စဉ့်ထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပြောင်းလဲမှုများတွင် အခက်အခဲများရှိနေသည့်အပြင် ရောင်းအားလည်း ကျဆင်းလျက်ရှိဟုဆို

ကျောက်မြောင်း  ၃ဝ ဒီဇင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ နွယ်ငြိမ်းကျေးရွာတွင် အဓိကလုပ်ကိုင်လျက်ရှိသော စဉ့်ထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နည်းပညာနှင့် ဆက်စပ်ပစ္စည်းများ ရရှိရေးတို့တွင် အခက်အခဲများ ရှိနေသည့်အပြင် ရောင်းအားများလည်း ကျဆင်းလျက်ရှိကြောင်း ဒေသခံစဉ့်ထည်လုပ်ငန်းရှင်များ၏ ပြောကြားချက်များအရ သိရသည်။

 

 

''နယ်သာလန်နိုင်ငံက နည်းပညာနဲ့ စမ်းသပ်ထုတ်လုပ်နေတာက အဆင်မပြေသေးဘူး၊ စမ်းသပ်ဆဲပဲ ရှိသေးတယ်၊ ပညာရှင်တွေ လာရောက်ပြသတဲ့ အိုးဖုတ်တဲ့ဖိုတွေက အသေးစားနဲ့ လုပ်တုံးကတော့ အဆင်ပြေတယ်၊ ဖိုအကြီးတွေနဲ့ကျတော့ အဆင်မပြေတော့ဘူး၊ ထင်းမီးနဲ့ပဲ ဆက်ပြီးလုပ်နေရတုန်းပဲ၊ အခက်အခဲကတော့ ဂက်စ်အလုံအလောက်မရတော့ စမ်းသပ်လို့အောင်မြင်ရင်တောင် ဂက်စ်နဲ့လုပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အနေအထား ဖြစ်နေတယ်၊ ဂက်စ်နဲ့အိုးတွေ ဖုတ်နိုင်အောင် လုပ်ဖို့ကတော့ နိုင်ငံတော်ကတော့ ဒီဒေသမှာ ဂက်စ်လိုင်းတွေ တပ်ဆင်ပေးရင်တော့ ပိုပြီးတော့အဆင်ပြေမှာပါ၊ ဂက်စ်နဲ့ စဉ့်ထည်စမ်းသပ် မီးဖုတ်တဲ့လုပ်ငန်းကိုတော့ အခုလောလောဆယ်တော့ ဂက်စ်အိုးတွေဝယ်ပြီး သုံးနေရတယ်၊ Supply Change အရမ်းကြီးတယ်၊ ကုန်ကြမ်းကနေစပြီး ကုန်ချောဖြစ်တဲ့အထိ ကိုယ်တိုင်တစ်ဦးတည်းပဲ လုပ်ရတာကြောင့် ကယ်မီကယ်တွေလိုတယ် ဆိုရင်တောင် ဝယ်ဖို့ရာခက်ခဲတယ်၊ အလွယ်တကူမရနိုင်ဘူး ဖြစ်နေတယ်'' ဟု ဟံဝင်းစော စဉ့်ထည်လုပ်ငန်းမှ ဒေါ်မို့မို့လပြည့်ဝန်းက ပြောသည်။

 

ဂက်စ်မီးဖြင့် အသုံးပြုသည့် ကုန်ကျစရိတ်သည် ထင်းမီးအသုံးပြုသည့် ကုန်ကျစရိတ်ထက် ကုန်ကျမှုသက်သာသော်လည်း ဂက်စ်မီးကို အသုံးပြုရန်အတွက် ဓာတ်ငွေ့အလုံအလောက် မရနိုင်ခြင်း၊ သယ်ယူစရိတ် ကြီးမြင့်ခြင်းနှင့် အခြားကယ်မီကယ်ဓာတ်များ အလွယ်တကူမရနိုင်သည့် အခက်အခဲများသည် စဉ့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားများ ဖြစ်နေသေးကြောင်း ဒေသခံစဉ့်လုပ်ငန်းရှင်များ၏ ပြောကြားချက်များအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

Share this on Social Media