ကွမ်းသီးအပင်မှ စွန့်ပစ်ပစ္စည်းဖြင့် တစ်ခါသုံး ခွက်နှင့်ပန်းကန်များ မြိတ်တွင် ထုတ်လုပ်

မြိတ် ၃၁ ဒီဇင်ဘာ  

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကွမ်းသီးအပင်၏ စွန့်ပစ်ပစ္စည်းတစ်ခုဖြစ်သော ကွမ်းသီးအပင်  အခက်အရင်းရှိ အဖတ်(ဒေသအခေါ် ဘုတ်ဖတ်)များကို နည်းပညာအသုံးပြု၍ တစ်ခါသုံး အချင်း(၅)လက်မ အကျယ် ဟင်းခွက်နှင့် အချင်း(၈)လက်မခွဲအကျယ် ထမင်းပန်းကန်များကို တစ်နိုင်တစ်ပိုင်ထုတ်လုပ်လျက်ရှိပြီး ဈေးကွက်စတင်ဖြန့်ချိရာ စိတ်ဝင်စားသူများပြား၍ မှာယူမှုများ များပြားလျက်ရှိကြောင်း သိရသည်။

 

စွန့်ပစ်ပစ္စည်းမှ တစ်ခါသုံး ဟင်းခွက်နှင့် ထမင်းပန်းကန်ကို ထုတ်လုပ်ဖြန့်ချိနေသူမှာ မြိတ်မြို့ ကန်ဖျားနယ်မြေ ဘုရားငါးဆူအရှေ့ရပ် မိဘမဲ့ဂေဟာလမ်းနေ ဦးသန်းဇော်ဦး ဆိုသူဖြစ်ပြီး ၎င်း၏ နေအိမ်မှာပင် တစ်နိုင် တစ်ပိုင် လုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

 

“ကျွန်တော့မှာ စားသောက်ဆိုင်အသေးလေး တစ်ဆိုင်ရှိတယ်။ ဆိုင်လေးမှာ တစ်ခါသုံးဖော့နဲ့ပတ်သက်တဲ့ ဖော့ဘူး၊ ဖော့ခွက်တွေကို သုံးပါတယ်။ အဲဒါတွေကို စွန့်ပစ်ရတဲ့အခါ အခက်အခဲများစွာ တွေ့လာရတယ်။ အဲဒါတွေက မဆွေးတဲ့အပြင် ရေမြောင်းတွေ မြစ်ချောင်းတွေမှာ ပိတ်ဆို့မှုတွေ တွေ့ရတဲ့အတွက် သုံးချင်စိတ်မရှိ တော့ပါဘူး။ တစ်ခါသုံးက မသုံးရင်လည်းမဖြစ်ပြန်ဘူး။ အဲဒီအတွက် တစ်ခါသုံးမှာ အလွယ်တကူပျက်စီးနိုင်တဲ့ ပစ္စည်းဘာရှိလဲဆိုပြီး online မှာ ရှာဖွေရာ အင်ဖတ်၊ ငှက်ပျောဖတ်နဲ့လုပ်တာတွေတွေ့လာရတယ်။ ကိုယ့်ဒေသ မှာရှိတဲ့ပစ္စည်းနဲ့ဖြစ်ရမယ်ဆိုပြီး ဆက်လေ့လာရှာဖွေရာ ကွမ်းသီးအပင်အဖတ်နဲ့ လုပ်တာတွေ့ရှိခဲ့ပြီး လေ့လာ၍ စမ်းသပ်ထုတ်လုပ်ခဲ့ပါတယ်” ဟု  ဦးသန်းဇော်ဦး ကသူ၏တစ်ခါသုံးပစ္စည်းထုတ်လုပ်ရသည့် ရည်ရွယ်ချက်ကို ပြောသည်။

 

