လွတ်လပ်ရေးပြန်လည်ရရှိရန် အစဉ်တစိုက်ကြိုးပမ်းခဲ့မှုများနှင့် ဆက်လက်ထိန်းသိမ်းရမည့် တာဝန်

ဒေါက်တာအောင်သန်းဝင်း(အရှေ့တိုင်းပညာ)

ကမ္ဘာ့နိုင်ငံများအနက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့သည် နှစ်သစ်၏ အဦးအစပထမဆုံးဖြစ်သည်။ ထို့ကြောင့် ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ကောင်းပြီး မင်္ဂလာရှိလှပေသည်။ လူမျိုးတိုင်း နိုင်ငံတိုင်းအတွက် လွတ်လပ်ရေးသည် အရေးကြီးလှပေသည်။ မြန်မာပြည်ဖွားတိုင်းရင်းသားများ၏ သူ့ကျွန်မခံလိုသောစိတ်၊ ဝံသာနုစိတ်၊ မျိုးချစ်စိတ်တို့ဖြင့် အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တွန်းလှန်တိုက်ခိုက်ခဲ့မှုကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်သည်။

 

မြန်မာတို့သည် ဘိုးဘေးဘီဘင် အစဉ်အဆက်ကတည်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် ခိုင်ခိုင် မာမာ ဝင့်ဝင့်ထည်ထည်ဖြင့် ရပ်တည်နိုင်ခဲ့ပေသည်။ ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သော အနော်ရထာ မင်းကြီးလက်ထက်တော်က အိမ်နီးချင်းနိုင်ငံများကပါ အကူအညီတောင်းခံခြင်းခံရသော နိုင်ငံတော်ကြီးဖြစ်ခဲ့ ပေသည်။ ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သော ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး လက်ထက်တော်ကလည်း အိမ်နီးချင်းနိုင်ငံများကိုပါ သိမ်းသွင်းနိုင်ခဲ့ရုံမက ထိုနိုင်ငံများ၏ ယုံကြည်ကိုးစားခြင်း ကိုပါ ဂုဏ်ယူဝင့်ကြွားစွာခံခဲ့ရပါသည်။ တတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်တော်ကလည်း အိမ်နီးချင်းနိုင်ငံများ၏ ကြောက်ရွံ့ လေးစားခြင်းကို ခံခဲ့ရသည်။ ဤကဲ့သို့အစဉ်အလာကောင်းသော နိုင်ငံတော်ကြီးဖြစ်ခဲ့သည်။

 

ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် ဟူသော ခေတ်အဆက်ဆက်တို့တွင် ကမ္ဘာ့အလယ်၌ မြန်မာနိုင်ငံသည် ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာနှင့် ဝင့်ထည်စွာရပ်တည် နိုင်ခဲ့သည်။ ပထဝီနယ်နိမိတ်အရလည်း တိကျစွာသတ်မှတ် ထားနိုင်သည်။ ဘိုး၊ ဘေး၊ ဘီဘင်အစဉ်အဆက်လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သော ယဉ်ကျေးမှုထုံးဓလေ့များကလည်း ခိုင်ခံ့သည်။ သမိုင်းနောက်ခံနှင့် ဘာသာစကားကလည်း မှန်ကန်သည်။ စည်းကမ်းဥပဒေနှင့်လည်း ပြည့်စုံသည်ဖြစ်ရာ မြန်မာတို့၏ လွတ်လပ်မှုမှာ စံတင်ထိုက်လှပေသည်။

 

သို့သော်လည်း စည်းလုံးညီညွတ်မှုမရှိခြင်း၊ သက်ဦးဆံပိုင် ဘုရင်စနစ်အောက် ရောက်ရှိနေခြင်း

 

