လွတ်လပ်ရေးတန်ဖိုး လွတ်လပ်ခြင်းတန်ခိုး

သတင်းဆောင်းပါး - ခင်မောင်ဌေး(ပညာရေး)

 

လွတ်လပ်ရေးနှင့်ပတ်သက်၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက “လွတ်လပ်ရေးဆိုတာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ ဖြစ်စေ၊ တစ်မျိုးသားလုံးကောင်းစားဖို့ဖြစ်စေလုပ်တဲ့နေရာမှာ အခြားတစ်ဦး တစ်ယောက်ရဲ့ အကျိုးကိုမထိခိုက်ဘဲနဲ့ တစ်ယောက်တည်းလွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှု အတွက် လုပ်နိုင်တာလွတ်လပ်ရေးပဲ” ဟု မိန့်မြွက်ခဲ့သည်။ 

 

မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ရသည့် မှတ်တမ်း တွင်ခဲ့သည်။ သို့ဖြစ်၍ လွတ်လပ်ရေးရရန် တိုက်ပွဲဝင်နေစဉ်တွင် စည်းနှင့် ကမ်းနှင့် နေထိုင်ဖို့လိုသည်။ စည်းကမ်းသဘောကိုနားလည်ပြီး စည်းနှင့် ကမ်းနှင့် အလုပ်လုပ်ကြမှသာ လွတ်လပ်ရေးအမှန်တကယ်ရနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ ဗိုလ်ချုပ်က “အဲဒီတော့ ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းရှိကြပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကိုရနိုင်တဲ့ ထူထောင်မှုကိုလုပ်ကြပါ။ အဲဒီလိုလုပ်ပြီး နောက် ရှေ့ကိုလွတ်လပ်ရေး အရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ် လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့် ဆိုးတွေ၊ အကျင့်ဟောင်းတွေ သောက်ကျင့်တွေပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော် ကနေ့ပဲပြောခဲ့ချင်တယ်”ဟု ပြောခဲ့သည်။ 

 

အာဏာလွှဲပြောင်းခြင်း 

 

မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘဝရောက်ခဲ့ရသည်။ အောက်မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက် နှစ်ပေါင်း ၁၂၃ နှစ်၊ အထက် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၃ နှစ် သူ့ကျွန်ဘဝ ခံခဲ့ရသည်။ သူ့ကျွန်ဘဝ နေထိုင်ခဲ့ရသည့် ခါးသီးလှသောတွေ့ကြုံခံစားမှုများကပင် လွတ်လပ်ရေးရရန် ဝံသာနုရက္ခိတတရားများ ပိုမိုထွန်းကားလာစေခဲ့သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတစ်လျှောက် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တစ်ခဲနက်ပါဝင်ခဲ့ကြသည်။ ရရာလက်နက်ဖြင့် တစ်ဗိုလ်ကျ တစ်ဗိုလ်တက်ကာ မြန်မာ့ဇာတိသွေးဇာတိမာန်များ တက်တက်ကြွခဲ့ကြသည်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်းကဲ့သို့ ဇာတိမာန်စာဆိုများ၊ နဂါးနီစာပေနှင့် လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်တို့၏ မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေး ရခဲ့သည်။နိုင်ငံတော်အာဏာလွှဲပြောင်းခြင်းအခမ်းအနားကား မှတ်သားဖွယ် လည်းကောင်း၊ ဝမ်းမြောက်ဖွယ်လည်း ကောင်းလှပါသည်။

 

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ဘာမင်ဟန်စစ်သင်္ဘောကြီးမှ အမြောက်များ ပစ်ဖောက်အချက်ပေးသည်။ ထို့နောက် တိ်ုင်းပြုပြည်ပြု လွှတ်တော်ရှေ့တွင် ဗြိတိသျှယူနီယံဂျက်အလံကို ဖြုတ်ချပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံကိုလွှင့်တင်ခဲ့သည်။ နံနက် ၄ နာရီ ၄၅ မိနစ်တွင် လွှတ်တော်အစည်းအဝေး ခန်းမထဲတွင် နိုင်ငံတော်အာဏာလွှဲပြောင်းသည့်အခမ်းအနား ဆက်လက်ကျင်းပခဲ့သည်။ တိုင်းပြုပြည်ပြုလွှတ်တော်က ယာယီပါလီမန်ဖြစ်လာပြီးညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်က ယာယီသမ္မတ၊ ဦးနုက ယာယီဝန်ကြီးချုပ် ဖြစ်လာသည်။

 

သစ္စာအဓိဋ္ဌာန် 

 

