သူပြောလာသည့် လွတ်လပ်ရေးဖခင်ကြီးအကြောင်းနှင့် ပထမဦးဆုံးလွတ်လပ်ရေးနေ့

တွေ့ဆုံမေးမြန်း - ရဲခေါင်ညွန့်၊ နန္ဒာဝင်း၊ ဓာတ်ပုံ - ဖိုးထောင်

 

သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်အား တွေ့ဆုံ၍ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်အား တွေ့ဆုံ၍ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းနှင့် ပထမဦးဆုံး လွတ်လပ်ရေးနေ့အခမ်းအနား မြင်ကွင်းတို့နှင့်ပတ်သက်၍ မေးမြန်းထားသည်များကို ကြောင်းနှင့် ပထမဦးဆုံး လွတ်လပ်ရေးနေ့အခမ်းအနား မြင်ကွင်းတို့နှင့်ပတ်သက်၍ မေးမြန်းထားသည်များကို ထုတ်နုတ်တင်ပြလိုက်ပါသည်။ kတ်နုတ်တင်ပြလိုက်ပါသည်။

 

 

မေး။ ။ အဘက ဗိုလ်ချုပ်အောင်ဆန်းကို သိမီခဲ့သူ သတင်းစာဆရာကြီးတစ်ဦးဖြစ်တာကြောင့် ဗိုလ်ချုပ်ရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ကို ဘယ်လိုမြင်တွေ့ခဲ့ရတယ်ဆိုတာ ပြောပြပေး စေလိုပါတယ်။ 

 

ဖြေ။ ။ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဟာ ဗိုလ်ချုပ် ဖြ အောင်ဆန်းပေါ်လာလို့သာ ရလာတာ။ သူသာ မရှိရင် လွတ်လပ်ရေးက ဒီနေ့အထိ ဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်အဖြစ်ရှိနေမှာပဲ။ ဗိုလ်ချုပ်ဟာ နိုင်ငံအတွက် မွေးဖွား ပေးတဲ့ လူတစ်ယောက်လို့ပြောရင် မှန်တယ်။ ကိုယ်ကျိုး လုံးဝမရှိတဲ့ ပုဂ္ဂိုလ်၊ ထမင်းစားတာ၊ ရေသောက်တာကအစ ကိုယ်ကျိုးအတွက် အခွင့်ထူးခံမရှိဘူး။ သူလိုချင်နေတာ သူ့အတွက် မဟုတ်ဘူး။ တိုင်းပြည်အတွက် ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဗိုလ်ချုပ်နဲ့ နိစ္စဓူဝ အထိအတွေ့များတယ်။ ဗိုလ်ချုပ်ကို အနားကပ်ပြီးတော့ လေ့လာခဲ့ရတယ်။ သူ့စရိုက်၊ သူ့စိတ်ထား၊ သူ့ဓလေ့ကို ကျွန်တော်တို့ ပိုသိတယ်။ အဲဒီအချိန်မှာ ကျွန်တော့် အသက်က ၂၀ လောက်ပဲရှိသလို ဗိုလ်ချုပ်ကို ပြန်ကြည့် တော့လည်း ၂၇ နှစ်လောက်ပဲ ရှိသေးတယ်။ ကျွန်တော်နဲ့ ခုနစ်နှစ်၊ ရှစ်နှစ်လောက်ပဲ ကွာတယ်။

 

ဒါပေမယ့် ဗိုလ်ချုပ်က စကားပြောတဲ့နေရာမှာ ပြတ်သားကြမ်းတမ်းသလောက် ဆက်ဆံတဲ့နေရာမှာ အင်မတန် ယဉ်ကျေးတယ်၊ နူးညံ့တယ်။ တွေးခေါ်တဲ့ နေရာမှာတော့ အင်မတန်ပြတ်သားတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ကျွန်တော်တို့က သူ့ထက်ငယ် ပေမယ့် ခင်ဗျား၊ ကျွန်တော်ပဲ ပြောတယ်။ ဒါကြောင့် ပိုပြီးချစ်ရတယ်၊ လေးစားရတယ်။

 

လွတ်လပ်ရေးအတွက် အထောက်အပံ့ 

 

နောက်ဗိုလ်ချုပ်မှာက လျှို့ဝှက်ထားတာ မရှိဘူး။ သွားတယ်၊ လာတယ်၊ ခရီးထွက်တယ်။ အကုန်ပြောပြတယ်။ သတင်းရေးလို့ရအောင်လည်း ပြောပြတယ်။ အဲဒီတော့ ကျွန်တော်တို့ရေးတဲ့ သတင်းတွေကလည်း သူ့အတွက် ဆိုတာထက် တိုင်းပြည်လွတ်လပ်ရေးအတွက် အထောက် အပံ့တွေဖြစ်ခဲ့တယ်။ 

 

သမိုင်းမှာ အန်မတန်ထင်ရှားခဲ့တဲ့ အင်းစိန်ခရိုင် ထန်းတပင်မြို့နယ်က သေနတ်ပစ်မှုဆိုရင် နယ်ချဲ့ လက်ပါးစေတွေရဲ့ အရက်စက်ဆုံးနဲ့ အရိုင်းစိုင်းဆုံး သေနတ်ပစ်မှုဖြစ်တယ်။ အဲဒီမှာ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင် တောင်သူလယ်သမားတွေသေတယ်။ ဒဏ်ရာရကြတယ်။ အဲဒီ အသုဘဈာပနအခမ်းအနားကို ဗိုလ်ချုပ်ကိုယ်တိုင် ထန်းတပင်မြို့နယ်ကိုသွားပြီး သင်္ဂြိုဟ်တယ်။ အဲဒီအခမ်း အနားဟာ လူထုပရိသတ် အစည်ကားဆုံးဖြစ်ခဲ့တယ်။ ရန်ကုန်၊ ကြည့်မြင်တိုင်၊ ပုဇွန်တောင်၊ ကမာရွတ်၊ အင်းစိန် စတဲ့နေရာတွေကလာတဲ့လူအုပ်က မှော်ဘီကနေ ရွှေလီကြီးဘက်ကို ဆင်းတယ်။ မှော်ဘီကနေ ရွှေလီကြီး လေးမိုင်ခွဲလောက်က လူအုပ်နဲ့ ပြည့်ကျပ်နေတယ်။ ဟိုဘက်မှာလည်း အိုင်ကလောင်ကျွန်း၊ ဘောလယ်ကျွန်းက တောင်သူလယ်သမားတွေ အပြည့်လာတယ်။ အဲဒီဈာပန အခမ်းအနားကို ၁၉၄၆ ခုနှစ် နှစ်ဆန်းပိုင်း မတ်လ လောက်ဖြစ်မယ်ထင်တယ်။ ထန်းတပင်မြို့ဦးမှာရှိတဲ့ မြသိန်းတန်ဘုန်းကြီးကျောင်းမှာ လုပ်တယ်။