 အသိဉာဏ်ပညာ ခေါင်းပါးခြင်းတို့ကြောင့် ဗြိတိသျှတို့၏ကျွန်ဘဝသို့ ရောက်ရှိခဲ့ရသည်။ တစ်ဖန်ဖက်ဆစ်ဂျပန် တို့၏ လက်အောက်သို့လည်း ကျရောက်ခဲ့ရပါသေးသည်။ ဤသို့ဖြစ်ရသည်မှာ အဓိကအားဖြင့် ခေတ်မီဖွံ့ ဖြိုးတိုးတက်သော တပ်မတော်မရှိခြင်းကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၁၀ဝ ခန့် ဗြိတိသျှလက်အောက် ရောက်ရှိခဲ့ရာမှ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တိုင်းရင်းသားပေါင်းစုံပါဝင်သည့် တပ်မတော်သားများက အသက်၊ သွေး၊ ချွေးတို့ဖြင့် စတေးကာ ခက်ခက် ခဲခဲရွပ်ရွပ်ချွံချွံတိုက်ယူခဲ့မှုကြောင့် မြန်မာ့လွတ်လပ်ရေးကို ၁၉၄၈ ခု ဇန်နဝါရီလ ၄ ရက်နေ့တွင်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့ ခက်ခက်ခဲခဲတိုက်ခိုက်ကြသော တိုင်းရင်းသားပေါင်းစုံပါဝင်သည့် မျိုးချစ်သူရဲကောင်းများ၏ အသက်ကိုပဓာနမထားပုံနှင့် ရဲစွမ်းသတ္တိ ပြောင်မြောက်ပုံတို့ကို အနည်းငယ်ဖော်ပြ လိုပါသည်။

 

ချင်းခေါင်းဆောင်ကိုင်တွာ 

ကိုင်တွာသည် တွန်ချို၏ သားသမီးငါးယောက်အနက် အကြီးဆုံးသားဖြစ်ပြီး ကပ်တယ်လ်ရွာတွင် မွေးဖွားခဲ့သည်။ ၎င်းသည် မုဆိုးကျော်တစ်ဦးအဖြစ်လည်းကောင်း တိုက်ခိုက်ရေး ထူးချွန်သူအဖြစ် လည်းကောင်း ထင်ရှားခဲ့သည်။ ၎င်းသည် ဦးထွမ်ထောင်၏ ညာလက်ရုံးတစ်ဦးဖြစ်ပြီး မြို့အုပ်ဦးထွန်းဝင်း ကျဆုံးခဲ့ရသော ချုံခိုတိုက်ပွဲတွင် ပါဝင်ခဲ့သည်။ ကိုင်တွာသည် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲတွင် ရှေ့တန်းမှပါဝင်ခဲ့ကာ ၎င်း၏မိန့်ခွန်းများနှင့် သီချင်းများမှာ နယ်ချဲ့ဆန့်ကျင်ရေးသမားတို့ကို အားတက်စေခဲ့သည်။ အင်္ဂလိပ်ကို သုံးနှစ်ခန့် ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် စွမ်းကုန်းရွာ၌ ခိုအောင်းနေခိုက် ရွာသားတစ်ဦးက အင်္ဂလိပ်အားသတင်းပို့သဖြင့် ကိုင်တွာအဖမ်းခံခဲ့ရသည်။ မြင်းခြံ ထောင်၌အကျဉ်းချခံရပြီး ခြောက်နှစ်အကြာတွင် လွတ်မြောက်ခွင့်ရကာ ကပ်တယ်လ်သို့ပြန်လာခဲ့ပြီး ၁၉၀၉ခုနှစ် တွင် ဇန်ပီသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သူသည် ၁၉၂၇ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

 

