မေတ္တာလေနုအေး နှစ်သစ်ကို ပြေးလို့ကြို

သတင်းဆောင်းပါး - ကိုရင်သြ

 

နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်ဖို့ ပဝါတစ်ကမ်း လက်တစ်လှမ်း အလိုသို့အရောက်တွင် ဃရာဝါသကိစ္စမြားမြောင် ဤလူ့ဘောင်ဖြစ်တည်ရာ ကျွန်ုပ်တို့ ကမ္ဘာကြီး၏ ဖြတ်သန်းမှုတစ်နှစ်တာကို ခြင်္သေ့လည်ပြန် ပြန်လည်ငဲ့စောင်းကြည့်ရန်အချိန် ရောက်ပြန်ပေါ့ဟု ကျွန်ုပ်တွေးတော ဆင်ခြင်မိရင်း နိုင်ငံတကာသတင်းပုံရိပ်လွှာများကို ပြန်ပြောင်းသုံးသပ်မိ လေ၏။ 

 

“ကြာရိုး ကြာစွယ်ကိုမြင် ရေတိမ်ရေနက်ကိုသိ” ဟူဘိသို့ပင် နိုင်ငံ တကာ သတင်းပုံရိပ်လွှာများကို တွေးဆဆင်ခြင်မိလျှင် ကမ္ဘာကြီး၏ ကောင်းဆိုးနှစ်ထွေဖြစ်ရပ်တွေကို မြင်သိနိုင်၏။ 

 

“ခဏဖြစ်လျက် ခဏပျက်၏” ဟူဘိသို့ပင် ကောင်းဆိုးနှစ်ထွေ လောကဓံတရားမှာ ကာလအတိုင်းအတာတစ်ခုကို လွန်မြောက်လေသော် “အကောင်းလောကဓံ”ပင်ဖြစ်စေ “အဆိုးလောကဓံ”ပင်ဖြစ်စေ အရာရာ သည် မတည်မြဲဟူသော သဘောတရားက ကျွန်ုပ်၏ အတွေးလှိုင်းပေါ်တွင် တငြိမ့်ငြိမ့် တသိမ့်သိမ့် ဖြတ်သန်းသွားသော လှေငယ်ပမာ နိမိတ်ပုံဖော် ဆောင်၏။ 

 

ဆူကြုံနိမ့်မြင့် အဆင့်ဆင့်ရှိသော ဤလောကီဝယ် မိမိတို့၏အသီးသီး အသက အသကဖြစ်သော ဘဝအတွေ့အကြုံများအပေါ် အခြေခံကာ ၂၀၁၈ ခုနှစ်ကို ငြီးစီစီဖြင့် ပြန်လည်ရှုမြင်နိုင်သကဲ့သို့ တယောလေးချွဲသလို ငြိမ့်ငြိမ့်ညောင်းညောင်းဖြင့် ပြောင်းပြောင်းနွဲ့နွဲ့ ပြန်လည်သုံးသပ်နိုင်သူ များလည်း ရှိပေအံ့။ 

 

“ဓာတ်ခိုက်ကလည်းရှိ နတ်ကိုင်ကလည်းမိ”သည့် ဤလောကကြီးထဲ အဆိုးသံသရာထဲမှ ရုန်းမထွက်နိုင်ဘဲ ၂၀၁၈ ခုနှစ်ကို တလိမ့်လိမ့်နှင့် ငိုရှိုက် ဖြတ်သန်းခဲ့ကြရသူများရှိသကဲ့သို့ နိုင်သူပြုံး၊ ရှုံးသူမှိုင်သူများလည်း ရှိပေလိမ့်မည်။ ထိုနည်းတူစွာပင် နှိုင်းနှိုင်းညှိညှိ ပညာရှိပမာ ဆောင်ရွက် ကာဖြင့် ကံ၊ ဉာဏ်၊ ဝီရိယအကျိုးခံစားရသူများလည်း ရှိပေမည်သာတည်း။ 

 

