မက္ကဆီကိုနယ်စပ်ကို ပိတ်ဖို့ ထရမ့် ခြိမ်းခြောက်လာ

ကလျာမိုးမြင့်

 

အမေရိကန် ပြည်ထောင်စုအတွင်းမှာ အစိုးရယန္တရား တစ်စိတ်တစ်ပိုင်း ရပ်တန့်မှု ဖြစ်ပွားနေချိန်အတွင်းမှာပဲ သမ္မတထရမ့်ဟာ တောင်ပိုင်းနယ်စပ်ဂိတ်ကို ပိတ်ပစ်မယ်ဆိုပြီးတော့ ခြိမ်း ခြောက်လာခဲ့ပါတယ်။ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးမှုပြုလုပ်စဉ် ကာလအတွင်းမှာပေးခဲ့တဲ့ ကတိတစ်ခုဖြစ်တဲ့ အမေရိကန်-မက္ကဆီကို နယ်စပ် တံတိုင်းတည်ဆောက်မယ်ဆိုတဲ့ကတိကို အကောင်အထည်ဖော်ဖို့အတွက် ရန်ပုံငွေချပေးဖို့ လွှတ်တော်မှာ တောင်းဆိုတင်ပြရာကနေ အစိုးရယန္တရား ရပ်ဆိုင်းသွားရခြင်း ဖြစ်ပါ တယ်။

 

အမေရိကန် ပြည်ထောင်စုကို အခွင့်ကောင်းယူခဲ့ 

တကယ်လို့များ ဥပဒေရေးဆွဲမှုတွေ၊ အစီအစဉ်တွေကို အကွက်ကျကျနဲ့ ကဖျက်ယဖျက်လုပ်ချင်နေတဲ့ ဒီမို ကရက်တွေက နယ်စပ်တံတိုင်းတည် ဆောက်ပြီးစီးဖို့ ရန်ပုံငွေချမပေးဘူး ဆိုရင်၊ ကျွန်ုပ်တို့နိုင်ငံကို ဝန်ပိအောင် လုပ်နေတဲ့ ဟားတိုက်စရာ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ပြုပြင်ပြောင်းလဲမပေးဘူးဆိုရင် တောင်ပိုင်းနယ်စပ်ကို လုံးဝပိတ်ပစ်ဖို့ မဖြစ်မနေ လုပ်ဆောင်ရလိမ့်မယ်လို့ သမ္မတထရမ့်က ပြီးခဲ့တဲ့သောကြာနေ့က တွစ်တာပေါ်မှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

 

တံတိုင်း ဆောက်ရင်ဆောက် မဆောက်ရင် တောင်ပိုင်းနယ်စပ်ကို ပိတ်ရမှာပဲလို့ ထရမ့်ကပြောခဲ့ပါတယ်။ မက္ကဆီကို၊ ဟွန်ဒူးရပ်စ်၊ ဂွါတီမာလာနဲ့ အယ်လ်ဆာလ်ဗေးဒိုးနိုင်ငံတွေက အမေရိကန် ပြည်ထောင်စုအပေါ် နှစ်ပေါင်းများစွာကြာအောင် အခွင့်ကောင်းယူလာတာလို့လည်း ၎င်းကစွပ်စွဲလိုက်ပါတယ်။

 

အစိုးရယန္တရားကြန့်ကြာနိုင် 

သမ္မတရဲ့ အစိုးရယန္တရားရပ်ဆိုင်းမှုက အဆုံးသတ်ဦးမယ့် အခြေအနေကိုမတွေ့ရသေးဘူး။ ကြန့်ကြာမယ့် သဘောရှိတယ်လို့ အီလီနွိုက်ပြည်နယ်ရဲ့ ဒီမိုကရက်တစ် ဆီးနိတ်လွှတ်တော် အမတ်ဒစ်ဒါဘင်က ကြာသပတေးနေ့က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။
ထရမ့်ဟာ အချိန်ကုန်ပြီး အကျိုးမရှိတဲ့ နယ်စပ်တံတိုင်းအတွက် အသုံးစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ငါးဘီလီယံကို တောင်းဖို့အတွက် ကျွန်ုပ်တို့အစိုးရကို ဓားစာခံလုပ်ဖို့ ကြိုးစားနေတာပဲလို့ ဒါဘင်က ပြော ပါတယ်။

 