ရခိုင်ဒေသမှနယ်ချဲ့အင်္ဂလိပ်တော်လှန်ရေး

 ၁၈၈၈ခုနှစ်တွင် ရခိုင်ဒေသမှ ဗိုလ်မောင်ပိုင်နှင့် ဗိုလ်ငတာတို့ ဦးဆောင်သည့် ရခိုင်၊ ဗမာ အမျိုးသားများ၏ နယ်ချဲ့အင်္ဂလိပ် တော်လှန်ရေး လှုပ်ရှားမှုများ ပေါ်ထွက်လာခဲ့သည်။ ဗိုလ်ငတာသည် စေတုတ္တရာမြို့သား ဗမာတစ်ဦးဖြစ်ပြီး စွမ်းရည်ပြောင်မြောက်မှုကြောင့် မက္ခရာမင်းသားက ရခိုင်ဒေသတွင် စစ်ဗိုလ်အဖြစ်ခန့်ထားခဲ့သည်။ ဗိုလ်ငတာသည်မြို့ဟောင်း ပုလိပ်စခန်း၌ အဖမ်းခံနေရစဉ် ၎င်း၏ အင်အားစုများဖြစ်သောရခိုင်၊ ဗမာနှင့်ရှမ်းမျိုးချစ် ၂၀ခန့်က ၁၈၈၈ ခုနှစ် ဧပြီလ ၈ရက်နေ့ သန်းခေါင်ယံတွင် ဓားလွတ်များကိုသာကိုင်ဆောင်၍ မြို့ဟောင်း ပုလိပ်စခန်းကို စီးနင်းတိုက်ခိုက်ကြသည်။ မြို့ဟောင်း ပုလိပ်စခန်းကျပြီး လက်နက်များကို ယူဆောင်၍ ဗိုလ်ငတာ ကိုခေါ်ထုတ်သွားသည်။ မြို့ဟောင်း ပုလိပ်စခန်းနှင့် မြို့ကိုမီးရှို့ လိုက်ကြသည်။ ဧပြီလ ၁၄ ရက်နေ့တွင် ဗိုလ်ငတာ၏တပ်များနှင့် နယ်ချဲ့အင်္ဂလိပ်တပ်များ ပလက်ချောင်းဒေသတွင်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားသည်။ ဧပြီလ ၁၆၊ ၁၇ ရက်တို့တွင် နယ်ချဲ့အင်္ဂလိပ် ဆန့်ကျင်ရေးတပ်သား၁၂၀ က ဗိုလ်ငတာနှင့်လာရောက် ပူးပေါင်းသည်။

 

ကချင်တောင်တန်းဒေသမှ လက်နက်ကိုင်တိုက်ပွဲများ 

၁၈၉၅ ခုနှစ်နှင့် ၁၈၉၇ ခုနှစ်များအတွင်း ကချင်တို့ ပြန်လည် လှုပ်ရှားလာသည်။ ၁၈၉၇-၁၈၉၈ခုနှစ်များအတွင်း တင်းကော်နယ်မှ နယ်ချဲ့အင်္ဂလိပ်ဆန့်ကျင်ရေး သည် အပြင်းထန်ဆုံးဖြစ်သည်။ ၁၈၉၈ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့တွင် နယ်ချဲ့အင်္ဂလိပ်တပ်များက တင်းကော်နယ်မှ ကချင်အမျိုးသားများကို ချီတက်နှိမ်နင်းကြသည်။ ကသာမှ အင်္ဂလိပ်တိုင်းမှူးက ဂရားအမျိုးသားများထံမှ လက်နက်များ သိမ်းယူရန်အဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်ရာ ဂရားစော်ဘွားက အင်္ဂလိပ်အဖွဲ့ဝင်အားလုံးကို သုတ်သင်ပစ်လိုက်သည်။ ဤတွင် နယ်ချဲ့အင်္ဂလိပ်တပ်များက လက်နက်အပြည့်အစုံနှင့် လာရောက်တိုက်ခိုက်ရာ ဂရားစော်ဘွား တိမ်းရှောင်ရလေသည်။ မကြာမီ ဂရားစော်ဘွားသည် ရွှေဂူတိုက်ပွဲ၌ အင်္ဂလိပ်တို့ကို အသက်စွန့် တိုက်ခိုက်သွားလေသည်။ ကချင်တော်လှန်ရေးသည် သက်တမ်းကြာလာသလို ပိုမိုပြင်းထန်လာသည်။ နယ်ချဲ့အင်္ဂလိပ်တို့က တိုက်ပွဲများဖြစ်ပွား တတ်သော နေရာများတွင် ခံတပ်ကြီးများ ဆောက်လုပ်ကြသည်။ ၁၉၀ဝ ပြည့်နှစ်တွင် အဇီးနှင့်ဂျိန်းဖော့ဒူးဝါးကြီးများ ဆွေးနွေးကြပြီး၊ နယ်ချဲ့အင်္ဂလိပ်တို့အား ခုခံတိုက်ခိုက်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ စစ်သည်အင်အား ၄၀ဝကျော်ပါဝင်သော အင်္ဂလိပ်တပ်ကို မလီးချောင်းကမ်းပါးမှ စောင့်ဆိုင်းတိုက်ခိုက်ရာ ကပ္ပတိန် မာရီဆင်နှင့် တပ်သား ၇၀ကျော် ကျသည်။

