လွတ်လပ်ခြင်း၏တန်ဖိုးကိုသိရှိ၍ လွတ်လပ်ရေးကို အသက်ပေး ကာကွယ်ကြပါစို့

သတင်းဆောင်းပါး - တက္ကသိုလ်ပွင့်သူအောင်

 

၂၀၁၈ ခုနှစ် ကုန်ဆုံး၍ ၂၀၁၉ ခုနှစ်အကူး နှစ်သစ်တွင် ကမ္ဘာ့ နိုင်ငံများအနက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့သည် အဦးအစ ပထမဖြစ်သောကြောင့် ဂုဏ်ယူဝမ်းမြောက်ဖွယ်ကောင်းပြီး မင်္ဂလာရှိလှသည်။ နှစ်သစ်ကူးကာလအတွင်း ကမ္ဘာအရပ်ရပ်၌ အမျိုးမျိုးအဖုံဖုံသော ပျော်ရွှင်ဖွယ်ရာများဖြင့် နှစ်သစ်ကူးခဲ့ကြသကဲ့သို့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တို့တွင်လည်း ပြည်သူအပေါင်းသည် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သစ်ကို ကြိုဆိုကြသည်။ ထိုကဲ့သို့ ပျော်ရွှင်ကြည်နူးစွာ နှစ်သစ်ကူးပွဲတော်များ ကျင်းပနိုင်ခြင်းကပင် လွတ်လပ်သော နိုင်ငံများ၏ ပုံရိပ်ကို ထင်ဟပ်ပြသနေခြင်းပင် ဖြစ်သည်။ တစ်နည်းဆိုရသော် လွတ်လပ်သောနိုင်ငံတို့၏ သရုပ်သကန်ကို ဖော်ကျူးနေခြင်းလည်းဖြစ်သည်။ ယင်းနိုင်ငံတို့သည် လွတ်လပ်ရေးရအောင် ပေးဆပ်မှုမြောက်မြားစွာ တို့ဖြင့် လဲလှယ်ခဲ့ကြရပြီး မည်သည့်နိုင်ငံမှ လွတ်လပ်ရေးကို လွယ်လွယ် ကူကူဖြင့် ရရှိခဲ့ခြင်းမဟုတ်ပေ။ ထိုနည်းတူစွာပင် မြန်မာ့လွတ်လပ်ရေးကိုလည်း အသက်၊ သွေး၊ ချွေးပေါင်း မြောက်မြားစွာဖြင့် လဲလှယ်ခဲ့ကြရပေသည်။

 

နိုင်ငံတစ်နိုင်ငံ၏ ဥပဓိရုပ်

 

ကမ္ဘာ့အလယ်တွင် နိုင်ငံတစ်ခုအဖြစ် မားမားမတ်မတ် ခံ့ခံ့ထည်ထည် ရပ်တည်နိုင်ရေးအတွက် နိုင်ငံတစ်နိုင်ငံ၏ ဥပဓိရုပ် ပြည့်စုံရန် အဂ¯လေးရပ်နှင့် ညီညွတ်ရသည်။ ယင်း အင်္ဂါလေးရပ်မှာ (၁)နိုင်ငံ၏ ပိုင်နက်နယ်မြေ(နယ်နိမိတ်) (Territory)၊ (၂)ယင်းပိုင်နက်နယ်မြေတွင် နေထိုင်သည့် လူဦးရေ နိုင်ငံသားပြည်သူများ(Population)၊ (၃) အုပ်ချုပ် သူ အစိုးရ (Government)နှင့် (၄)အချုပ်အခြာအာဏာ ပိုင်စိုးမှု (Sovereignty) တို့ ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် နိုင်ငံ၏ ပိုင်နက်နယ်မြေ(နယ်နိမိတ်) ရှိပြီး နိုင်ငံသားပြည်သူများလည်း ရှိသည့်အပြင် အုပ်ချုပ်သူ အစိုးရ ရှိသော်လည်း အချုပ်အခြာအာဏာပိုင်စိုးမှု မရှိပါက လွတ်လပ်သောနိုင်ငံဟု သတ်မှတ်၍မရပေ။ ထိုနည်းတူ ယင်း နိုင်ငံမှ အစိုးရသည်ပင်လျှင် ယင်းနိုင်ငံသားများကိုယ်တိုင် ပါဝင်ဖွဲ့စည်းထားသည့် အမျိုးသားအစိုးရမဟုတ်သဖြင့် တိုင်း တစ်ပါးမှ နိုင်ငံခြားသားများ၊ ကိုလိုနီနယ်ချဲ့များ ဖိနှိပ်ချုပ်ချယ် ထားသော အစိုးရသာဖြစ်သည်။

 

နောက်ခံသမိုင်း

 

