

ချင်းတောင် လက်ဖက်ခြောက်ကို တီးတိန်မြိုနယ် မွာလ်ဇန်၊ ထန်စန်၊ တွီးဗျားလ်၊ ဒေါလ်လွင်၊ ဆွောင်းဒေါ့ ကျေးရွာများတွင် လက်ဖက်ပင် စိုက်ပျိုးမှု များပြားပြီး နှစ်စဉ် ကလေးဒေသသို့ လက်ဖက်ခြောက် ပိဿာချိန်ထောင်ချီ တင်ပို့ရောင်းချမှုရှိရာ ယခုရက်ပိုင်း ချင်းတောင်ထွက် ရွှေဖီ-ရွက်သစ်လက်ဖက်ခြောက် တစ်ပိဿာလျှင် ၅၅၀၀ ကျပ်၊ လက်ဖက် အဖန်လှော်ခြောက် ကျပ် ၁၀၀၀၀ ၊ လက်ဖက်အချို ကျပ် ၆၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

 

 

“တီးတိန်မြို့နယ်ထဲမှာ အရင်က လက်ဖက်စိုက်ခင်း ဧကသောင်းချီ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခက်အခဲ အမျိုးမျိုးတွေကြောင့် အခုတော့ ဧကထောင်ချီလောက်ပဲ ရှိပါ တော့တယ်။ ဖလမ်း၊ ဟားခါး၊ မင်းတပ်ဒေသ တွေမှာလည်း လက်ဖက်စိုက်ပျိုး ထုတ်လုပ် မှု ရှိတော့ရှိတယ်။ လက်ဖက်စိုက်ခင်းတွေ ရှိပေမယ့်လည်း ဈေးကွက်တင်ပို့ ရောင်းချနိုင်တဲ့ အနေအထား မရှိပါဘူး။ တီးတိန်နယ်လောက်တော့ မများဘူး။ နှစ်တိုင်းလည်း လက်အကြမ်းခြောက် ထွက်ရှိပါတယ်။ လက်ဖက်အချိုခြောက် လုပ်ငန်းနဲ့ လက်ဖက်စို လုပ်ငန်းကတော့ နည်းပညာ လိုအပ်ချက်အရ ထုတ်လုပ်ရောင်းချနိုင်မှု နည်းပါးပါသေးတယ်။ လက်ဖက်ကို မတ်လ ၁၀ ရက်နေ့နဲ့ ဧပြီလ ၁၀ ရက်အတွင်း ခူးရင် အကောင်းဆုံး ဖြစ်ပါတယ်” ဟု ဆွောင်းဒေါ့ကျေးရွာ လက်ဖက်စိုက်ခင်း ပိုင်ရှင် ဦးကျင်ဇာပုမ်းက ပြောသည်။

 

 

ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင် ယခင်ဘိုးဘွား စဉ်ဆက်ကတည်းကပင် လက်ဖက်စိုက်ပျိုးရေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြရာ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်ကာလက လက်ဖက်စိုက်ဧက သောင်းချီဖြစ်လာစေရန် ချင်းပြည်နယ်ကို လက်ဖက်ပြည်နယ်ဟု စီမံကိန်းတစ်ရပ်အဖြစ် တွန်းအားပေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ လက်ဖက်ခြံပြုပြင်ရေးနှင့် ထွက်ရှိလာသည့် လက်ဖက်များ ရောင်းချရေး အခက်အခဲများ၊ ငွေပင်ငွေရင်း လိုအပ်ချက်များနှင့် ဈေးကွက် လိုအပ်ချက်များကြောင့် လက်ဖက်စိုက် တောင်သူတို့မှာ အခက်အခဲ မျိုးစုံကြုံတွေ့ခဲ့ပြီး တီးတိန်မြို့နယ်၌သာ လက်ဖက်ခြောက် အများဆုံး အောင်မြင်ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။

 

နေစု(ချင်းရိုးမ)

 

 

 

 

Share this on Social Media