 

ရှမ်းအမျိုးသားများ၏တော်လှန်ရေး 

အထက်မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တို့က သိမ်းပိုက်ပြီးနောက် ရှမ်းအမျိုးသားများကလည်း နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများကို တစ်ခဲနက်ဆင်နွှဲခဲ့ကြရာ-

 
(၁) မိုးနဲစော်ဘွားစောခွန်ကြည် 

(၂) ရပ်စောက်စော်ဘွားစောဝိုင်း

 (၃) မိုင်းပွန်စော်ဘွားစောခွန်တီ 

(၄) ကျိုင်းတုံစော်ဘွား စောခမ်းဖု 

(၅) မိုင်နောင်စော်ဘွားနှင့် 

(၆) မောက်မယ်စော်ဘွားတို့သည် ထင်ရှားသော ရှမ်းခေါင်းဆောင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ကနောင် မင်းသား၏ သားတော်တစ်ပါးဖြစ်သော လင်းပင်မင်းသားနှင့်ပူးပေါင်း၍ လင်းပင်အုပ်စုကိုဖွဲ့စည်းကာ နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်ခဲ့ကြသည်။ 

(၇) ဝန်းသိုစော်ဘွားဦးအောင်မြတ်ကလည်း ကသာခရိုင်၊ ဝန်းသိုနှင့် မိုးကောင်းမြို့များမှ အင်္ဂလိပ်တို့အား တော်လှန်တိုက်ခိုက်ခဲ့လေသည်။

 

ချင်းတောင်တန်းမှလှုပ်ရှားမှုများ 

နယ်ချဲ့အင်္ဂလိပ်တို့က ချင်းတောင်သို့ နိုင်ငံရေးလှုပ်ရှားမှုများ ကူးစက်လာမည်ကို စိုးရိမ်သဖြင့် တစ်သီးတခြားဖြစ်အောင် ပိတ်ပင်တားဆီးထားခဲ့သည်။ သို့ရာတွင် ပထမကမ္ဘာစစ်ဖြစ်သောအခါ တပ်သားများလိုအပ်သဖြင့် ချင်းအမျိုးသားတို့ကို တပ်ထဲသို့ဆွဲသွင်းသည်။ ၎င်းတို့ကို ပြင်သစ်စစ်မျက်နှာသို့ ပို့ရန်စီစဉ်သောအခါ ချင်းစစ်သားများက ငြင်းဆန်ပုန်ကန်ကြ သည်။ ‘ဟားခါးတပ်တွင်းပုန်ကန်မှု’ ဟု အမည်ရသည်။ ထိုပုန်ကန်မှုကို ချိုးနှိမ်ခဲ့သည်။ ၁၉၁၆ခုနှစ်တွင် ယောချောင်းတိုက်နယ် “ဟုန်းသာ” ရွာသားများကို အင်္ဂလိပ်တပ်များကသွားရောက် တိုက်ခိုက်ရာ ရာဇဝတ်အုပ်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ သည်။ ဖလမ်းခေါင်လီဒေသမှ “နော့အာရ်” ခေါင်းဆောင်၍ အင်္ဂလိပ်တို့ကို ဆန့်ကျင်ခဲ့ကြပြန်သည်။ ၎င်းတို့ အားလုံးကိုဖမ်းပြီး ဖလမ်းဘောလုံးကွင်းကို တည်ဆောက်စေခဲ့သည်။ တီးတိန်နယ် ထာဒိုဒေသမှ “ငိုလ်ဘို့လ်” နှင့် ဦးရှညီအစ်ကိုနှစ်ဦးက ဦးဆောင်၍ ဆန့်ကျင်ကြပြန်ရာ ၎င်းတို့နှစ်ဦးစလုံးကို အင်္ဂလိပ် တို့ကပစ်သတ်ခဲ့သည်။ ၁၉၁၇ခုနှစ် နိုဝင်ဘာလတွင် မင်းတပ်အပိုင် ချဲချောင်းတိုက်နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာ ကပ္ပတိန်အလက်ဇင်းဒါးနှင့် ဆာဂျင်တစ်ဦး ကျဆုံးခဲ့လေသည်။