တစ်ခါသုံးပစ္စည်းထုတ်လုပ်ရန် online ပေါ်မှာ လေ့လာခဲ့တာ တစ်နှစ်လောက်ကြာကြောင်း၊ ၂၀၁၈ ခုနှစ် မေလတွင် စတင်စမ်းသပ်ခဲ့ပြီး စက်တင်ဘာလတွင် စမ်းသပ်မှုအောင်မြင်ခဲ့ကြောင်း၊ အောက်တိုဘာလတွင် စတင်ထုတ်လုပ်ပြီး နိုဝင်ဘာလတွင် ဈေးကွက်သို့စတင်ပို့ခဲ့၍ မန္တလေးသို့ပထမဆုံးပို့ကြောင်း၊ ဒီဇင်ဘာလတွင် တွင်ကျယ်လာပြီး မှာယူမှုများ များပြားလာကြောင်း ဦးသန်းဇော်ဦးထံမှ သိရသည်။

 

“လက်ရှိထုတ်လုပ်ပြီး ဈေးကွက်ထဲဝင်နေတာက ပစ္စည်း(၂)မျိုးရှိတယ်။ နောက်ထပ်စမ်းသပ်ထားတာကလည်း (၂)မျိုးရှိပါတယ်။ အဲဒီနှစ်မျိုးက ထမင်းဘူးနှင့် ကော်ဖီခွက် စမ်းသပ်အောင်မြင်ထားပါတယ်။ ထမင်းဘူးက အောင်မြင်ပေမယ့် တွက်ခြေမကိုက်တဲ့အတွက် ခဏနားထားတယ်။ တစ်ရက်လုံးလုပ်မှ ဘူး(၅၀)လောက်ပဲရတဲ့ အတွက် အဆင်မပြေနိုင်လို့ ခဏနားထားပါတယ်။ ကော်ဖီခွက်ကလည်း စိတ်တိုင်းမကျသေးလို့ခဏ နားထား ပါတယ်” ဟု ဦးသန်းဇော်ဦး က ဆိုသည်။

 

တစ်ခါသုံး ဟင်းခွက်နှင့် ပန်းကန်ပြုလုပ်ရန်အတွက် ကုန်ကြမ်းအဖြစ် ကွမ်းသီးအပင်ဖတ်(၁)ရွက်ကို (၂၅)ကျပ်မှ (၃၅) ကျပ်အထိ  တောင်သူများထံမှ ဝယ်ယူရပြီး ခွက်နှင့် ပန်းကန်ပြားများကို အဆင့်ဆင့်ပြုလုပ်ရာတွင် ပထမဆုံး သန့်စင်အောင် ရေဆေးကြောရပြီး၊ ထို့အပြင် နေပူလှန်းကာ ဘလောက်တုံး စက်ကြီးနှင့်ဖိ၍ အပူပေးပြီး၊ အဆင့်ဆင့် ပြုလုပ်ရကြောင်း သိရသည်။

 

တစ်ခါသုံး ဟင်းခွက်ကို တစ်ရက်လျှင် (၂၅၀)နှင့် (၃၀၀)ခန့်ထုတ်လုပ်နိုင်ပြီး တစ်ခွက်လျှင် အများဝယ်ဈေး (၆၀)ကျပ်နဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ အင်းလေးအထိ ဖြန့်ချိပေးနေပြီး ပန်းကန်ကို တစ်ရက်လျှင် (၂၀၀)ခန့် ထုတ်လုပ်နိုင်၍ တစ်ချပ်လျှင် အများဝယ်ဈေး(၈၀) ကျပ်နဲ့ ဖြန့်ချီပေးနေကြောင်း၊ ကြိုတင်မှာယူမှုများ များပြားလာ၍ ပုံစံမှို(စက်)တွေကို ထပ်ဆောင်ရွက်နေပြီး တပ်ဆင်ပြီးပါက တစ်ရက်လျှင် (၄၀၀)နှင့်(၅၀၀)ကြား ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ်  ပြန်/ဆက် )

 

Share this on Social Media