 

 ဗိုလ်ချုပ်စကားပြောဖို့ စင်ထိုးထားတယ်။ ပရိသတ်က အပြည့်ပဲ။ အဲဒီမှာ ဗိုလ်ချုပ်သွားလာပုံကို ပြောပြမယ်။ ရဲတပ်ဖွဲ့က လေး၊ ငါး၊ ခြောက်ယောက်သာ စီးလို့ရတဲ့ ယူဘီယူဘုတ်နဲ့ ဗိုလ်ချုပ်ကို ကူးပေးတယ်။ လှေတွေ၊ သမ္ဗန်တွေ ဖျောက်ထားတယ်။ ဗိုလ်ချုပ် ဟိုဘက်ကမ်း ကူးတဲ့အချိန် ကျွန်တော်ရယ်၊ သံတော်ဆင့်သတင်းစာ သတင်းထောက် ကိုအေးမြင့်ရယ် ဟိုဘက်ကမ်းကူးတယ်။ ကိုအေးမြင့်ဆိုတာ နောက်ပိုင်းမှာတော့ ပြည်ထောင်စု ကျော်နိုင်ဆိုပြီး ရုပ်ရှင်လောကမှာ ထင်ရှားခဲ့တဲ့သူပါ။ ဗိုလ်ချုပ်က သူ့မော်တော်ဘုတ်မှာ ကျွန်တော်တို့ကို တင်ခေါ်သွားလို့ ရောက်တာပါ။ အဲဒီမှာ ဗိုလ်ချုပ်က မိန့်ခွန်းပြောတယ်။ ဒါဟာ သမိုင်းဝင် မိန့်ခွန်းပါ။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိနဲ့ပတ်သက်ပြီးရေးကြတဲ့ ပုဂ္ဂိုလ်အများစုဟာ ဒီအကြောင်းအရာကို ရေးကြတာ ကျွန်တော်မတွေ့ရဘူး။ ဒါဟာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လို့ ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်။ 

 

အဲဒီမှာ လူထုပရိသတ်အများကြီးထဲမှာ ဗိုလ်ချုပ်က ဘာပြောသလဲဆိုရင် “ကျုပ်တို့လွတ်လပ်ရေးကို တောင်းယူ လို့ရမှာ မဟုတ်ဘူး၊ တိုက်ယူမှရမယ်။ ဒီလိုတိုက်လို့ရအောင် လိုအပ်တဲ့လက်နက် အသင့်ပြင်ထားကြ”လို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်နဲ့ ကိုအေးမြင့်က သတင်းယူပြီး ကျန်တဲ့သတင်းစာတွေထဲလည်း ဖြန့်ပေးတာပေါ့။ အဲဒီ တုန်းက ရန်ကုန်မှာ သတင်းစာတိုက်များသေးတယ်။ အဲဒါကို သတင်းစာတွေထဲမှာ ရေးထည့်လိုက်တဲ့အခါ နောက်နှစ်ရက်ကြာတော့ ဘုရင်ခံက ဗိုလ်ချုပ်ကို ဖိတ်တယ်။ ဖိတ်ခေါ်ပြီးတော့ ဘုရင်ခံရဲ့ အစိုးရအဖွဲ့ထဲမှာ ဗိုလ်ချုပ်ကို ဒုတိယသဘာပတိအဖြစ်ပေးတယ်။ ဘုရင်ခံ ကတော့ သဘာပတိပေါ့။ ဗိုလ်ချုပ်က အဲဒါကိုလက်ခံပြီး ဗိုလ်ချုပ်အစိုးရအဖွဲ့ထဲ ပါလာတယ်။

 

 

 

အနာဂတ်အရေး ဆွေးနွေး 

 

၁၉၄၇ ခု နှစ်ဆန်းပိုင်းမှာ အင်္ဂလန်ကနေ ဗိုလ်ချုပ်ဆီ ဖိတ်စာရောက်တယ်။ ဗမာပြည်ရဲ့ အနာဂတ် အရေး ဆွေးနွေးဖို့အတွက်ပေါ့။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ပေါ့။ အဲဒီမှာ ဗိုလ်ချုပ် အင်္ဂလန်သွားတယ်။ အင်္ဂလန်ကို လွတ်လပ်ရေးအတွက် သွားဆွေးနွေးတဲ့အခါ ဗိုလ်ချုပ်မှာ ဘာမှမပါဘူး။ ဝတ်စရာ အင်္ကျီတောင်မရှိဘူး။ အိန္ဒိယဝန်ကြီးချုပ်ဖြစ်လာမယ့် နေရူးက ချုပ်ပေးလို့သာ ဝတ်စရာ ကုတ်အင်္ကျီရလာတာ။ အဲဒီတုန်းက နန်းရင်းဝန် အက်တလီဦးစီးတဲ့အစိုးရနဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးစီးတဲ့ ဗမာပြည်ခေါင်းဆောင်တွေ ဆွေးနွေးကြတယ်။ အဲဒီလ ၂၇ ရက်နေ့မှာ အောင်ဆန်း - အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့တယ်။ ဒါဟာ ဗမာပြည်လွတ်လပ်ရေးရဖို့အတွက် ပထမဆုံးစာချုပ်ဖြစ်တယ်။ အဲဒီစာချုပ်အရ ဗိုလ်ချုပ် ကြိုးစားခဲ့တဲ့ လွတ်လပ်ရေးရတယ်။ 