 

၁၈၈၇ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပုလဲမြို့နယ် ချင်ပြစ်ရွာ၌ နယ်ချဲ့အင်္ဂလိပ်တို့နှင့် မြန်မာမျိုးချစ် တော်လှန်ရေးသမားတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ မျိုးချစ်တော်လှန်ရေးခေါင်း ဆောင်ဗိုလ်သာကြည်၏ ဓားချက်ဖြင့် နယ်ချဲ့ခေါင်းဆောင် မေဂျာဂျေဂျေကနေဒီနှင့် ကပ္ပတိန်ဝေါ်လတာဘီဗီလီတို့ ကျဆုံးခဲ့ ကြသည်။ ပုလဲမြို့ မင်းတိုင်ပင်ရွာ ကင်းဝန်မင်းကြီးဦးကောင်း လှူဒါန်းထားသော ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိစဉ် သူရဲကောင်း ဗိုလ်သာကြည်၏ မော်ကွန်းကျောက်တိုင်ကို အောက်ပါအတိုင်း ဖတ်ရှုခဲ့ရပါသည်။

 

သူရဲကောင်း၏မော်ကွန်း 

ကိုယ်ကမကျူး သူကကျူး၍ 

ကျူးလာသည့်သူ မျက်နှာဖြူကို 

ညီတူလက်တွဲ တော်လှန်ပွဲမှာ 

ပုလဲဇာနည် ဗိုသာကြည်၏ 

စွေးနီသျှံဖိတ် မျိုးချစ်စိတ်ဖြင့် 

စိုးထိတ်မရွံ့ ရဲသွေးဝံ့စွာ 

စွန့်စွန့်စားစား ဆောင်ဒါးချွန်းဖွင့် 

လျှပ်ပန်းပွင့်သို့ အခွင့်ပိုင်ပိုင်

 ခုတ်ပိုင်းနိုင်၍ သွေးအိုင်ချောင်းမှာ 

ဝေါ်လတာဘီဗီလီ မေဂျာဂျေဂျေကနေဒီ

အမည်ရှိသူ ရန်သူခေါင်းဆောင်

 နေအရောင်ပျောက် မိုးလုံးမှောက်ကာ

 နောက်ပါကုလားဖြူ တူရှုမဲ့ကင်း 

အခင်းမလှ အကျထိနာ

 စစ်ဗျူဟာပျောက် ပမာမျောက်သို့ 

ခုန်ပေါက်ပြေးလွား တပ်ပျက်ငြားခဲ့။

 မြန်မာ့သားဇာနည် ဗိုလ်သာကြည်၏ 

စွမ်းရည်ဂုဏ်လှစ် မှတ်တိုင်ဖြစ်သည့် 

ချင်ပြစ်တိုက်ပွဲမော်ကွန်းတည်း။

 

ရာဇဝင်တွင်မည့် ကြေညာစာတမ်းတစ်စောင်ကိုလည်း ဖော်ပြလိုပါသေးသည်။ အောက်ပါကြေညာစာတမ်းကို ဗမာ့တပ်မတော် ခေါင်းဆောင်အရာရှိကြီးများ၏ အစည်းအဝေးက ထုတ်ပြန်ကြေညာလိုက်ကြောင်း

 

နေ့စွဲ ၁၂ - ၈ - ၁၉၄၅ နံနက် ၁၁ နာရ

 

