အိပ်မက်လမ်းသို့ ခရီးရှည် (၄)

၂ ဇန်နဝါရီ

 

ပန်နန်းဒင်ဆိုသည်မှာ စင်စစ်သော်ကား မြန်မာပြည်မြောက်ဖျားဆီက ပန်နန်းဒင်မြို့လေးသည် ကျွန်တော်နှင့် သိပ်ပြီးစိမ်းလှ သည်တော့မဟုတ်သေး။ မစိမ်းဆို လွန်ခဲ့သည့်နှစ်လို့ပဲ ပြောရမလား ၂၀၁၈ ခုနှစ် မတ်လထဲမှာ တစ်ခေါက် ရောက်ခဲ့ဖူးပြီ၊ ဝန်ထမ်းဘဝကိုနှုတ်မဆက်မီ ရောက်သင့်သောဒေသဖြစ်သည်ဟု ထင်မြင်ယူဆမိ၍ တမင်ကို ရောက်အောင်သွားခဲ့သည်ဆိုလျှင် မမှားပါ။ မြို့မရပ်ကွက်တစ်ခု အိမ်ခြေ ၂၂ အိမ် အိမ်ထောင်စု ၂၀ စု လူဦးရေ ၁၁၉ ဦးနှင့် ထူးဆန်းစွာဖြစ်တည်နေသော မြို့ကလေး၊ တစ်ချိန်ကတော့ မြို့နယ်ခွဲဘဝသို့ ရောက်ခဲ့ ဖူးသောကြောင့် သူ့ကို ငါ့ဝါ၊ ဒဇွန်ဒမ်း၊ တဆူထု၊ အလီအောင်၊ မခွမ်ကန်တည်းဟူသော ကျေးရွာအုပ်စု ငါးအုပ်စုက ဝန်းရံထားပြီး လူဦးရေ ၁၈၀ဝ ခန့်ရှိကြောင်း၊ ရဝမ်တိုင်းရင်းသား အများဆုံးနေထိုင်၍ မြောက်ဖျား တွင် တိဘက်လူမျိုးများ အနည်းငယ်တွေ့နိုင်ကြောင်း သိရပါသည်။

 

 

အမြင့်ပေ ၅၈၀ဝ ကျော်ရှိ ဝိုင်ဖီတောင်ကြောပေါ်မှ လှမ်းမျှော်ကြည့်လိုက်ပါက ရုံးကုန်းဟုခေါ်သည့် နေရာ၌ ရုံးအဆောက်အအုံများကို တစုတဝေးတည်း တွေ့မြင်ရမည် ဖြစ်သကဲ့သို့ တောင်ကုန်းတောင်စွယ် လေးများပေါ်က မြို့မရပ်ကွက်အိမ်စုလေးများကိုလည်း ဟိုတစ်စုသည်တစ်စု တွေ့မြင်ရမည်သာ။

 

ဆေးရုံနှင့် အထကကျောင်းက သိပ်မဝေးလှကပ်လျက် တည်ရှိနေသည်။ ဘယ်နေရာကနေပဲ လှမ်းကြည့်ကြည့်၊ အိန္ဒြေအရဆုံးကတော့ မြို့လေးရဲ့ဘေးမှာ တငြိမ့်ငြိမ့် တေးဆိုရင်း စီးဆင်းနေသော နမ့်တမိုင် ချောင်းလေးပဲ ဖြစ်ပါလိမ့်မည်။ သူ့အပေါ်မှာ ကြိုးတံတားလေးတစ်စင်းက အလှပေါ်အယဉ်ဆင့်လျက် ပန်နန်းဒင်မြို့လေး၏ အလှကို ပိုမိုဝင့်ထည်စေခဲ့သည်။ အေးမြကြည်လင်သော ချောင်းရေတို့သည် မေခမြစ်အတွင်းသို့ စီးဝင် ကြကုန်၏။ နောင်မွန်မြို့လေးကဲ့သို့ပင် ပန်နန်းဒင်မြို့လေး၏ ဂုဏ်သိက္ခာကို ပိုမိုခံ့ညားထည်ဝါစေသော အကြောင်းရင်းတစ်ရပ်မှာ ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်သည် နောင်မွန်မြို့နယ်နှင့် ပန်နန်းဒင်ဒေသ အတွင်း မြောက်လတ္တီကျု၂၇ ံ ၃၀ဓ နှင့် ၂၈ ံ ၃၀” အကြား၊ အရှေ့လောင်ဂျီကျု ၉၇ ံ၁၅ဓ နှင့် ၉၈ ံ၁၅” အကြားတည်ရှိနေ၍ ဝင်ပေါက်သဖွယ်ဖြစ်နေခြင်းပင်တည်း။