 

ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးအတွက် အသေးစိတ် အကွက်စေ့စေ့ ဆောင်ရွက်သွားတာတွေ့တယ်။ တိုင်းပြည် လွတ်လပ်ဖို့အတွက် အဓိကလိုအပ်တဲ့ အခြေခံဥပဒေ ရေးဆွဲဖို့အတွက် တိုင်းပြုပြည်ပြုလွှတ်တော်ကို ဗိုလ်ချုပ် ကျင်းပတယ်။ ရွေးကောက်ပွဲတွေ လုပ်တယ်။ အဲဒီမှာ ဖဆပလ အနိုင်ရတယ်။

 

 ဖဆပလရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကျွန်တော် ပြောရဦးမယ်။ အဲဒီတုန်းက ဗိုလ်ချုပ်က မဲပုံးမှာ သူ့ဓာတ်ပုံ ကပ်ခိုင်းတယ်။ အနီရောင်စက္ကူပေါ်မှာ အဖြူရောင်ကြယ် တစ်ပွင့်နဲ့ ဗိုလ်ချုပ်ပုံပါတယ်။ အဲဒီပုံနဲ့ မဲဆန္ဒနေရာတိုင်းမှာ ယှဉ်ပြိုင်ခိုင်းတယ်။ ဗိုလ်ချုပ်က ဘာပြောသလဲဆိုတော့ ခင်ဗျားတို့ အချောင်သမား စားဖားတွေ မဲမပေးနဲ့၊ ကျုပ်ကိုယ်စားလှယ်တွေကို မဲပေးရင် မြန်မြန်လွတ်လပ်ရေး ရလိမ့်မယ်။ ကျုပ်ဓာတ်ပုံနဲ့ ပုံးပါရင် ကျုပ်တို့ မဲပုံး၊ ခင်ဗျား တို့ မဲပေးပါဆိုပြီး မဲဆန္ဒတောင်းတယ်။ အဲဒီရွေးကောက်ပွဲ မှာ ဗိုလ်ချုပ်ဦးစီးတဲ့ ဖဆပလ က အများဆုံးအနိုင်ရတယ်။ ဒုတိယက ကွန်မြူနစ်ပါတီ၊ တစ်သီးပုဂ္ဂလက သုံး၊ လေးယောက်လောက်ပဲ။ အဲဒီကနေ တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးတွေ ကျင်းပတယ်။ အဲဒီကနေ အခြေခံဥပဒေကို ရေးဆွဲတယ်။

 

လွတ်လပ်ရေးရဲ့ ဖခင်ကြီး 

 

ဖဆပလ ပထမပြင်ဆင်မှုညီလာခံ ဂျူဗလီဟောမှာ လုပ်ပြီးတော့ ၁၁၁ ဦးပါဝင်တဲ့ အခြေခံဥပဒေရေးဆွဲရေး ကော်မတီဖွဲ့တယ်။ အဲဒီကော်မတီကနေ အခြေခံဥပဒေ ရေးဆွဲတယ်။ အဲဒီဥပဒေကနေ ဗမာပြည်လွတ်လပ်ရေး ရပါတယ်။ ဗိုလ်ချုပ်က လွတ်လပ်ရေးအတွက် အစ၊ အဆုံး အရပ်စကားနဲ့ပြောရင် ခူးပြီး၊ ခပ်ပြီး၊ ချက်ပြုတ်ပြီး အဆင်သင့်ကျွေးခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ကျုပ်တို့က ဗိုလ်ချုပ်စီစဉ် ခဲ့တာကို ပါးစပ်လေးဟပြီး အဆင်သင့်စားတဲ့ လူတွေ ပါ။ ဒါကြောင့် ဗိုလ်ချုပ်ကို လွတ်လပ်ရေးရဲ့ ဖခင်ကြီးဆိုပြီး သမိုင်းမှာ ချီးကျူးခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟာ National Leader  (အမျိုးသားခေါင်းဆောင်) ဖြစ်တယ်။ ဗိုလ်ချုပ်ရဲ့လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေဟာ ဒီကနေ့အထိပြောရရင် မကုန်နိုင်ပါဘူး။ 

 

ဗိုလ်ချုပ်လမ်းစဉ်အရသာ သွားမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အတော် တိုးတက်နေပါပြီ။ လွတ်လပ်ရေးရခါစအခြေအနေကို ပြန်ကြည့်ရင် ကျွန်တော်တို့တိုင်းပြည်ဟာ ထိုင်းနိုင်ငံထက် လည်း သာတယ်။ စင်ကာပူထက်လည်း သာတယ်။ အရှေ့ တောင်အာရှမှာ ဦးဆောင်နိုင်ငံဖြစ်ခဲ့တယ်။ နောက်ပိုင်း ဖဆပလ ကွဲပြီးတော့ တပ်မတော်အစိုးရတက်လာပြီး နောက်ပိုင်း ကျဆုံးခဲ့တာ ဒီကနေ့အထိ အဖတ်ဆယ်လို့ မရသေးပါဘူး။ 

 

ကျွန်တော်တို့တိုင်းပြည်ကို ဒီမိုကရေစီစနစ်နဲ့ အကောင်အထည်ဖော်ခဲ့တယ်။ ဗိုလ်ချုပ်လိုချင်တာလည်း ဒီမိုကရေစီပဲ။ တိုင်းပြည်ကလည်း ဒီမိုကရေစီပဲ။ ဒါကြောင့် ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင်သွားနေတဲ့ နိုင်ငံရဲ့အဟုန်မှာ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာ တယ်။ သူလည်းပဲ ဒီမိုကရေစီလမ်းကြောင်းအတိုင်း သွားနေတယ်။ သူတာဝန်ယူရတဲ့အပိုင်းတွေသည် ငြိမ်းချမ်း ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ဖို့ အဲဒီ အချက်တွေကို သူတို့ဦးတည်ပြီးလုပ်နေတာ ဖြစ်ပါတယ်။

 

 

 

 

လွတ်လပ်ရေးအရသာ 

 