ယင်းနေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ဘုရင်ခံ၏ အိမ်တော်တွင် အာဏာလွှဲပြောင်းသည့် အခမ်းအနားပြုလုပ်ပြီး နံနက် ၈ နာရီ မိနစ် ၂၀ တိတိ တွင် အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ဇနီးတို့ ဘာမင်ဟန်သင်္ဘောနှင့် မြန်မာပြည်မှ ထွက်ခွာသွားကြသည်။ ယင်းနေ့တွင် လွတ်လပ်ရေးမော်ကွန်း ကျောက်တိုင်ကို အုတ်မြစ်ချခဲ့ပြီး ယင်းအခမ်းအနားတွင် ဖဆပလအထွေထွေ အတွင်းရေးမှူး ဦးဗဆွေက သစ္စာအဓိဋ္ဌာန် ၉ ချက်ကိုတိုင်ပေးပြီး လူထုကြီးက လိုက်ဆိုခဲ့သည်။ ယင်းသစ္စာအဓိဋ္ဌာန် ၉ ချက်မှာ - ခင်မောင်ဌေး(ပညာရေး) အောင်စေသတည်း။ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်၊ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် တနင်္ဂနွေနေ့ ကောင်းမြတ်သော မင်္ဂလာအခါ၌ ငါတို့မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်သတည်း။

 

၁။ ငါတို့သည်၊ ဤနေ့ ဤအချိန်မှစ၍ ငါတို့အား လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သောငါတို့၏ ခေါင်းဆောင်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း၊ တစ်သဝေမတိမ်း ချီတက်မည်။ 

 

၂။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ သစ္စာကိုမသွေမဖည် စောင့်ထိန်းမည်။ 

 

၃။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ မွန်မြတ်သော အခွင့်အရေးကိုခံယူသည့်နည်းတူ လွတ်လပ်သော နိုင်ငံသားတို့၏ တာဝန်ဝတ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။ 

 

၄။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ လုံ့လဥဿာဟဖြင့် ရရှိပြီးသောအမျိုးသားညီညွတ်ရေး ကို ကျောက်စိုင်ကျောက်သားကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်။ 

 

၅။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံသားဟူသရွေ့ကို ကြီးငယ် နီးဝေးမခြား၊ တသွေးတသားတည်းပြု၍၊ နည်းများနိမ့်မြင့် မရှိစေရ တူညီမျှပြုမည်။ 

 

၆။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ သူတစ်ပါးကိုလည်းမတရားမပြု၊ ငါတို့အား မတရားပြုခြင်းကိုလည်းမခံ၊ အသက်နှင့်လဲ၍ ကာကွယ် မည်။ 

 

၇။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံကြီး၏ တရားဥပဒေများကို ရိုသေစွာလိုက်နာကျင့်သုံးပါမည်။ 

 

၈။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံနှင့် ငါတို့လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။ 

 

၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့နှင့်တကွ ငါတို့သား၊ မြေးနောင်လာ အဆက်ဆက်တို့အပေါ်၌ တည်စေသတည်း။ ဟူ၍ဖြစ်သည်။ 

 

ယင်းလွတ်လပ်ရေး မော်ကွန်းကျောက်တိုင်ကို မဟာဗန္ဓုလပန်းခြံထဲတွင် ၁၉၅၀ ပြည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ကျောက်တိုင် ပတ်ပတ်လည်တွင် လွတ်လပ်ရေးကြေညာစာတမ်း၊ သစ္စာအဓိဋ္ဌာန် ၉ ချက်၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နုတ်ချက်၊ သခင်နု၏ ပါလီမန်နှင့် လွတ်လပ်ရေး ကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်းတို့ကိုကျောက်သားတွင် ထွင်းထု ထား၍ ပြည်သူအများဖတ်ရှုနိုင်သည်။ 

 

လွတ်လပ်ရေးကြေညာစာတမ်းအပိုဒ် ၆ တွင် “ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလက လည်းကောင်း၊ ယခုမျက်မှောက်တွင် လည်းကောင်း၊ နောင်လာလတ္တံ့သော အနာဂတ်ကာလ၌လည်းကောင်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ ဝေးနီးကျားမ အခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ်ပိုင်ပစ္စည်းအကျိုးခံစားရာဖြစ်၏”ဟူ၍ ဖော်ပြပါရှိလေသည်။

 

 လွတ်လပ်ရေးဆိုသည်မှာအဖိနှိပ်ခံဘဝတွင် ပြည်သူတိုင်းအမျှော်လင့် ဆုံး၊ အတောင့်တဆုံးဖြစ်ခဲ့သည်။ လွတ်လပ်ရေးရခါနီးတွင် ဆရာကြီး မင်းသုဝဏ်က “ဇာနည့်ထုံး” ဆိုသည့် ကဗျာလေးကိုရေးဖွဲ့ခဲ့သည်။

