အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဇွဲကပင်အသင်း ပထမဆုံးနိုင်ပွဲရရှိ

၂၆ ဒီဇင်ဘာ

 

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၄) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ပဒုမ္မာကွင်း၌ ကျင်းပရာ ဇွဲကပင်အသင်းက တက္ကသိုလ်အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရပြီး ပထမဆုံး နိုင်ပွဲရရှိခဲ့သည်။

 

ဇယားအောက်ဆုံးမှ နှစ်သင်းထိပ်တိုက် တွေ့ဆုံခြင်းဖြစ်ပြီး ပထမဆုံးနိုင်ပွဲအတွက် နှစ်သင်းစလုံး ကြိုးစားခဲ့ကာ ဇွဲကပင်အသင်းက ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

 

ဇွဲကပင်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး တက္ကသိုလ်အသင်း ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ ၄ မိနစ်တွင် ဇွဲကပင်အသင်း ဂိုးစတင်ရရှိခဲ့ပြီး နန်းဟွမ်လှိုင်က သွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ဇွဲကပင်အသင်း ကစားပုံ ပိုကောင်းလာပြီး ၃၀၊ ၃၈ မိနစ်တွင် စန်းသော်သော်၊ ၄၄ မိနစ်တွင် နန်းဟွမ်လှိုင်၊ ၅၄ မိနစ်တွင် ဝင်းဝင်းတို့က ဂိုးများ ထပ်မံသွင်းယူခဲ့သည်။

 

တက္ကသိုလ်အသင်းအတွက် ချေပဂိုးများကို ၃၇ မိနစ်တွင် ပြည့်ပြည့်ဇော်၊ ၉၀+၁ မိနစ်တွင် နှင်းစန္ဒာလှိုင်တို့က သွင်းယူခဲ့သည်။ တက္ကသိုလ်အသင်းသည် လေးပွဲဆက်အရှုံးကြောင့် ဇယားအောက်ဆုံးမှ ရုန်းထွက်နိုင်ခြင်း မရှိသေးဘဲ ဇွဲကပင်အသင်းမှာမူ ဇယားအလယ်ပိုင်းသို့ ရောက်ရှိရန် မျှော်လင့်ချက် ရှိလာခဲ့သည်။

 

ပွဲစဉ် (၄) တတိယနေ့ကို ဒီဇင်ဘာ ၂၇ ရက် (ယနေ့) ညနေ ၃ နာရီခွဲတွင် ပဒုမ္မာကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး သစ္စာအားမာန်အသင်းနှင့် အား/ကာ ဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

ရဲရင့်ရှိုင်း

Share this on Social Media