ဒါတွေရမှလည်း တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လွတ်လပ်ရေးအရသာကို အပြည့်အဝခံစားနိုင်ဖို့ရာ သေနတ်သံတစ်ချက်မကြားရ၊ ဓားပြတိုက်မခံရ၊ ခါးပိုက်နှိုက်မခံရတဲ့ လုံခြုံရေးအပြည့်အဝ ရှိတဲ့၊ ဥပဒေစိုးမိုးတဲ့ နိုင်ငံဖြစ်ဖို့ရာအတွက် ဒီကနေ့ အစိုးရ ကြိုးပမ်းနေတယ်လို့ ကျွန်တော်မြင်တယ်။ ရောက်တယ်၊ မရောက်ဘူးဆိုတာက ခင်ဗျားတို့၊ ကျွန်တော်တို့ လုပ်ဆောင်မှုအပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့ တစ်တွေ စိတ်ဝမ်းကွဲပြီး တစ်ယောက်တစ်မျိုး လုပ်နေကြရင် ဒီတိုင်းပြည် ဘယ်တော့မှလည်း ထူထောင်နိုင်မှာ မဟုတ် ဘူး။ ဘယ်တော့မှလည်း ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ဘူး။

 

၁၈၈၅ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အထိ နှစ်ပေါင်း ၆၃ နှစ်တိတိ ကြာခဲ့တဲ့ အချိန်ကာလမှ လွတ်လပ်ရေး ရတယ်။ အဲဒီ ၁၈၈၅ ခုနှစ် ဟိုဘက်ကို ပြန်ကြည့်မယ် ဆိုရင် တိုင်းပြည်ဟာ စည်းစည်းလုံးလုံးမရှိ၊ ဖရိုဖရဲနဲ့ ပျက်ပြားပြီး သူတစ်လူ ငါတစ်မင်း ကျွန်ဇာတ်ခင်းနေတဲ့ ကာလ ဖြစ်တယ်။ သီပေါမင်းပါတော်မူပြီးတဲ့အချိန်ကစ ပြီး ဒီဘက် တောက်လျှောက် တိုင်းရင်းသားမျိုးချစ်ပုဂ္ဂိုလ် တွေ လူမျိုးဘယ်လိုကွဲကွဲ ရှမ်း၊ ကရင်၊ ကချင် စတဲ့ အုပ်စုလိုက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိတဲ့ ပုဂ္ဂိုလ်တွေ ရရာလက်နက်စွဲပြီး နယ်ချဲ့အင်္ဂလိပ်အစိုးရကို တော်လှန် ခဲ့ကြတယ်။ အဲဒီမှာလည်း တိုင်းရင်းသားတွေရဲ့ အသက် သွေးချွေးပေါင်းများစွာ ပေးဆပ်ခဲ့ရပါတယ်။ နောက်ဆုံး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်နဲ့တကွ လွတ်လပ်ရေးကို ကြိုးပမ်းနေကြတဲ့ အမျိုးသား ခေါင်းဆောင်ကြီးတွေ အသက်စွန့်လွှတ်ပေးဆပ်ခဲ့ရ ပါတယ်။ အဲဒီနောက်ပိုင်းမှာမှ လွတ်လပ်ရေးရတာပါ။

 

နှစ်ပေါင်း ၁၂၀ ကျော် ကာလတစ်လျှောက် ကျွန်တော်တို့ ကျွန်သပေါက် ဖြစ်ခဲ့ရပါတယ်။ ဘယ်လောက်အထိ ဆိုးရွားခဲ့သလဲဆိုရင် ကျွန်တော်တို့ကို အင်္ဂလိပ်မျက်နှာဖြူတွေက ဆက်ဆံတာက မောင်မင်း နောက်မှာ (င) ထပ်ထည့်ပြီး ငအုန်းကြိုင် အဲဒီလို ခေါ်ပါ တယ်။ အင်္ဂလိပ်အရှင်သခင်တွေကို ဘုရားလို့ ထူးရပါ တယ်။ အင်္ဂလိပ်အရှင်သခင်တွေရဲ့ရုံးကိုသွားရင် ဖိနပ်ချွတ် ရပါတယ်။ ဒီလောက်အထိ ကျွန်တော်တို့ သပေါက်ဘဝကို ကျရောက်ခဲ့ရတာ။ ဒီလိုအဖြစ်ဆိုးတွေကို ရဲရဲဝံ့ဝံ့နဲ့ စွန့်စွန့်စားစားတိုက်ဖို့ ဗိုလ်ချုပ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်လို လူမျိုးဟာ ကိုယ်ကျိုးမဖက်၊ နိုင်ငံ့အတွက် သက်သက်လုပ်သွားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

 

မေး။ ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့နေ့မှာ တွေ့ကြုံ ခဲ့ရတဲ့မြင်ကွင်းကို ပြောပြပေးပါဦးခင်ဗျာ။

 

ဖြေ။ ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့နေ့မှာ တွေ့ကြုံခဲ့ရတဲ့ မြင်ကွင်းကို ပြန်လည် ပြောပြချင်ပါတယ်။ ကျွန်တော်အသက်လည်း ကိုးဆယ်ပြည့်ပြီးပါပြီ။ ကျွန်တော် သေသွားရင် ဒီစကားပြောမယ့်သူ မရှိတော့ပါဘူး။ သက်သေခံဓာတ်ပုံတွေနဲ့တကွ တင်ပြချင်ပေမယ့် ကျွန်တော်တို့ တိုင်းပြည်အခြေအနေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ကာလအပျက်အစီးတွေကြောင့် ကျွန်တော့်မှတ်တမ်းတွေ မရှိတော့ပါဘူး။ ဟံသာဝတီသတင်းစာတိုက်လည်း ပျက်စီးခဲ့ပြီး ဓာတ်ပုံတွေ မရှိတော့ပါဘူး။ ရရာမှတ်တမ်းဓာတ်ပုံ တွေကိုသုံးပါ။ ကျွန်တော်မှတ်မိသလောက် ကျွန်တော့်ခေါင်းထဲ စွဲနေတဲ့အပိုင်းကို တင်ပြပါ့မယ်။ ကျွန်တော်တို့ လွတ်လပ်ရေးရစကာလ အင်မတန်ကောင်းပါတယ်။ အခြေအနေတွေကို အသေးစိတ်တင်ပြနိုင်ရင် နောင်လာနောက်သားတွေအတွက် အင်မတန်အဖိုးတန်တဲ့ကိစ္စ ဖြစ်ပါမယ်။