ထိုစဉ်အတွင်း နွားငတ်နှင့် ကောက်ရိုးဆွေးဘဝဖြင့် လောကကို ဖြတ်သန်းရသူများ၊ နွားခလောက်သာမြည် နှမ်းမရသူများ၊ နှစ်သက်ရာပီတိ စိတ်မချိရာဒေါသဖြင့် လောကကိုဖြတ်သန်းရသူများ၊ နှလုံးသားနှင့်အတူ ကြည်ဖြူစွာလက်တွဲ လျှောက်လှမ်းရသူများ၊ ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုး ဆုံတွေ့ရသူများ၊ ပိန်ရသည့်အထဲ နာတာရှည်စွဲရသူ များ၊ ပုပ်လို့ပေါ် ဟုတ်လို့ကျော်သူများ၊ ပွေးထူရာ နူနာစွဲသူများ၊ ဘုရားဖက် တော့ အသက်ရှည်၊ တရားဖက်တော့ ရတက်ပြေသူများ၊ မကောင်းသူထိပ် ကောင်းသူထိပ် ကြုံရာကျပန်း ဖြတ်သန်းရသူများ၊ ယောကျာ်းတံခွန် လူရည်ချွန်က ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လည်း မလွတ်စတမ်း ရမြဲတမ်းဟူဘိသို့ ရည်မှန်းချက်ပန်းတိုင်ကို လှမ်းကိ်ုင်နိုင်သူများ အစရှိ သည် အစရှိသည်ဖြင့် လူပုဂ္ဂိုလ်အပေါင်း၏ ၂၀၁၈ ခုနှစ် တစ်နှစ်တာကို တစ်ဦးနှင့်တစ်ဦး ဖြတ်သန်းရပုံချင်း တမူကွဲပြားခြားနားစွာ ရှိနေပုံကိုလည်း ကျွန်ုပ်တွေးဆဆင်ခြင် ပုံရိပ်ထင်မိ၏။ 

 

အိမ်မြှောင်အမြီးပြတ် တဆတ်ဆတ်ခါသလို လောကဓံစစ်ပွဲကို တစ်ပွဲပြီးတစ်ပွဲ ဆင်နွှဲနေကြရသည့် ဤလောကကြီးထဲ ၂၀၁၈ ခုနှစ်၏ ရှုပ်ရှုပ်ထွေးထွေးဖြစ်မှု၊ ကစဉ့်ကလျားဖြစ်မှု၊ မရေရာမှု၊ ရောထွေးမှု၊ ကပ်ငြိမှု၊ အုပ်မနိုင် ထိန်းမရ ဝရုန်းသုန်းကား ဖြစ်မှု၊ ဇဝေဇဝါဖြစ်မှုတို့ကို နှစ်သစ်ကူးချိန်တွင် ခဏတာမျှ မေ့မေ့ပျောက်ပျောက်ထားကာ ၂၀၁၈ ခုနှစ်၏ ကမ္ဘာ့ “ကောင်းသတင်းများ” အသို့ရှိပါစဟု ကျွန်ုပ် စေ့ငုလေ့လာ ကြည့်လျှင် စိတ်အေးချမ်းစွာရှိလိမ့်မည်ဟု ကျွန်ုပ်တွေးတောမိရကား “ကောင်းသတင်းများ”ကို တူးဆွလေ့လာကြည့်မိပြန်၏။ 

 

ကမ္ဘာကြီးကို ငဲ့စောင့်ကြည့်လတ်သော် 

 

၂၀၁၈ ခုနှစ်၏ ကမ္ဘာ့ “ကောင်းသတင်းများ”တွင် ထိပ်တန်း၌ ရှိနေ သည်မှာ ကျောင်းတော်က ရန်စရှိခဲ့ကြသည့် ကိုရီးယားညီနောင်နှစ်ဦးတို့ “ကိုရီးယားစစ်ပွဲ”ကို တရားဝင်အဆုံးသတ်ရန် သန္နိဋ္ဌာန်ချမှတ်ခဲ့ကြပုံကို တွေ့ရ ၏။ ၁၉၅၃ ခုနှစ်တွင် ကိုရီးယားစစ်ပွဲ ပြီးဆုံးခဲ့ပြီးနောက် နှစ်ပေါင်း ၆၀ တိုင်တိုင် ငြိမ်းချမ်းရေးစာချုပ်တစ်ရပ်ကို မည်သည့်အခါတွင်မျှ လက်မှတ်ရေးထိုး နိုင်ခြင်းမရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဧပြီလအတွင်း သံတမန်ရေးနည်းလမ်း အရ ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပုံကို တွေ့မြင်ရသည်။ 

 