မြန်မာနိုင်ငံသည် ခရစ်နှစ် ၁၈၂၄ ခုနှစ်က အင်္ဂလိပ်တို့၏ ကျူးကျော်နယ်ချဲ့စစ်ပွဲအပြီးတွင် ရခိုင်နှင့် တနင်္သာရီတို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ထို့နောက်ခရစ်နှစ် ၁၈၅၂ ခုနှစ် တွင် အင်္ဂလိပ်တို့၏ ဒုတိယအကြိမ် ကျူးကျော်စစ်ပွဲအပြီး တောင်ငူမှ အောက်မြန်မာနိုင်ငံတစ်ပိုင်း ထပ်မံဆုံးရှုံးရသကဲ့သို့ ခရစ်နှစ် ၁၈၈၅ ခုနှစ်က တတိယအကြိမ် ရန်စကျူးကျော်သည့် အင်္ဂလိပ်တို့၏ နယ်ချဲ့ စစ်ပွဲအပြီးတွင် အထက်မြန်မာနိုင်ငံကို လက်လွှတ်ဆုံးရှုံးရကာ မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ ရောက်ခဲ့သည်။ ထို့နောက် ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့သည်မှစ၍ ကုန်းဘောင်ခေတ်ကုန်ဆုံးကာ ကိုလိုနီခေတ်သို့ ရောက်ရှိ သွားခဲ့သည်။

 

သို့သော် သူ့ကျွန်မခံလိုသော မျိုးချစ်တိုင်းရင်းသား ခေါင်းဆောင်တို့သည် နယ်ချဲ့အင်္ဂလိပ်တို့အား ရရာလက်နက် စွဲကိုင်ကာ တွန်းလှန်ခဲ့ကြသည်။ “သူ့ကျွန်ဘဝတွင် နေရခြင်း ထက် သေရခြင်းကမြတ်သည်” ဟူသော ရဲရဲတောက်စိတ်ဓာတ် များဖြင့် လက်နက်အင်အား၊ လူအင်အား ကွာခြားမှန်းသိလျက် နှင့်ပင် နယ်ချဲ့တို့အား မကြောက်မရွံ့ တွန်းလှန်တိုက်ခိုက်ခဲ့ကြ ခြင်းဖြစ်သည်။

 

ထိုကဲ့သို့ လွတ်လပ်ရေးအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြရာတွင် ကချင်ပြည်နယ်မှ ဖုံကန်ဒူဝါနှင့် ဗိုလ်ဖိုးစော၊ ချင်းပြည်နယ်မှ ကြွမ်ဘိနှင့် ရွှေချိုးဖြူမင်းသား၊ ရှမ်းပြည်နယ်မှ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၊ ဗိုလ်မင်းရောင် စသူတို့ပါဝင်ခဲ့ကြသည်။ သခင်ကိုယ်တော်မှိုင်း၊ အချုပ်တန်းဆရာဖေ အစရှိသော မျိုးချစ်စာဆိုတော်ကြီးများကလည်း စာပေဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။ ထို့အပြင် ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ဖတပလ (ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး)၊ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး)စသည့် အဖွဲ့ ကြီးများတွင် ကျောင်းသား၊ အလုပ်သမား၊ တောင်သူလယ်သမား၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ တိုင်းရင်းသား လုပ်သားပြည်သူအားလုံးတို့ စည်းရုံးလှုပ်ရှား တိုက်ပွဲဝင်ခဲ့ကြသည်။ ထို့နောက် ၁၃၀ဝ ပြည့် အရေးတော်ပုံမှတစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်တို့က ဟိုင်နန်ကျွန်း၌ အခြေခံ စစ်ပညာကိုလည်းကောင်း၊ ၁၉၄၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ဖော်ဖိုဆာကျွန်း တမာဇာတိုမြို့ရှိ ဗိုလ်သင်တန်းကျောင်း၌ စစ်ပညာရပ်များ ဆက်လက်သင်ယူ၍လည်းကောင်း ကြိုးစားခဲ့ကြသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကို ထိုင်းနိုင်ငံ ဗန်ကောက် မြို့တွင် လက်မောင်းသွေးဖောက် သစ္စာရည်သောက်ပြီး စတင် ဖွဲ့စည်းခဲ့သည်။

 