 

ကျွန်တော်တို့လွတ်လပ်ရေးရတာ အချုပ်အခြာ အာဏာပိုင် လုံးဝလွတ်လပ်တဲ့ နိုင်ငံတော်အဖြစ်နဲ့ရပါတယ်။ အချုပ်အခြာအာဏာပိုင် လုံးဝလွတ်လပ်တဲ့နိုင်ငံလို့ ပြောခြင်းဟာ ဗြိတိသျှကိုလိုနီဘဝကနေ လွတ်လပ်ရေး တောင်းဆိုကြတဲ့အခါ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံက ဒိုမီနီယံ စတေးတပ် တစ်နှစ်ယူပါတယ်။ ဗြိတိသျှရဲ့ ဩဇာခံအဖြစ်နဲ့ပါ။ ဗိုလ်ချုပ်ကတော့ လုံးဝ လွတ်လပ်တဲ့၊ လွတ်လပ်မှုအပြည့်ရှိတဲ့ နိုင်ငံပဲယူမယ်။ ဘာမှမယူဘူးဆိုပြီး လုပ်ခဲ့တာပါ။

 

လွတ်လပ်ရေးကြိုးပမ်းမှုကိုပြောမယ်ဆိုရင် သမိုင်းစဉ်တစ်လျှောက် ဖြတ်သန်းခဲ့တဲ့ လွတ်လပ်ရေးကာလ ၇၁ နှစ်ရှိပါပြီ။ လွတ်လပ်ရေးအောင်ပွဲနေ့ အခမ်းအနားတွေလည်း ကျင်းပခဲ့ပါပြီ။ သို့သော် လွတ်လပ်ရေး ဘယ်လိုရလို့ ဘယ်လိုဖြစ်တယ်ဆိုတာကို ပြောတဲ့ပုဂ္ဂိုလ် အင်မတန် နည်းပါတယ်။ ဗိုလ်ချုပ်တို့ရယူခဲ့တဲ့ အချုပ်အခြာအာဏာ လုံးဝအပြည့်အဝရှိတဲ့ လွတ်လပ်ရေးနေ့ ပထမဆုံးအကြိမ် ကျင်းပခဲ့တာ ကျွန်တော်ပြောပါမယ်။

 

မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလပြည့်ကျော် ၉ ရက်၊ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ တနဂငေ်္နွနေ့ နံနက် ၄ နာရီ မိနစ် ၂၀ မှာ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရပါတယ်။ အဲဒီနေ့ဟာ ရန်ကုန်တစ်မြို့လုံး၊ တိုင်းပြည်တစ်ခုလုံး ကျေးလက်တောရွာမကျန် အားလုံး မအိပ်ဘဲနဲ့ တိုင်းသူပြည်သားတွေအကုန် စောင့်မျှော်နေကြတယ်။ လွတ်လပ်ရေးဆိုတာ ဘယ်လိုယူကြမလဲ၊ ဘာတွေဖြစ်ကြမလဲဆိုပြီး စောင့်နေတယ်။

 

ရန်ကုန်တစ်မြို့လုံးဟာ လွတ်လပ်ရေးနေ့အောင်ပွဲ အခမ်းအနားကျင်းပတဲ့ ပြာသိုလ ဆောင်းဦးနဲ့အတူ နှင်းမှုန်ကြားမှာ သာယာတဲ့ အသံတွေနဲ့ ဖုံးလွှမ်းပြီး မြို့သူ၊ မြို့သား ကလေးပါမကျန် အကုန်လုံး နိုးနေ၊ စောင့်နေကြတယ်။ ပထမဆုံးအကြိမ်ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို သုံးကြိမ်သုံးခါခွဲ ကျင်းပပါတယ်။ လွတ်လပ်ရေးရရှိပြီ၊ အချုပ်အခြာအာဏာ ပိုင်ပြီဆိုတဲ့ သရုပ်ကိုဖော်ပြတဲ့ နိုင်ငံတော်အလံလွှင့်တင်တာ၊ ဗြိတိသျှ ဘုရင်ခံချုပ် မြန်မာနိုင်ငံကထွက်ခွာတာ၊ လွှတ်တော်ကျင်းပတာ။ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ဖော်ဆောင်တာ ဆိုပြီးပါတယ်။

 

ကျွန်တော်တို့ သတင်းစာသမားတွေလည်း အတွင်းဝန်များရုံး အလယ်မှာရှိတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ရောက်ရှိနေပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ရွေးကောက်ခံရတဲ့ အမတ်တွေအားလုံးရှိပါတယ်။ နောက် ယာယီအစိုးရအဖွဲ့ကို ခေါင်းဆောင်မယ့် နိုင်ငံတော်သမ္မတ ရှိပါတယ်။ ယာယီသမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်လည်း ရှိပါတယ်။ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မယ့် နိုင်ငံတော်ဝန်ကြီးချုပ် သခင်နု၊ လွှတ်တော်ပါလီမန် ယာယီဥက္ကဋ္ဌ ပျော်ဘွယ်ဦးမြ သူတို့လည်း အကုန်စောင့်နေတာပဲ။ အဲဒီအချိန်မှာ တပ်မတော် စစ်တီးဝိုင်း အဆင်သင့်ရှိတယ်။ ကရင်ရိုင်ဖယ် (ကရင်အမျိုးသားတပ်ဖွဲ့) က စစ်တီးဝိုင်းဖြစ်ပါတယ်။ ဗမာ့ တပ်မတော်ကြည်းတပ်ဖွဲ့က လွှတ်တော်အရှေ့ မြက်ခင်းပြင် အလံတိုင်ရှိရာ ကွင်းအရှေ့ဘက်ထိပ်ဆုံးမှာ နေရာယူပါတယ်။ နောက် တပ်မတော်ရေက နေရာယူပါတယ်။ တပ်မတော်လေ နေရာယူပါတယ်။ နောက်အဲဒီကွင်းပြင်ထဲမှာ ရဲလက်နက်ကိုင်တပ်ဖွဲ့က နေရာယူပါတယ်။ ကရင်ရိုင်ဖယ် စစ်တီးဝိုင်းက တီးနေပါတယ်။ အဲဒီတုန်းက ရရာ ဖိတ်ကြားပြီးလုပ်တဲ့ မင်္ဂလာစည်တော်ကြီးအဖွဲ့က စည်တော်ရွမ်းနေပါတယ်။

