ရေတာရှည်မြို့နယ် ကျွန်းကုန်းကျေးရွာ၌ ကိုယ့်အိမ်ကို မီးရှို့မှုဖြစ်ပွား

ရေတာရှည် ၁ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့အရှေ့ ၆မိုင်ခန့်အကွာ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာတွင် ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းက အရက်မူးနေသူက ကိုယ့်နေအိမ်ကို မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

ကျွန်းကုန်းကျေးရွာ ရာအိမ်မှူး ဦးဝင်းခိုင်မှ တစ်ရွာတည်းနေ ဦးတိုး (ခ) တိုးလွင် (၅၁) နှစ်သည် ၎င်းနေထိုင်သည့် အိမ်အားမီးရှို့ခဲ့ကြောင်း ဆွာနယ်မြေရဲစခန်းသို့ ဆက်သွယ်သတင်းပို့ခဲ့သဖြင့် ဆွာ နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြလွင်ဦး နှင့်အဖွဲ့ကသွား ရောက်စစ်ဆေးခဲ့ရာ ဦးတိုး(ခ)တိုးလွင် နေထိုင်သော (၃ ပင် ×၄ ပင်) သက်ငယ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်မှာ မီးလောင် ကျွမ်းလျက် တွေ့ရှိခဲ့ရသည်။

 

“ဦးတိုး ပြောတာကတော့ သူမိန်းမကထားခဲ့တာ တစ်နှစ်လောက် ရှိပြီလို့ပြောတယ်။ မိန်းမနဲ့ မိသားစု မရှိတော့ ဒီအိမ်ရှိနေရင် အမှတ်ရနေအုန်းမှာပဲဆိုပြီး အိမ်ကိုမီးရှို့လိုက်တာ၊ အရက်လဲမူးနေတယ်” ဟု အခင်းဖြစ်ရပ်ကိုသွားရောက်စစ်ဆေးခဲ့သော ဒုရဲအုပ် မြလွင်ဦး ကပြောကြားသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မိမိနေအိမ်အား မီးရှို့သူ ဦးတိုး(ခ)တိုးလွင်အား ဆွာနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

ကိုလွင်(ဆွာ)

Share this on Social Media