မြန်မာ့လွတ်လပ်ရေး ရာဇဝင်မော်ကွန်း မျိုးချစ်စိတ်ဓာတ်ထက်သန်မှုဖြင့် နယ်ချဲ့ဆန့်ကျင်

သတင်းဆောင်းပါး - ကောင်းဈာန်သိမ်း

 

မန်မာရာဇဝင်တစ်လျှောက်လုံးတွင် ဆုံးရှုံးသွားသော လွတ်လပ်ရေးကို ကြိုးပမ်းခဲ့ကြ၊ တိုက်ပွဲအမျိုးမျိုး ဆင်နွှဲခဲ့ကြခြင်းတို့သည် မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်နှင့် မျိုးချစ်စိတ်ဓာတ် ထက်သန်ခဲ့ကြ သည်ကို ပြသခဲ့ကြခြင်း ဖြစ်သည်။ လွတ်လပ်ရေးကို လွယ်လွယ်ပေါပေါရခဲ့ခြင်းသည်ကား မဟုတ်ပေ။ 

 

၁၈၈၅ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာဘုရင် သီပေါမင်းပါတော်မူပြီးသည့်နောက် မြန်မာတိုင်းရင်း သားလူမျိုးများသည် နှစ်ပေါင်းများစွာဆက်လက်၍ ဓား၊ လှံ၊ လက်နက်များရရာတို့ကို ကိုင်စွဲကာ အဖွဲ့ လိုက်၊ အစုလိုက် ပြောက်ကျားစနစ်ဖြင့် နယ်ချဲ့ အင်္ဂလိပ်တို့ကို တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ မြန်မာတို့၏ တောတောင်တို့တွင် ခိုအောင်း၍ ပြောက်ကျားစနစ်ဖြင့် ဆင်နွှဲခဲ့ကြသည်။ အင်အား တောင့်၊ အင်အားကောင်းသောအခါများ၌ မြေပြန့် လွင်ပြင်များသို့ဆင်းသက်၍ နယ်ချဲ့အင်္ဂလိပ်တို့နှင့် ရင်ဆိုင်စစ်ခင်းခဲ့ကြသည်။

 

နယ်ချဲ့အင်္ဂလိပ်တို့သည် သူ့ကျွန်မခံလိုသော မြန်မာတိုင်းရင်းသားများကို ၁၈၈၆ ခုနှစ်မှ ၁၈၉၇ ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်း ရက်ရက်စက်စက် ချေမှုန်းခဲ့ကြသည်။ ၎င်းတို့၏ ထောင်သောင်းချီသည့် စစ်အင်အားနှင့် ခေတ်မီလက်နက်များကို အသုံးပြုကာ ကျဆင်းသွားခြင်းမရှိသော မြန်မာ့အားမာန်ကို ချိုးနှိမ်ရန် ကြိုးစားခဲ့သည်။ မျိုးချစ်တော်လှန်ရေးခေါင်းဆောင်များ ကို ဖမ်းဆီးထောင်ချခြင်း၊ ကြိုးပေးကွပ်မျက်ခြင်းပြုလုပ် သော်လည်း မြန်မာတို့၏ ရဲမာန်စိတ်ဓာတ်များ ပြိုပျက် သွားခြင်းမရှိချေ။ တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်ဖြင့် တွန်းလှန်ခဲ့ကြပြီးနောက် အခါအခွင့်မသင့်သေး၍ မကျိုး သော အားမာန်တို့ကို အုပ်ထိန်းထားလိုက်ကြသည်။

 

အင်္ဂလိပ်ဗိုလ်ချုပ်များကွပ်ကဲသော လက်ရွေးစင် တပ်မကို မြန်မာမျိုးချစ်အင်အားစုများနှင့် ရင်ဆိုင်စေရန် ပွဲထုတ်ခဲ့ကြသည်။ လက်နက်ကောင်း၊ အင်အားကောင်း တို့ဖြင့် ဖွဲ့စည်းချေမှုန်းသည်။ ရန်ကုန်၊ ကာလကတ္တား၊ လန်ဒန်မှ ထောက်ပံ့ဖြည့်ဆည်းပေးခဲ့သည်။ ထိုအင်အား ၏ ဒဏ်ကို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေသော မြန်မာမျိုးချစ်သူရဲကောင်းများ ချေမှုန်းခံခဲ့ကြရသည်။ မြန်မာတစ်မျိုးသားလုံး စုရုံးရန် အချိန်လင့်ခဲ့သည်။ အမျိုးသားစိတ် ဇာတိမာန်ဖြင့် တွန်းလှန်ခဲ့ကြသော်လည်း အင်အားမမျှ၊ အချိန်မလှ၊ ကျဆုံးပြိုကွဲကြရသည်။

 

မြေပြန့်တွင် အောင်ပွဲဆင်ခဲ့သည့် အင်္ဂလိပ်တပ်မကြီး များသည် မြောက်ဘက်ဆီမှ ချင်း၊ ကချင်တောင်တန်းများ ပေါ်သို့ တက်ကြသည်။ အရှေ့ဘက်ဆီ ရှမ်းဒေသသို့ လည်း ဝင်ကြသည်။ ထိုအခါ ချင်း၊ ရှမ်း၊ ဝ၊ မွန်၊ ရခိုင်၊ ကရင်တိုင်းရင်းသားတို့က ပြောက်ကျားစနစ်ဖြင့် ခုခံကြ သည်။ အင်္ဂလိပ်တို့က တစ်လှမ်းပြီးတစ်လှမ်း၊ တစ်တောပြီး တစ်တော၊ တစ်တောင်ပြီးတစ်တောင် အနာခံ၍ သိမ်းပိုက်ကြသည်။ သာဓကအားဖြင့် ကလေးနယ်တွင် တပ်စွဲသော အင်္ဂလိပ်တို့ကို ချင်းလူငယ်များက တောင်ပေါ်မှဆင်း တိုက်ခိုက်ခဲ့ကြသည်။ ချင်းလူငယ်များ ဂုဏ်ယူ၍မဆုံး၊ မော်ကြွား၍မဆုံး ဖြစ်ကြသည်။ အင်္ဂလိပ်တို့ ချင်းတောင်တန်းကို သိမ်းပိုက်ပြီးသောအခါ ရဲစွမ်းသတ္တိရှိသောချင်းအမျိုးသားများကို ခေါ်ယူ၍ ၎င်းတို့၏လက်နက်များအစွမ်းကို ပြသပြီးနောက် ဧည့်ခံကျွေးမွေး၍ လက်ဆောင်ပစ္စည်းများပေးအပ်ကာ ချင်းတောင်ပေါ်သို့ ပြန်ပို့လိုက်သည်။

 

နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာတို့ကို ခြောက်၍ တစ်မျိုး၊ ချော့၍ တစ်ဖုံ၊ လက်နက်တစ်မျိုး၊ လက်ဆောင် တစ်ဖုံ ပရိယာယ်မျိုးစုံဖြင့် မြန်မာပြည်ကို ကြာရှည် သိမ်းပိုက်ပြီး ငြိမ်ဝပ်ပိပြားအောင် ကြိုးပမ်းအားထုတ် ခဲ့ကြသည်။ သို့သော် မြန်မာတို့၏ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်မှာ ပျောက်ပျက်သွားခြင်းမရှိချေ။ ။

Share this on Social Media