 

နံနက် ၄ နာရီ ၁၅ မိနစ်လောက်မှာ နိုင်ငံတော်သမ္မတ နဲ့ ဝန်ကြီးချုပ်တို့ အဆောင်အယောင်နဲ့ ထွက်လာပါတယ်။ အဲဒီအချိန်မှာ စည်တော်ရွမ်းတာ ရပ်စဲသွားပြီး အချက်ပြ မီးနီတစ်ချက် ပွင့်လာပါတယ်။ အားလုံး တိတ်ဆိတ်သွားတယ်။ ၄ နာရီ ၁၉ မိနစ် ရောက်ပါပြီ။ ၄ နာရီ မိနစ် ၂၀ ပြည့်တာနဲ့ မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင်ခံ ဆာဟူးဘတ်ရန့် မြန်မာပြည်ကနေ ထွက်ခွာမယ့် အစီအစဉ်အရ စောင့်နေတဲ့ ဘာမင်ဟန် ခရူဆာစစ်သင်္ဘောက ရန်ကုန်မြစ်အတွင်းမှာ အသင့်စောင့်နေတယ်။ အဲဒီသင်္ဘောက အမြောက် ၁၇ ချက် ဖောက်တယ်။ ပစ်ဖောက်လိုက်တာနဲ့ ရန်ကုန်တစ်မြို့လုံးက သင်္ဘောတွေရော၊ စက်ရုံအလုပ်ရုံတွေရော ဥဩတွေဆွဲကြတယ်။ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းတွေက ခေါင်းလောင်းတွေထိုးတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေက အုန်းမောင်းတွေ ခေါက်ကြတယ်။ ကြေးစည်တွေရိုက်တယ်။ ခရုသင်းတွေ မှုတ်ကြတယ်။

 

ကျွန်တော်တစ်ခုသတိရတာက နိုင်ငံတော်သမ္မတကြီးရဲ့ ဝတ်စားဆင်ယင်လာပုံပါ။ နိုင်ငံတော်သမ္မတကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ပုဂ္ဂိုလ်က ရှမ်းအမျိုးသား ဖြစ်ပါတယ်။ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်က ရှမ်းဝတ်စုံဝတ်တယ်။ ခေါင်းပေါင်း ပိုးပဝါ ပန်းနုရောင်လေးမှာ ရွှေချည်ထိုးထားပါတယ်။ တိုက်ပုံအင်္ကျီအဖြူ ဝတ်ပါတယ်။ ပန်းနုရောင်တောင်ရှည်ပုဆိုး မန္တလေးပိုးလုံချည် ဝတ်ပါတယ်။ ဝန်ကြီးချုပ် သခင်နုကလည်း စကော့ဈေးလို့ခေါ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေး မြပိုးထည်တိုက်ကရောင်းတဲ့ မောင့်ကျက်သရေခေါင်းပေါင်း ပန်းနုရောင်လေး ဆောင်းပါတယ်။ ပန်းနုရောင်တိုက်ပုံ၊ ပန်းနုရောင်တောင်ရှည် မန္တလေးပုဆိုး ဝတ်ပါတယ်။ အလားတူ လွှတ်တော်ဥက္ကဋ္ဌ ပျော်ဘွယ်ဦးမြကလည်း အဲဒီလိုပဲဝတ်တာကို အဲဒီမြင်ကွင်း ကို ပြန်သတိရလို့ပါ။

 

 

ကျွန်တော်တို့ အခမ်းအနားကျင်းပတဲ့ ရန်ကုန်အတွင်းဝန်များရုံး လွှတ်တော်ရှေ့ မြက်ခင်းပြင်မှာတော့ နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့က ရှိနေတယ်။ သူတို့နဲ့အတူ လွှတ်တော်အမတ်တွေ၊ အရာရှိကြီးတွေ၊ အတွင်းဝန်တွေ အကုန်စောင့်နေတယ်။ နံနက် ၄ နာရီ မိနစ် ၂၀ မှာပဲ အလံတိုင်ရှေ့မှာရှိတဲ့ ယူနီယံဂျက် အလံကို ဗြိတိသျှ အရာရှိတစ်ယောက်က ချပါတယ်။ ကျွန်တော်တို့ ဗမာ့ရေတပ်မတော်က ကရင်အမျိုးသား ဗိုလ်မှူးစောချစ်စိန်က ပထမဦးဆုံးသော ကြယ်ငါးပွင့်နဲ့ ပြည်ထောင်စုအလံကို အလံတိုင်ထိပ်မှာ တင်လိုက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ လွတ်လပ်ရေးနေ့ အခမ်းအနား စတင်ကြောင်း ကြေညာလိုက်ပါတယ်။ နံနက် ၄ နာရီ ၄၅ မိနစ်ရောက်တာနဲ့ မင်းပရိသတ်အားလုံးဟာ လွှတ်တော်ခန်းမထဲကို ဝင်ကြပါတယ်။ နိုင်ငံတော် သမ္မတကြီးအဖြစ် ဆောင်ရွက်မယ့် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၊ ဝန်ကြီးချုပ် သခင်နု၊ လွှတ်တော်ဥက္ကဋ္ဌ ပျော်ဘွယ်ဦးမြနဲ့ လွှတ်တော်အမတ်တွေ နေရာယူကြတယ်။ ယူပြီးတော့ နိုင်ငံတော်သမ္မတကြီးက လွှတ်တော်ရဲ့ ဥက္ကဋ္ဌ စင်မြင့်မှာ နေရာယူတယ်။

 