၁၉၄၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတွင် BIA က တနင်္သာရီ၊ ကရင်၊ မွန်၊ ပဲခူးနှင့် ရန်ကုန်တို့ကို သိမ်းပိုက် ခဲ့သည်။ ထိုစဉ်က ဗမာ့လွတ်လပ်ရေးတပ်မတော် ဘီအိုင်အေ သည် ဆုံးရှုံးသွားခဲ့သော လွတ်လပ်ရေးကို ပြန်လည်ရရှိရန်၊ ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့ရာတွင် နယ်ချဲ့တို့အား စစ်ကြောင်း သုံးကြောင်းဖြင့် ဝိုင်းပတ်ပိတ်ဆို့ ခဲ့သည့် စစ်ဗျူဟာကို အသုံး ပြုခဲ့သည်။ ဘီအိုင်အေနှင့် ဂျပန်တပ်တို့ ပူးပေါင်း၍ စစ်ဆင်နွှဲ ခဲ့ရာ ၁၉၄၂ ခုနှစ် ဇွန်လတွင် မြန်မာပြည်တစ်ဝန်းလုံးနီးပါး သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် ဂျပန်တို့က ဘီအိုင်အေမှ စစ်သည်အင်အား ကန့်သတ်လျှော့ချခဲ့၍ ၁၉၄၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ဂျပန်တို့က ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် မြန်မာတို့အား ရွှေရည်စိမ်လွတ်လပ်ရေး အတုအယောင်ကို ပေးအပ်ခဲ့ရာ မြန်မာတစ်မျိုးသားလုံးက လုံးဝလက်မခံခဲ့ကြပေ။ ထို့ကြောင့် ဖက်ဆစ်ဂျပန်တို့အား ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ပြည်သူနှင့် တပ်မတော် လက်တွဲကာ တော်လှန်ခဲ့ကြ သည်။ ၁၉၄၅ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ခဲ့သော ဗမာ့ကာကွယ်ရေးတပ်မတော်ကို မျိုးချစ်ဗမာ့တပ်မတော်ဟု တရားဝင် အမည်ပြောင်းလိုက်သည်။

 

သမိုင်းဝင် နေသူရိန်အစည်းအဝေးကြီး

 

ထို့နောက် မျိုးချစ်တပ်မတော် ခေါင်းဆောင်များနှင့် တိုင်းမှူးများသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၀ ရက်နှင့် ၁၁ ရက်တွင် ရန်ကုန်မြို့ တာဝါလိန်းလမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း၏နေအိမ်၌ အစည်း အဝေးပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးတွင် တပ်မတော် နောင်ရေးအတွက် အရေးကြီးသောဆုံးဖြတ်ချက်များ ချမှတ် ခဲ့သည်။ မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးအတွက် ခေါင်းဆောင်မည့် ပုဂ္ဂိုလ်များနှင့် ပြည်သူလူထု တိုင်းရင်းသား များ တညီတညွတ်တည်း ဆောင်ရွက်နိုင်ရန် ၁၉၄၅ ခုနှစ် ဩဂုတ် ၁၂ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်(ဖတပလ) ဥက္ကဋ္ဌလည်းဖြစ်၍ မြန်မာ့ လွတ်လပ်ရေး လုပ်ငန်းစဉ်များကို နိုင်ငံရေးလမ်း ကြောင်းမှ ချပေးခဲ့သည်။

 

၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၆ ရက်၊ ၁၇ ရက်၊ ၁၈ ရက်တို့တွင် နိုင်ငံ့ခေါင်းဆောင်များ၏ စတုတ္ထအကြိမ်အစည်းအဝေးကို ဖတပလက ဖိတ်ခေါ်ကျင်းပခဲ့ရာ နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံမှ ခေါင်းဆောင်များဖြစ်ကြသည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လကျာ်၊ ဗိုလ်ဇေယျ၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင် မြသွင် အစရှိသူတို့ တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေး ကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းက သဘာပတိမိန့်ခွန်း ပြောကြား ခဲ့ရာ၌ ဖက်ဆစ်ဝါဒကို က္ဘာတွင် လုံးဝပပျောက်သည်အထိ ဆောင်ရွက်ရန်၊ ဗမာပြည်ကြီးကို ပြည်သူတို့၏ဆန္ဒအတိုင်း ပြန်လည်ထူထောင်ရန် စသောအချက်များ ပါဝင်သည်။

 

ယင်းအစည်းအဝေးကြီးမှ ဆုံးဖြတ်ချက်များကို အတည်ပြုနိုင်ရန် လူထုအစည်းအဝေးကြီးတစ်ရပ်ကို ရန်ကုန်မြို့ ဗဟန်းရပ် ကန်တော်ကြီးစောင်းရှိ နေသူရိန်ပြဇာတ်ရုံကြီး၌ ၁၉၄၅ ခုနှစ် ဩဂုတ် ၁၉ ရက်က ကျင်းပခဲ့ရာ ထိုအစည်းအဝေးကြီးသည် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအတွက် သမိုင်းဝင် နေသူရိန် အစည်းအဝေးကြီးအဖြစ် ထင်ရှားခဲ့သည်။

 

ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မိန့်ခွန်း

 