 

ခါကာဘိုရာဇီ (သို့) အထန်ဘွန်ရာဇီ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ၌သာ ရေခဲတောင်များကို တွေ့မြင်နိုင်မည် ဖြစ်သကဲ့သို့ထိုအထဲကမှ အမြင့်ပေ ၁၉၂၉၆ ပေရှိ ခါကာဘိုရာဇီ တောင်ထွတ်သည် နောင်မွန် ပန်နန်းဒင်ဒေသ၏ အနောက်မြောက်အရပ်တွင် တည်ရှိနေပေရာ သူ၏ကျော်စောသတင်းကလည်း ဒေသခံတိုင်းရင်းသားများအတွက် ဂုဏ်ယူစရာကောင်းလှပေသည်။ ခါကာ ဘိုရာဇီတောင်ကို ရဝမ်ဘာသာစကားအရ အထန်ဘွန်ရာဇီဟုခေါ်ကြောင်း၊ အထန်ဘွန်ဆိုသည်မှာ အလွန်မြင့်မား၍ အဘက်ဘက်မှ ရှင်းလင်းပြတ်သား စွာမြင်ရသော၊ ဘွန်ကတော့ ဝပ်စင်းနေခြင်း၊ ရာဇီက တောင်ကိုခေါ်ခြင်းဖြစ်ပေရာ အဘက်ဘက်မှ လှမ်း၍မြင်နေရသည့် ဝပ်စင်းနေသောတောင်ကြီးဟု အဓိပ္ပာယ် ရကြောင်း သိရှိရပါသည်။ ပန်နန်းဒင် ဒေသသည် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်မှ အမျိုးအစားစုံလင်လှသည့် တောရိုင်းတိရစ္ဆာန်များ၊ ပရဆေးအနွယ်များအပါအဝင် ရှားပါးသစ်ပင်မျိုးစိတ်များ၊ ထူးခြားသည့် ဂေဟစနစ် များကို သွားရောက်ကြည့်ရှုလေ့လာရန် တစ်ထောက် နားဒေသ ဖြစ်လာနိုင်သကဲ့သို့ ထိုဒေသတွင် နေထိုင် ကြသော တိုင်းရင်းသားတို့၏ နှစ်လိုဖွယ်ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများကလည်း စွဲဆောင်လျက်ရှိ ပေရာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ လူသိများထင်ရှားကျော်ကြားလာမည်ဟု ယုံကြည်မိပါသည်။

 

ကျွန်တော်နှင့် ပန်နန်းဒင် ပြီးခဲ့သည့် မတ်လကတစ်ခေါက် ရောက်ဖူးထားပါ လျက်ကယ်နှင့် အဘယ်ကြောင့် ပန်နန်းဒင်မြို့လေးရှိရာကို ထပ်မံရောက်လိုသည့် စိတ်အာရုံချဉ်ခြင်းတပ်မက်မှု ဖြစ်ပေါ်နေရပါသနည်း၊ ရေခဲတောင်တွေကို နောက်ခံထား၍ ဝိုင်ဖီတောင်ကြောပေါ်မှ လှမ်းမြင်နေရသော ပန်နန်းဒင်မြို့၏ အလှကြောင့်လား၊ တငြိမ့်ငြိမ့် တလှုပ်လှုပ်ကြိုးတံတားလေးပေါ်မှာ ဖြတ်လျှောက်ရင်း တွေ့မြင်ခဲ့သည့် နမ့်တမိုင်ချောင်း၏ အလှကြောင့်လား၊ ဒါမှမဟုတ် ပန်နန်းဒင်မြို့ခံ ရဝမ်တိုင်းရင်းသူလေး မချန်တန်နင်ဇီတို့သားအဖ ချက်ကျွေးလိုက်သည့် ရဝမ်ရိုးရာ ထမင်းဟင်းတွေကြောင့်ပဲလားဆိုတာ ခွဲခြား၍ မသိနိုင်တော့ပါချေ။ မသိသည့် အထဲကမှ သေချာတာ တစ်ခုကတော့ အိပ်မက်လမ်းက ခရီးရှည်ဟု အမည်ပေး ထားသည့် မဂွေဇ- ခေါင်လန်ဖူး ကားလမ်းဖောက်လုပ် နေသည့်အကြောင်း၊ MRTV အဖွဲ့ ရိုက်ကူး ပြသရာတွင် ကျွန်တော် သံယောဇဉ်ကြီးမိသော ပန်နန်းဒင်ပုံရိပ်တွေ ပါသွားစေချင်သည်။ ပန်နန်းဒင် ဆိုတာကို ကြားဖူးသူ ရောက်ဖူးသူ အလွန်နည်းပါလိမ့်မည်။ လူကြီးခရီးစဉ်တွေမှာ ရဟတ်ယာဉ်ဆင်းနိုင်ပါမှ ပန်နန်းဒင်တို့၊ ခေါငလန်ဖူးတို့ဆိုတာကို သတင်းလွှင့်ချိန် တီဗွီမှာမြင်ကြရ ခြင်းဖြစ်သည်။ ထို့ကြောင့် မြို့လေးနှင့်သူတို့ ပတ်ဝန်းကျင်အနေအထား၊ ထိုမြို့လေးက ရဝမ်တိုင်းရင်းသား၊ တိုင်းရင်းသူတို့၏ လူမှုစီးပွားဘဝနှင့် သဘာဝအတိုင်း လှုပ်ရှားသွားလာနေထိုင်မှု ဓလေ့စရိုက်များကို မြင်တွေ့စေချင်ပါသည်။ ထို့ကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့က နောင်မွန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးမည့် ဒုတိယ န်ကြီးထံ ခွင့်တောင်း၍ ထိုအဖွဲ့နှင့်မလိုက်တော့ဘဲ ပန်နန်းဒင်သို့ ကင်မရာတစ်ဆိုင်းနှင့်အတူ ထွက်ခဲ့ကြခြင်းဖြစ်သည်။ 