ကျူးဘားနိုင်ငံတွင်မူ ၅၉ နှစ်ကြာ ကက်စထရို၏ ခေါင်းဆောင်မှုကို အဆုံးသတ်သည့်အနေဖြင့် သမ္မတသစ်တစ်ဦး ပေါ်ထွက်လာခဲ့သည်မှာလည်း သတင်းကောင်း တစ်ရပ်ပါပေ။ ကျူးဘားသမ္မတအသစ် မီဂွဲဒိုင်ယက်ကာနဲသည် ကက်စထရို မျိုးဆက်မှမဟုတ်သည့် ပထမဆုံးသောသမ္မတအဖြစ် ၂၀၁၈ ခုနှစ် ဧပြီလအတွင်း ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ 

 

အီရတ်နိုင်ငံတွင်မူ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့(အိုင်အက်စ်) စစ်ရှုံးခဲ့ရပြီးချိန်နောက်ပိုင်း ပထမဆုံးအကြိမ် လွှတ်တော်ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့သည်။ ကနေဒါနိုင်ငံတွင်မူ ဆေးခြောက်သုံးစွဲမှုကို ဥပဒေအရ ခွင့်ပြုပေးလိုက်ရာ ဆေးခြောက်သုံးစွဲမှုကို တရားဝင်ခွင့်ပြုပေးသည့် ကမ္ဘာ့ဒုတိယမြောက်နိုင်ငံဖြစ် လာသည်။ 

 

ကနေဒါနိုင်ငံသားတို့သည် ဆေးခြောက်ကို စိတ်အပန်းဖြေခြင်း အလို့ငှာလည်းကောင်း၊ ဆေးဝါးအဖြစ် အလို့ငှာလည်းကောင်း ရှူလိုကရှူ၊ ရှိုက်လိုက ရှိုက်နိုင်ကြပေပြီ။ 

 

မက္ကဆီကိုနိုင်ငံတွင်မူ ဆင်းရဲသားများအတွက် ရန်ပုံငွေထောက်ပံ့နိုင်စေ ခြင်းငှာ သမ္မတ၏ စီးတော်ယာဉ်လေယာဉ်ပျံကို ဒေါ်လာ ၂၁၈ ဒသမ ၇ သန်းဖြင့် ရောင်းချမည်ဟု သမ္မတသစ် အင်ဒရေမင်နျူယယ် လိုပက်အိုဘရာဒိုးက ဒီဇင်ဘာလအတွင်း ထုတ်ပြန်ကြေညာခဲ့ခြင်းမှာ တစ်မူထူးလှသည့် “ကောင်းသတင်း”တစ်ရပ်အဖြစ် ပြည်သူတို့က ကောင်းချီးပေးကြ၏။ သမ္မတ၏ စီးတော်ယာဉ်ဘိုးအင်း ၇၈၇ ဒရင်းလိုင်နာလေယာဉ်ကြီးကို ပြန်လည်ရောင်းချ နိုင်ရန် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားသို့ သယ်ဆောင်သွားခဲ့ပြီ ဆို၏။

 

 တောင်ကိုရီးယားနိုင်ငံတွင်မူ ယင်းနိုင်ငံ၏အကြီးဆုံး၊ အထင်ကရ အဖြစ်ဆုံး “ခွေးသတ်ရုံကြီး”ကို ပိတ်သိမ်းလိုက်ပြီဟု ထုတ်ပြန်ကြေညာခဲ့၏။ နိုဝင်ဘာလအတွင်း ပေါ်ထွက်ခဲ့သော ယင်းသတင်းကို တိရစ္ဆာန် ချစ်သူများ၊ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများက အထူးတလည် ကြိုဆိုကြသည်။ တောင်ကိုရီးယားနိုင်ငံ ကွမ်ကျိပြည်နယ် ဆောင်းနမ်းမြို့ ကောင်စီက ယင်းမြို့ရှိ ခွေးသတ်ရုံကြီးကို အပြီးတိုင်ပိတ်သိမ်းရန် ညွှန်ကြားခဲ့ခြင်းဖြင့် နှစ်စဉ် ခွေးကောင်ရေ သောင်းချီ သိန်းချီ သတ်ဖြတ်ခံ နေရသည့်အရေး စိတ်အေးရလေပြီဟု ရှုမြင်ရ၏။ 

 