နေသူရိန်အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောကြားခဲ့ရာ “ကျုပ်တို့ တပ်မတော်တစ်ခုလုံးဟာ ယခုအခါ ကြိမ်မီးအုံးသလို ပူပန်နေကြတယ်။ စစ်တိုက်တော့ မယ့်ဆဲဆဲ၊ စစ်တိုက်လို့ ကျည်ဆန်သင့်မယ့်ဆဲဆဲမှာ ဒို့တိုက်တာ လွတ်လပ်ရေးရပါ့မလားဟေ့၊ ကျုပ်တော့ဖြင့် သွားပြီ၊ တိုင်း ပြည်မှာကျန်ရစ်မယ့် ခေါင်းဆောင်မယ့် လူကြီးတွေကို ပြော လိုက်ပါ၊ ကျုပ်တို့တာဝန်ကျေပြီ၊ ခင်ဗျားတို့တာဝန်ကျေအောင် လုပ်ပါ၊ မလုပ်ရင်တော့ ကျုပ်တို့ဘဝ အဆက်ဆက်တိုင်းက ဘာလုပ်မယ်၊ ညာလုပ်မယ် အစရှိသည်ဖြင့် မြည်တမ်းသွားတာ တွေဟာ ကျန်ရစ်ခဲ့တဲ့ရဲဘော်တွေနဲ့ ကျုပ်တို့အားလုံးစိတ်ကို အင်မတန်ထိခိုက်အောင်ဖြစ်တယ်”ဟူ၍ သမိုင်းဝင်မိန့်ခွန်း ပြောကြားခဲ့သည်။

 

ယင်း မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင် နေသူရိန်အစည်း အဝေး ကျင်းပပြုလုပ်ခဲ့ပြီးနောက် ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၇ ရက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့ ၌ ချုပ်ဆိုခဲ့ သည့် ကန္ဒီစာချုပ်သည်လည်းကောင်း၊ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင် လန်ဒန်မြို့ ၌ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လက်မှတ်ရေးထိုးသည့် ]အောင်ဆန်း-အက်တလီ}စာချုပ်၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင် ၂၃ ဦးတို့ လက်မှတ်ရေးထိုးသည့် ]ပင်လုံစာချုပ်} ၊ ၁၉၄၇ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် အင်္ဂလန်နိုင်ငံ၌ လက်မှတ် ရေးထိုးခဲ့သော ]နု-အက်တလီစာချုပ်}များ ချုပ်ဆိုခဲ့သည်။ ထို့နောက် ယင်းစာချုပ်အသီးသီးကို ချုပ်ဆိုခဲ့မှုကြောင့် မြန်မာ နိုင်ငံ လွတ်လပ်ရေးဥပဒေကြမ်းအား ဗြိတိသျှပါလီမန်သို့ တင်သွင်းခဲ့ရာမှ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလပြည့် ကျော် ၉ ရက်၊ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်။

 

လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အဓိကအကျဆုံးအချက်

 

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခဲ့သော်လည်း နယ်ချဲ့တို့ သွေးခွဲအုပ်ချုပ်ခဲ့သည့် စနစ်ဆိုးကြောင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြားတွင် စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်ကာ နိုင်ငံဖွံ့ ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကို နှစ်ပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အဓိကအကျဆုံးအချက်သည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံး၏ သွေးစည်းညီညွတ်မှုစွမ်းပကားဖြစ်သည်ကို တွေ့ရ သည်။ ရရှိပြီးလွတ်လပ်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးသည်လည်း တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံး၏ သွေးစည်းညီညွတ်မှုဖြင့်သာ ဆောင်ကြဉ်းနိုင်မည်ဖြစ်သည်။ 

 

အထူးသဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် တိုင်းရင်းသားအားလုံး လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သာတူညီမျှ အခွင့်အရေးရှိခြင်းနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး နိုင်ခြင်းဟူသော မူများအပေါ် အခြေခံသည့် ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးကိုမျှော်မှန်း၍ ဆောင်ရွက်လျက်ရှိသည်။ 

 

နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်ရာတွင် နိုင်ငံတော်နှင့် လျော်ကန် သင့်မြတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးအတွက် ပြည်ထောင်စုအတွင်း ဥမကွဲ သိုက် မပျက် ရာသက်ပန် ပူးပေါင်းနေထိုင်သွားနိုင်ရန်၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လူ့ အခွင့်အရေးကို လေးစားလိုက်နာပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှအခွင့်အရေး ရရှိရန်အတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးက လွတ်လပ်ရေး၏တန်ဖိုးကို သိရှိ၍ လွတ်လပ်ရေးကို အသက်ပေး ကာကွယ်ရမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု ရေးသားလိုက်ရပါသည်။ ။

Share this on Social Media