ရွေးချယ်ခွင့်ပေးခဲ့ 

ရပ်ဆိုင်းနေတဲ့ အစိုးရယန္တရား ပြန်လည်ပတ်နိုင်ရေးအတွက် ဒီမိုကရက်တစ်အဖွဲ့ဝင်တွေက ခိုင်မာပြီး စဉ်းစားချင့်ချိန်မှုရှိတဲ့၊ အကျိုးသက်ရောက်မှုရှိမယ့် နယ်စပ်လုံခြုံရေးအတွက် ရန်ပုံငွေကိစ္စနဲ့ပတ်သက်ပြီး ရွေးချယ်စရာ အခွင့်အရေးသုံးခုကို ရီပတ်ဘလစ်ကန်အဖွဲ့ဝင်တွေကို ကမ်းလှမ်းခဲ့ပြီးဖြစ်တယ်။ ဒါပေမယ့် ဒီကမ်းလှမ်းမှုက သမ္မတထရမ့်ရဲ့ ကုန်ကျစရိတ်ကြီးမားပြီး အကျိုးမရှိတဲ့တံတိုင်းကြီး အတွက်တော့ မဟုတ်ဘူးလို့ ဒီမိုကရက်တစ်လွှတ်တော်ခေါင်းဆောင် နန်စီပီလိုစီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒရူးဟမ်မီလ်က ကြာသပတေးနေ့က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

 

သဘောတူညီမှုရရှိဖို့မဖြစ်နိုင်သေး

 ဖက်ဒရယ်အစိုးရရဲ့ လုပ်ငန်းလေးပုံ သုံးပုံလောက် ရပ်ဆိုင်းသွားစေခဲ့တဲ့ ဘတ်ဂျက်အသုံးစရိတ် မူကြမ်းကို အဆုံးသတ်စေမယ့် သဘောတူညီမှု တစ်ခုရမယ့် အရိပ်အယောင်ကို မတွေ့ရှိ ရသေးပါဘူး။ အမေရိကန် ဆီးနိတ် လွှတ်တော်ဟာ အစိုးရယန္တရား နောက်ထပ် ရက်သတ္တပတ်မတိုင်မီအထိ မရပ်ဆိုင်းခင် ကြာသပတေးနေ့ ညနေခင်းမှာ အစည်းအဝေး ခေါ်ခဲ့ပါတယ်။

 

အထက်လွှတ်တော် အစည်းအဝေးကို ဒီဇင်ဘာ ၃၁ ရက်မှာ ကျင်းပသွားဖို့ရှိပါတယ်။ ပြီးရင် လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဒီမိုကရက်တစ် အဖွဲ့ဝင်တွေက အောက်လွှတ်တော်ကို ထိန်းချုပ်ဖို့မလုပ်ခင်မှာ ဘတ်ဂျက်ကိစ္စနဲ့ ပတ်သက်ပြီး နှိုင်းချိန်မှုတွေ ပြန်လုပ်ဖို့ Capitol Hill မှာ ပြန်လည်စည်းဝေးကြမှာ ဖြစ်ပါတယ်။

 

အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ ပီလိုစီက ကျွန်ုပ်တို့အနေနဲ့ အစိုးရယန္တရား ပြန်လည်ဖွင့်လှစ်နိုင်ဖို့ မြန်မြန် ဆန်ဆန်မဲပေးကြမယ်၊ ဒီမိုကရက်တစ်အဖွဲ့ဝင်တွေဟာ ဒီလိုဖရိုဖရဲဖြစ်နေတဲ့ အိမ်ဖြူတော်ကို တာဝန်ကျေစွာနဲ့ အုပ်ချုပ်စီမံသွားမယ်လို့ ဆိုပါတယ်။

 

နိုင်ငံရေးအရအနိုင်ရယူလိုခြင်းလား 

တွစ်တာပေါ်မှာ ထရမ့်ရဲ့ အစောပိုင်းရေးသားဖော်ပြခဲ့မှုမှာ ထရမ့်က ဒီမို ကရက်တစ်တွေဟာ နိုင်ငံရေးအရ အနိုင်လိုချင်လို့ ၎င်းရဲ့ နယ်စပ်တံတိုင်း ဆောက်မယ့်ကိစ္စကို ကန့်ကွက် နေကြတာလို့ စွပ်စွဲထားပါတယ်။ ဒါက ဒေါ်နယ်ထရမ့်နဲ့ ရီပတ်ဘလစ်ကန် အဖွဲ့ဝင်တွေ အနိုင်မရစေရဘူးဆိုတဲ့ ဒီမိုကရက်တစ်တွေရဲ့ အရေးကိစ္စတစ်ခုသာဖြစ်တယ်လို့ ထရမ့်က ဖော်ပြထားတာဖြစ်ပါတယ်။

 