ဗြိတိန်နိုင်ငံကိုရှုလတ်သော် မီဂန်မာကဲဆိုသူ အမျိုးသမီးတစ်ဦးသည် တော်ဝင်မိသားစုအသိုက်အဝန်းအတွင်းသို့ ပထမဆုံးရောက်လာသူ သာမန်အရပ်သူတစ်ဦးဖြစ်လာ၏။ အမေရိကန်ဇာတိဖွား မီဂန်သည် ရုပ်ရှင်မင်းသမီးတစ်ဦးအဖြစ် ကျင်လည်ခဲ့ပြီး မင်းသားဟယ်ရီ၏ ကြင်ယာ တော်ဖြစ်လာပြီးလျှင် ၂၀၁၉ ခုနှစ် နွေဦးပေါက်ရာသီတွင် ရင်သွေးရတနာ ရယူမည်ဟု ကြေညာခဲ့၏။ မေ ၁၉ ရက်တွင် မင်းသားဟယ်ရီနှင့် လက်ဆက်ခဲ့ပြီးသော် မြို့စားကတော်အဖြစ် နန်းတွင်း၌ ရပ်တည်လာနိုင်၏။ 

 

အမေရိကန်၌ ၁၉၆၉ ခုနှစ်နောက်ပိုင်း အလုပ်လက်မဲ့နှုန်း အနိမ့် ဆုံးအဆင့်သို့ ရောက်ရှိလာခြင်း၊ အမေရိကန် မရိန်းတပ်ဖွဲ့သမိုင်းကြောင်းတွင် ပထမဆုံးအကြိမ် အမျိုးသမီးတစ်ဦးကို ခြေလျင်တပ်ဖွဲ့အကြီးအကဲ အဖြစ်ခန့်အပ်ခြင်း၊ ဆော်ဒီအာရေဗျတွင် အမျိုးသမီးများ ပထမဆုံးအကြိမ် မော်တော်ယာဉ် မောင်းနှင်ခွင့်ရရှိခြင်း၊ အီရန်နိုင်ငံတွင် အမျိုးသားများ ယှဉ်ပြိုင်သော အားကစား ပြိုင်ပွဲများသို့ အမျိုးသမီးများ တက်ရောက် ကြည့်ရှုခွင့်ရရှိခြင်း၊ ငှက်ဖျားရောဂါရှာဖွေရေးလုပ်ငန်းတွင် ခွေးများကို အသုံးချနိုင်သည်ဟု သိပ္ပံရေးရာသုတေသနတွေ့ရှိချက် ပေါ်ထွက်လာခြင်း၊ နာဆာအာကာသအေဂျင်စီ၏ “အင်ဆိုက်” ဂြိုဟ်ဆင်းယာဉ်က အင်္ဂါဂြိုဟ်ပေါ် လေတိုက်သံ ပေါ်ထွက်နေပုံကို ပထမဆုံးအကြိမ် သတင်း ပေးပို့နိုင်ခြင်း စသည် စသည်တို့မှာ ၂၀၁၈ ခုနှစ် “ကောင်းသတင်းများ” တွင် ပါဝင်သည်။ 

 

“ဇမ္ဗူဒိပ် နိမိတ်ထွန်း”ဟူဘိသို့ပင် ၂၀၁၉ ခုနှစ်ကို ကောင်းမြတ်သော စိတ်မနောဖြင့် ရှုလတ်သော် ဘဝခရီးရှည်ချီတက်ပွဲအတွက် အားမာန် သစ်မွေးကြဖို့သာ လိုပေလိမ့်မည်။ ဘဝ၏ ပုစ္ဆာများကို အဖြေရှာရင်း၊ ကိုယ်ချင်းစာနာစိတ်ကို မွေးရင်း၊ ရှေ့ဆက်ရမည့်လမ်း မည်မျှပင်ကြမ်းကြမ်း မရောက် အရောက်လှမ်းမည်ဆိုသော ခိုင်ကျည်သည့် သန္နိဋ္ဌာန်နှင့်အတူ ရှေ့လာမည့်နှစ်သစ်ကို ပျော်ရွှင်စွာ ကျော်ဖြတ်ကြဖို့၊ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာဖြင့် တစ်လှေတည်းစီး တစ်ခရီးတည်း သွားကြဖို့၊ ဘဝခရီး သွားဖော်များအဖြစ် တစ်ဦးနှင့်တစ်ဦး မေတ္တာထားကြလျက် နှစ်သစ်ကို ဆက်လက် လျှောက်လှမ်းကြဖို့ လိုသည်ဟု တွေးတောမိရင်း “မေတ္တာ လေနုအေး နှစ်သစ်ကို ပြေးလို့ကြို”ဟု ကျွန်ုပ်ကျူးရင့်မိပါသတည်း။ ။

Share this on Social Media