နေရာယူပြီးတာနဲ့ နိုင်ငံတော်သမ္မတရာထူးကို လက်ခံသိမ်းပိုက်ကြောင်း ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်က ကြေညာတယ်။ နိုင်ငံတော်သမ္မတက နှုတ်ခွန်းဆက်စကား ပြောကြားပါတယ်။ ပြီးတဲ့အခါ လွတ်လပ်ရေးတိုက်ပွဲမှာ ကျဆုံးသွားကြတဲ့ ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုတဲ့ မျိုးချစ်သူရဲကောင်း တိုက်ပွဲဝင် ရဲဘော်အပေါင်းအတွက် နှစ်မိနစ် ငြိမ်သက်စွာနေကြပြီး မေတ္တာပို့အမျှဝေပါတယ်။ အဲဒီမှာ သမ္မတကြီးက ယာယီ အစိုးရအဖွဲ့ ဝန်ကြီးချုပ် သခင်နုထံ ရုံးတံဆိပ်အပ်နှံပါတယ်။ အလားတူ အခြားဝန်ကြီးတွေကိုလည်း ရုံးတံဆိပ် အပ်နှံတယ်။ အဲဒီမှာ လွှတ်တော်အမတ်တွေလည်း သူ့နေရာနဲ့သူ ထိုင်စောင့်နေတယ်။ တံဆိပ်တွေပေးပြီး အခမ်းအနား ပထမပိုင်းကို ရပ်ဆိုင်းပါတယ်။

 

ဒုတိယပိုင်းအစီအစဉ်

 

ဒုတိယပိုင်းမှာက ဗမာပြည်ကို နှစ်ပေါင်း ၁၂၀ ကျော် အုပ်ချုပ်လာတဲ့ ဗြိတိသျှအစိုးရရဲ့ နောက်ဆုံးဘုရင်ခံ ဆာဟူးဘတ်ရန့် ဗမာပြည်က ထွက်ခွာတဲ့ အစီအစဉ်ပါ။ အဲဒီအစီအစဉ်ကိုတော့ ရန်ကုန်မြို့ ဝင်ဆာလမ်းမှာရှိတဲ့ ဘုရင်ခံအိမ်တော်ရှေ့က မြက်ခင်းပြင်မှာ ကျင်းပပါတယ်။ နံနက် ၆ နာရီ ၄၅ မိနစ်မှာ အခမ်းအနား စတင်ကျင်းပပါတယ်။ အိမ်တော်ထဲကနေ နိုင်ငံတော်သမ္မတကြီးနဲ့ ဘုရင်ခံထွက်လာတယ်။ မြက်ခင်းပြင်ရှေ့က စင်ကလေးပေါ်မှာ နေရာယူတယ်။ ဗြိတိသျှအလံကိုချတယ်၊ နိုင်ငံတော်အလံကိုတင်တယ်။ အဲဒီအချိန်မှာ ရန်ကုန်မြစ်ထဲက ဘာမင်ဟန် စစ်သင်္ဘောက အမြောက် ၁၇ ချက် ပစ်ဖောက်ပါတယ်။ ဘုရင်ခံက စင်ပေါ်ကနေ ဆင်းလာပြီး အစိုးရအဖွဲ့ဝင်တွေကို တစ်ယောက်ချင်းစီ နှုတ်ဆက်တယ်။ နှုတ်ဆက်ပြီး အိမ်တော်ကနေ ကားနဲ့ထွက်ခွာတယ်။ ပန်းဆိုးတန်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဘာမင်ဟန် သင်္ဘောပေါ်ကိုတက်သွားပါတယ်။ ဒါဟာ မြန်မာနိုင်ငံကို နှစ်ပေါင်း ၁၂၀ ကျော်အုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှတို့ရဲ့ နောက်ဆုံးဇာတ်သိမ်းတဲ့ အခမ်းအနားပါပဲ။

 

တတိယပိုင်းအစီအစဉ်

 

အချုပ်အာဏာပိုင်နိုင်ငံအဖြစ်ကြေညာတဲ့ လွှတ်တော် အစည်းအဝေးကို နံနက် ၁၀ နာရီ ၁၅ မိနစ်မှာ ရန်ကုန်မြို့ အတွင်းဝန်များရုံးက လွှတ်တော်အစည်းအဝေးခန်းမမှာ ကျင်းပပါတယ်။ လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်အမတ်တွေ ကျမ်းသစ္စာဆိုပြီးနောက် ၁၀ နာရီခွဲမှာ နိုင်ငံတော်သမ္မတ ရောက်လာတယ်။ လွတ်လပ်ရေးနေ့မိန့်ခွန်းကို ပြောကြားတယ်။ ပြောကြားပြီးနောက်မှာ လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတကာက ပေးပို့တဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားတယ်။ ဗြိတိသျှ ဆဋ္ဌမမြောက် ဂျော့ဘုရင်ရဲ့ သဝဏ်လွှာကို ပထမဆုံးဖတ်ပါတယ်။ နန်းရင်းဝန် အက်တလီ သဝဏ်လွှာကိုဖတ်တယ်။ အမေရိကန်သမ္မတ ထရူးမင်းရဲ့ သဝဏ်လွှာကိုဖတ်တယ်။ အိန္ဒိယနိုင်ငံက ဝန်ကြီးချုပ် နေရူးရဲ့သဝဏ်လွှာကို ဖတ်တယ်။ သုံး၊ လေး စောင်လောက်ဆက်ဖတ်ပြီး သဝဏ်လွှာဖတ်တဲ့ အခမ်းအနားပြီးတယ်။ ပြီးတဲ့အခါ နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုက လွှတ်တော်မှာ အဆိုနှစ်ရပ် တင်ပါတယ်။ ဒါဟာ သမိုင်းပါ။

 