 

 - လွတ်လပ်တော့မည်၊ မြန်မာပြည်တဲ့ 
ဇာနည်တို့ထုံး၊ ပိုက်ယူကျုံး၍ 
နှလုံးရဲစက်လှစေမင်း။ 
- လွတ်လပ်တော့မည်၊ မြန်မာပြည်တည့် 
ဇာနည်တို့ထုံး၊ ပိုက်ယူကျုံး၍ 
လက်ရုံးကျန်းခက် လှစေမင်း။ 
- လွတ်လပ်သောခါ အိုမြန်မာတို့ 
ချူချာနုံနဲ့၊ တအားနွဲ့ကို 
ညှာငဲ့ထောက်တွေး၊ သားငယ်ထွေးသို့ ပြုရေးညံ့သက် ကြစေမင်းဟု ဖွဲ့ဆိုခဲ့သည်။ 

လွတ်လပ်ရေးရသည့် ၁၉၄၈ နံနက်ခင်းနှင့်ပတ်သက်၍ ဆရာကြီး ဇော်ဂျီက “လွတ်လပ်ရေးနေ့အတွေး” ကဗျာကိုရေးဖွဲ့ခံစားခဲ့သည်။ 

 

- ဆွေးမိသည်တည့်၊ ဆွေးမိသည် 
မလေးမောင်သည်ယနေ့၊ ဆွေးမြည့်မိသည်။ 
သွေးစက်နှင့် ကျမျက်ရည်၊ ပြည်နိုင်ငံအရေး 
လူ့လမ်းစဉ်လူ့ခရီးမှာ စီးရတယ်လေး။ 
- ငေးမိသည်တည့်၊ ငေးမိသည် 
မလေးမောင် သည်ယနေ့၊ ငေးမေ့မိသည်။ 
ဝမ်းမဝမျှမညီ၊ ပြည်နိုင်ငံအရေး 
လူ့လောကီသည် ရှုပ်ထွေး၊ ရှင်းပါမှလေး။ 
- ရေးမိသည်တည့်၊ ရေးမိသည် 
မလေးမောင်သည်ယနေ့ ရေးမွေ့မိသည်။ 
စီးခဲ့တဲ့ ကျမျက်ရည် ပြည့်နိုင်ငံအရေး 
စာတေးသည် မြိုင်ချောင်းက 
သည်ကလောင် ရောင်ခြည်လွှတ် ဦးညွှတ်တယ်လေ။”
 ဟူ၍ ရေးဖွဲ့ဂုဏ်ပြုခဲ့သည်။

 

ချုပ်၍ဆိုရလျှင် မိမိတို့ရရှိခဲ့သောလွတ်လပ်ရေးသည် သေးသေးဖွဲဖွဲ ပေါ့ပေါ့တန်တန်မဟုတ်။ အသက်သွေးချွေးတို့ဖြင့် စတေးကာ နှစ်ကာလ ကြာရှည်စွာတိုက်၍ယူခဲ့ရသော လွတ်လပ်ရေးဖြစ်သည်။ လွတ်လပ်ပြီးနိုင်ငံတွင် အနေကြာလာခဲ့သည့် လူငယ်တို့သည် လွတ်လပ်ရေး၏တန်ဖိုး လွတ်လပ်ခြင်း၏ တန်ခိုးကို ကောင်းစွာနားလည်ကြဖို့လိုသည်။ မလွတ်လပ်ခြင်းကြောင့် အဖိနှိပ်ခံ၊ အနှိပ်စက်ခံဘဝနှင့် ဆင်းရဲတွင်းနက်လှသည့်ဘဝမှ လွတ်လပ်ခြင်း ကြောင့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကိုယ့်မင်းကိုယ့်ချင်း စီမံအုပ်ချုပ် နိုင်ခွင့်တည်းဟူသော လွတ်လပ်ခြင်းတန်ခိုးကို တန်ဖိုးထားကြဖို့လိုသည်။ သို့ဖြစ်၍လည်း လွတ်လပ်ရေးနေ့ကို အစဉ်မမေ့မလျော့စေဖို့ အထိမ်းအမှတ် ဟောပြောပွဲများ၊ ပြပွဲ ပြိုင်ပွဲများကျင်းပကာ အသိပေးနှိုးဆော်လျက်ရှိလေ သည်။ နိုင်ငံသားတိုင်းလွတ်လပ်ရေး၏တန်ဖိုးနှင့် လွတ်လပ်ခြင်း၏တန်ခိုး တို့ကို နားလည်တန်ဖိုးထား လေးစားဂုဏ်ယူတတ်ကြဖို့ တိုက်တွန်းရေးသား လိုက်ရပါသည်။ ။

Share this on Social Media