၂၀၁၉ တွင် ကျင်းပမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ယခင်နှစ်များထက် ကျောက်မျက်အတွဲများ ပိုမိုရောင်းချနိုင်ရေး ကြိုးစားနေဟုဆို

မန္တလေး  ၂၉  ဒီဇင်ဘာ

 

နိုင်ငံခြားငွေဖြင့်ရောင်းချမည့် ၅၆ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် ယခင်နှစ်တွေထက် ကျောက်မျက်အတွဲများ ပိုမိုရောင်းချနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် ဦးအောင်ကြီးထံ မှသိရသည်။ 

 

နိုင်ငံခြားငွေဖြင့်ရောင်းချမည့် (၅၆) ကြိမ်မြောက် ကျောက်မျက်ပြပွဲကို ၂၀၁၉ ခုနှစ် မတ်လမှာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။  

 

နိုင်ငံခြားငွေ ယူရိုဖြင့် ရောင်းချသည့်ကျောက်မျက်ပြပွဲကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လတွင် (၅၆) ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်သည်။

 
"ပြပွဲမှာ ခါတိုင်းနှစ်တွေထက် ကျောက်မျက်တွဲတွေ ပိုမိုရောင်းချနိုင်ဖို့ကြိုးစားနေတယ်'' ဟု  မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းအဖွဲ့ဝင် ဦးအောင်ကြီးကပြောသည်။

 

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်း ခန်းမ(နေပြည်တော်)တွင်၂၀၁၈ ခုနှစ် ဇွန် ၂၀ ရက်မှ ၂၉ ရက်နေ့ထိ ပြုလုပ်ခဲ့ရာ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်စိမ်းအတွဲများရောင်းချခဲ့သည်။

 

ကျောက်မျက်ပြပွဲကို ၂၀၁၀ ခုနှစ်မှ စတင်ကာ နေပြည်တော်တွင် ကျင်းပခဲ့ပြီး (၅၄) ကြိမ်မြောက်အထိ ပြည်တွင်း ပြည်ပမှ ရတနာကုန်သည် ငါးထောင်နှင့် တစ်သောင်းကြားတွင် လာရောက်ဝယ်ယူကြောင်း သိရသည်။

 

(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်း အတွဲ (၆၇၉၅)တွဲ  တင်သွင်းခဲ့သည့်အနက် (၅၂၅၉)တွဲ ရောင်းချခဲ့ရပြီး ယူရိုငွေ(၄၂၃ ဒသမ ၁၁၈) သန်း ရရှိခဲ့ကြောင်း သိရသည်။

 

အိမို့မို့ခိုင်

Share this on Social Media