မုံရွာမြို့တွင် (၆)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲ ကျင်းပ

မုံရွာ ၃ဝ ဒီဇင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မုံရွာစက်ဘီးအဖွဲ့တို့ ပူးပေါင်းပြီး (၆)ကြိမ်မြောက် လူထုစုပေါင်းစီးနင်းပွဲကို ဒီဇင်ဘာ ၃ဝ ရက် နံနက် ၆ နာရီက ပြည်သူ့အားကစားကွင်းရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ကျင်းပရာ စက်ဘီးဝါသနာရှင် (၅ဝဝ)ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

 

 

''လူတွေအတော်များများဟာ စားဝတ်နေရေးအတွက် အလုပ်အကိုင်တွေကြားထဲမှာပဲ နေရတယ်၊ အဲဒီအတွက် ကိုယ်လက်လှုပ်ရှားမှု တစ်ခုအနေနဲ့လုပ်ပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေဖို့၊ အခုလို လှုပ်ရှားမှုတွေ လုပ်ဆောင်ခြင်းဖြင့် လူငယ်တွေအနေနဲ့ မူးယစ်ဆေးဝါးတွေဘက် စိတ်မပါစေဖို့ လုပ်ဆောင်ကြတာပါ၊ စုပေါင်းစက်ဘီးစီးတဲ့ အလေ့အကျင့်တွေ အခုထက်ပိုမို ပါဝင်လှုပ်ရှားစေဖို့အတွက်လည်း စက်ဘီးစီးတဲ့သူတွေအတွက် စက်ဘီး(၃)စီးကိုလည်း မဲဖောက်ပေးတဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြောသည်။

 

(၆)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲတွင် စက်ဘီးဝါသနာရှင်များမှ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မုံရွာမြို့မြောက်ဘက် အိုးဘိုတောင်ရပ်ကွက် အောင်မင်္ဂလာအဝိုင်းအထိ၊ ၎င်းမှ ချင်းတွင်းမြစ်ကမ်း တာပေါင်အတိုင်း တောင်ဘက်ခြမ်းရှိ ဘူတာလမ်းဆုံအထိ လည်းကောင်း၊ ဘူတာလမ်းဆုံမှ ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းမှ ပြည်သူအားကစားကွင်း အတွင်းသို့ ပန်းဝင်ခဲ့ကြပြီး စက်ဘီးစုပေါင်းစီးနင်းပွဲတွင် ပါဝင်ကြသော စက်ဘီးဝါသနာရှင်များကို စက်ဘီးပြိုင်ဘီး (၃)စီးအား မဲဖောက်ပေးခဲ့ကြောင်း သိရသည်။

 

လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ဒီဇင်ဘာ ၂ ရက်နေ့တွင်လည်းကောင်း၊ ဒီဇင်ဘာ ၃ဝ ရက်နေ့တွင်လည်းကောင်း၊ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင်လည်းကောင်း (၃)ကြိမ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

Share this on Social Media