လွတ်လပ်ရေးနေ့မှာ ပထမဆုံးတင်သွင်းတဲ့ သမိုင်းဝင်လွှတ်တော်အဆိုနှစ်ရပ်

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပါလီမန်ဆိုင်ရာ လွှတ်တော် နှစ်ရပ်လုံးရဲ့ အာဏာကို သုံးစွဲဆောင်ရွက်ခံစားရမည် ဟူသော ဥပဒေပုဒ်မ ၂၃၁ ဥပဒေခွဲ ပုဒ်မ ၁ အရ ဤတိုင်းပြုပြည်ပြုလွှတ်တော်က လန်ဒန်မြို့တွင် ၁၃၀၉ ခုနှစ် တန်ဆောင်မုန်းလဆန်း ၄ ရက်၊ ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့၌ မြန်မာနိုင်ငံ ယာယီ အစိုးရနှင့် ဗြိတိသျှအစိုးရတို့ ချုပ်ဆိုခဲ့သော စာချုပ်ကို သဘောတူအတည်ပြုကြောင်း အဆိုဖြစ်ပါတယ်။ ဒါဟာ လွတ်လပ်ရေးအတွက် အောင်ဆန်း-အက်တလီ ပဏာမ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ ဖြစ်လာတာပါ။

 

ဒုတိယအဆိုက ဥပဒေပုဒ်မ ၂၃၁ အရ နိုင်ငံတော် ယာယီသမ္မတက ထုတ်ပြန်တဲ့ ကြေညာချက်အမိန့်ကို ဤလွှတ်တော်က သဘောတူတယ်။ ဒါက ဘာလဲဆိုတော့ ကျွန်တော်တို့တိုင်းပြည် လွတ်လပ်ရေးရတဲ့အတွက် တိုင်းပြည်မှာ ဆင်းရဲသားတွေ၊ ဒွန်းစဏ္ဍားတွေ စသည့် လူတန်းစားနိမ့်ကျတဲ့ လူတန်းစားတွေ မရှိစေရ၊ ပပျောက် ရမယ်ဆိုတဲ့အမိန့် ဖြစ်ပါတယ်။ အဲဒီအမိန့်ကို အတည်ပြု ကြောင်း တင်သွင်းပြီးတော့ လွှတ်တော်ပြီးဆုံးပါတယ်။

 

လွတ်လပ်ရေးနေ့တွင် ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့စာရင်း

 

နိုင်ငံတော်ဝန်ကြီးချုပ်နေရာမှာ သခင်နုက တာဝန်ယူတယ်။ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်လကျာ်က တာဝန်ယူတယ်။ နိုင်ငံခြားရေးဌာနဝန်ကြီးအဖြစ် အိုင်စီအက်ဦးတင်ထွဋ်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးအဖြစ် မြန်မာ့အလင်းသတင်းစာဆရာ ဦးတင်က တာဝန်ယူပါတယ်။ ကရင်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် စောစံဖိုးသင်၊ ရှမ်းပြည်နယ်ဆိုင်ရာ ဝန်ကြီးအဖြစ် ဦးထွန်းမြင့် (လင်းခေး)၊ ကချင်ပြည်နယ်ဆိုင်ရာဝန်ကြီးအဖြစ် ဆမား ဒူးဝါးဆင်ဝါးနောင်၊ ကရင်နီပြည်နယ် (ယခုကယား) ဆိုင်ရာ ဝန်ကြီးအဖြစ် စောဝဏ္ဏ၊ ချင်းပြည်နယ်ဆိုင်ရာ ဝန်ကြီးအဖြစ် ဦးဝမ်းသူးမောင်၊ တရားစီရင်ရေးဆိုင်ရာ ဝန်ကြီးအဖြစ် ဦးဘဂျမ်း၊ ကူးသန်းရောင်းဝယ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဌာနဝန်ကြီးအဖြစ် ဦးကိုကိုကြီး၊ သစ်တောရေးနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် သခင်တင်၊ ပြည်ထဲရေးဌာန ဝန်ကြီးအဖြစ် ဦးကျော်ငြိမ်း၊ လမ်းပန်းအဆောက်အဦနှင့် အလုပ်သမားရေးရာ ဝန်ကြီးအဖြစ် မန်းဝင်းမောင် (နောက်ပိုင်း နိုင်ငံတော်သမ္မတ အဖြစ်ဆောင်ရွက်ခဲ့)၊ ပညာရေး၊ ပြည်သူ့ဝန်ထမ်းနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးအဖြစ် ဗိုလ်ဖိုးကွန်း (ဗိုလ်မှူးဖိုးကွန်း)၊ အမျိုးသားစီမံကိန်းနဲ့ စက်မှုလက်မှုဝန်ကြီးအဖြစ် ဟင်္သာတဦးမြ၊ ပြန်ကြားရေးဝန်ကြီးအဖြစ် ဦးညိုထွန်း၊ ဌာနလက်ကိုင်မရှိဝန်ကြီးအဖြစ် ဗိုလ်စိန်မှန်တို့ ပါဝင်တဲ့ အစိုးရအဖွဲ့ကို ကြေညာပြီးတော့ နံနက်ပိုင်းအခမ်းအနား ရပ်စဲတာပေါ့။

 

 

ထိန်းသိမ်းသင့် 

 

ကျွန်တော်ပြောချင်တာက ကျွန်တော်တို့သမိုင်းမှာ ကျွန်တော်တို့ဟာ တော်တော်လေး အထိန်းအသိမ်း ပေါ့လျော့ခဲ့တယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့ တိုင်ထိပ်က ချလိုက်တဲ့ ယူနီယံဂျက်အလံ၊ ကျွန်တော်တို့ ပထမဆုံးတင်လိုက်တဲ့ ပြည်ထောင်စုအလံ နှစ်ခုကို အရာရှိ တစ်ယောက် ထိန်းသိမ်းထားတယ်လို့ပဲ သိလိုက်ရတယ်။ ဒီနေ့ထက်ထိ ဘယ်မှတ်တမ်းတိုက်၊ မော်ကွန်းတိုက်ကမှ သိမ်းထားတယ်ဆိုတာ မသိရဘူး။ အဲဒီထိန်းသိမ်းတဲ့နေရာမှာ အခုထိရှိသေးတယ်လို့ပဲကြားတယ်။ ဒါကို ပြန်လည် ရှာဖွေထိန်းသိမ်းရင်တော့ သမိုင်းမှာ အဖိုးတန်မှာ ဖြစ်ပါမယ်။

 

ဆက်လက်ဖော်ပြပါမည်

Share this on Social Media