“ကျွန်ုပ်တို့တပ်မတော်သား အားလုံးသည်လည်းကောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် စွန့်စွန့်စားစား ဆောင်ရွက်ခဲ့သူအပေါင်းတို့သည်လည်းကောင်း ဤမျှ အပင်ပန်းအဆင်းရဲ အနစ်နာအသေကျေခံကာ ကြိုးပမ်း ဆောင်ရွက်ခဲ့သည်မှာ လက်တစ်ဆုပ်စာမျှရှိသော လူတစ်စု၏ ကောင်းစားမှုကိုသော်လည်းကောင်း၊ ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာတိုးတက်မှုကို သော်လည်းကောင်း ရည်မှန်းလျက် ဆောင်ရွက်လုပ်ကိုင်ခဲ့သည် မဟုတ်ဘဲ ဗမာနိုင်ငံ လူထုအပေါင်းလွတ်လပ်ရေးအတွက် ရည်စူးလျက် ဆောင်ရွက်လုပ်ကိုင်ခဲ့ကြသည့်အကြောင်းကို ခေါင်းဆောင် မည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံသားအပေါင်းတို့အား အထူးလေးနက်စွာ ဖော်ပြလိုပေကြောင်း။

 

ထို့ကြောင့် ကျွန်ုပ်တို့တပ်မတော်ခေါင်းဆောင်အရာရှိ ကြီးများအစည်းအဝေးက ဗမာ့နိုင်ငံအတွင်း ခေါင်းဆောင် မည့်ပုဂ္ဂိုလ်များနှင့် တိုင်းသူပြည်သားအပေါင်းက စိတ်ဝမ်းကွဲပြားခြင်း အလျှင်းမရှိဘဲ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ချုပ်ကြီးအတွင်းသို့ ထိရောက်စွာဝင်ရောက်လုပ်ကိုင်ကာ ဗမာနိုင်ငံလွတ်လပ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အရပ်ရပ်ကို တညီတညွတ်တည်း နှောင့်နှေးဆိုင်းငံ့ခြင်း အလျှင်းမရှိဘဲ ဆောင်ရွက်ကြရန် ပြင်းထန်စွာတိုက်တွန်းလိုက်ပါကြောင်း။”

 

ဤကြေညာစာတမ်းကို ဖတ်ရှုခြင်းအားဖြင့် ဗမာ့တပ်မတော် ခေါင်းဆောင်ကြီးများ၏ စိတ်ရင်းစေတနာကို သိရှိနိုင်ပါသည်။

 

ဤကဲ့သို့စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသား လူမျိုးများသည် ရရာလက်နက်စွဲကိုင်ပြီး နယ်မြေဒေသအလိုက် ကိုလိုနီနယ်ချဲ့တို့နှင့် ဖက်ဆစ်တို့ကို တွန်းလှန်ခဲ့ကြသည်။ ပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏ ခိုင်မာသော ပြည်ထောင်စုစိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားလိုသော အမျိုးသားရေး စိတ်ဓာတ်တို့ဖြင့် သွေးစည်းညီညွတ်စွာ လက်တွဲတွန်း လှန်ခဲ့ကြခြင်းကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ စည်းကမ်းပြည့်ဝသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ လျှောက်လှမ်းနိုင်ခြင်းဖြစ်သည်။

 

ဤသို့ ခက်ခဲစွာရယူခဲ့ရသော ပြည်ထောင်စုလွတ်လပ်ရေးကြီး ထာဝစဉ်တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်စေရန်မှာ တိုင်းရင်းသားအားလုံး၏တာဝန်ဖြစ်သည်နှင့်အညီ မမေ့မလျော့ကြ စေရန် သတိပေးနှိုးဆော်သည့်အနေဖြင့် နှစ်စဉ်နှစ်တိုင်း ထိုနေ့တွင် နိုင်ငံတစ်ဝန်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများ ဆင်ယင်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၇၁) နှစ်တင်းတင်း ပြည့်မြောက်ပြီဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုအမွေ လွတ်လပ်ရေးကြီးကို အဓွန့်ရှည် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်ကာကွယ်ကြရမည်မှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အဓိကပင်မ တာဝန်ပင်ဖြစ်ပေတော့သတည်း။ ။

 

Share this on Social Media