လူထုထောက်ခံမှုကျဆင်းလာ

 အစိုးရယန္တရား ရပ်ဆိုင်းမှုဖြစ်နေတဲ့အတောအတွင်း သမ္မတထရမ့်ကို လူထုထောက်ခံမှုနှုန်းဟာ ဒီဇင်ဘာလအတွင်းမှာ ၄၄ ရာခိုင်နှုန်းကျဆင်းလာပါတယ်။ အမေရိကန်နိုင်ငံသား ၄၇ ရာခိုင်နှုန်းလောက်က အစိုးရယန္တရားရပ်ဆိုင်းမှုမှာ သမ္မတဟာ တာဝန်ရှိသူဖြစ်တယ်လို့ဆိုနေပြီး ၃၃ ရာခိုင်နှုန်းကတော့ ကွန်ဂရက်လွှတ်တော်ထဲမှာရှိနေကြတဲ့ ဒီမိုကရက်တစ် အဖွဲ့ဝင်တွေကြောင့်လို့ အပြစ်ဆိုကြပါတယ်။ အမေရိကန်နိုင်ငံသား ခုနစ်ရာခိုင်နှုန်းက ရီပတ်ဘလစ်ကန်အမတ်တွေကြောင့်လို့ အပြစ်တင်ခဲ့ပါတယ်။ ရက်သတ္တပတ်တစ်ခု ကြာမြင့်လာပြီဖြစ်တဲ့ အစိုးရယန္တရားရပ်ဆိုင်းမှုဟာဆိုရင် ဖက်ဒရယ်အေဂျင်စီကိုးခုကို သက်ရောက်ခဲ့သလို ဖက်ဒရယ်အစိုးရ ဝန်ထမ်း ၄၂၀ဝဝဝ ခန့်ကို လစာငွေမရဘဲ တာဝန်ထမ်းဆောင်ရမယ့် အခြေအနေကို ရောက်ရှိစေခဲ့ပြီးဝန်ထမ်း ၃၈၀ဝဝဝ ကတော့ လစာမရဘဲ ထွက်သွားရတော့မယ်လို့ ခန့်မှန်းရတဲ့ အနေအထားဖြစ်ပါတယ်။

 

အရေးပေါ်ဥပဒေလိုအပ်နေ 

အစိုးရယန္တရား ရပ်ဆိုင်းမှုဖြစ်ပွားခဲ့ပြီး တစ်ပတ်အကြာမှာ ဆက်လက်ဖွင့်လှစ်ဖို့ ရန်ပုံငွေအလုံအလောက် ရှိနေပြီးသားဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအေဂျင်စီဟာ သောကြာနေ့ညသန်းခေါင် အချိန်မှာ ဝန်ထမ်းတွေကို ခွင့်ပေးမှုတွေစတင်လုပ်ဆောင်ဖို့ ပြင်ဆင်ခဲ့တယ်လို့ အမေရိကန်သတင်း မီဒီယာတွေက ဖော်ပြထားပါတယ်။

 

ကမ်းခြေစောင့်တပ်ဖွဲ့ အာဏာပိုင်တွေက ၎င်းတို့ဟာ ဇန်နဝါရီ ၁ ရက်မှာ ပုံမှန်သွားလာခွင့်ရဖို့အတွက် လစာငွေ အချိန်မှန်ရရှိဖို့ သောကြာနေ့ နှောင်းပိုင်းမှာ အရေးပေါ်ဥပဒေတစ်ရပ် ထုတ်ပြန်ဖို့လိုအပ်နေတယ်လို့ ယခုရက်သတ္တပတ် အစောပိုင်းမှာ ပြောခဲ့ပါတယ်။
အစိုးရယန္တရား ရပ်ဆိုင်းနေချိန်အတွင်းမှာ ဖက်ဒရယ်ဝန်ထမ်း အလုပ်သမားတွေအနေနဲ့ ကြွေးရှင်တွေကို ခဏထိန်းထားကြဖို့ စီမံခန့်ခွဲရေးအဖွဲ့ရုံးက ကြာသပတေးနေ့မှာ စာထုတ်ခဲ့ပါတယ်။

 

စာမထုတ်ခင် ရုံးရဲ့ညွှန်ကြားချက်အရ အလုပ်သမားတွေဟာ ၎င်းတို့ရဲ့ အိမ်ခန်းပိုင်ရှင်တွေ၊ အပေါင်ထားတဲ့ ကုမ္ပဏီတွေ သို့မဟုတ် ကြွေရှင်တွေကို ၎င်းတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြောထားဖို့ အကြံပြုထားပါတယ်။

 

မတိုးသာမဆုတ်သာဖြစ်နေတဲ့ အခြေအနေကို မဖြေရှင်းနိုင်သေးသရွေ့ ပြတိုက်တွေ၊ သုတေသနစင်တာတွေနဲ့ အမျိုးသားဥယျာဉ်တွေအားလုံးကို ဇန်နဝါရီ ၂ ရက်ကစပြီး ပိတ်ထားရတော့မယ်လို့ နှစ်ကြိုရန်ပုံငွေနဲ့ လည်ပတ်နေတဲ့ စမစ်ဆိုနီယံ အဖွဲ့အစည်းက ပြောပါတယ်။

 

ထရမ့်ကတော့ နယ်စပ်တံတိုင်း တည်ဆောက်ဖို့ ရန်ပုံငွေကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီချက်မရခင် ဝါရှင်တန်ဒီစီမှာနေမယ့် နှစ်သစ်ကူးအစီအစဉ်ကို ပယ်ဖျက်လိုက်ပြီ ဖြစ်တယ်လို့သိရပါတယ်။ 

ကိုးကား-ဆင်ဟွာ

 

Share this on Social Media