 

ကင်မရာတစ်ဆိုင်းဆိုသော်ငြားလည်း ထုတ်လုပ်ရေးမှူး ဒေါ်ဆွေဆွေသန်း၊ ကင်မရာ ရိုက်ကူးပေးမည့် ဂေါ်လူဂျာနော်ဆိုင်းတို့ နှစ်ဦးသာပါဝင်ပြီး ပူတာအိုခရိုင်ရုံးမှ တပည့်ဒုညွှန်မှူး ဦးဇော်လွင်ဦး၊ ဒုဦးစီးမှူးဦးစိုးလွင် ဦးတို့လိုက်ပါကူညီခဲ့ကြသည်။ ဂေါ်လူဂျာနော်ဆိုင်းက ဂျိန်းဖော တိုင်းရင်းသားမျိုးနွယ်ဖြစ်ပြီး လုပ်ငန်းအပေါ် စိတ်ရှည်သလို စကားပြောရာတွင်လည်း ရိုးသားပွင့်လင်းသည်။ သူရော သမီးငယ်ဆွေဆွေသန်းပါ ပန်နန်းဒင်သို့ မရောက်ဖူးကြသေးပေ။ တောတောင်သဘာဝရှုခင်းကအစ သူတို့၏လူနေမှုဘဝပုံစံတွေကို သေချာရိုက်ကူးခွင့် ရမည်။ သို့သော် ကားလမ်းကတော့ ဝိုင်ဖီတောင်ကို အတက်အဆင်းပြုလုပ်ရမည်။ လမ်းနည်းနည်းကြမ်း သလို အချိန်တော်တော်ကြာကြာစီးရမည်ဟု ကြိုတင်အသိပေးပြီးမှ ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၉ ရက်နေ့၌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့်အတူ ခရီးစဉ်လိုက်ပါသူအားလုံး ဆန်းလွတ်ချက် တောင်ထိပ်ပေါ်တွင် ညအိပ်ခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်ပေရာ နောက်တစ်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် စောစောတောင်ထိပ်မှ မဂွေဇသို့ပြန်ဆင်းပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့က နောင်မွန်မြို့သို့ လည်းကောင်း၊ ကျွန်တော်တို့အဖွဲ့က ပန်နန်းဒင်မြို့သို့လည်းကောင်း၊ ဆက်လက် ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။ တောင်ထိပ်မှ မဂွေဇသို့ ပြန်ဆင်းသည်က မိုင် ၃၀ ကျော်၊ မဂွေဇမှ ရပ်ဘော့သို့ဖြတ်ပြီး ပန်နန်းဒင်ခရီးက ၃၆ မိုင်ဖြစ်သည်။ ခရီးမိုင်အားဖြင့်တော့ ဝေးလှသည်ဟုမဆိုသာ၊ ဝိုင်ဖီတောင် အတက်အဆင်းမတ်၍ အနည်းငယ် အချိန်ယူ သွားလာရခြင်းဖြစ်ပါသည်။ ခရီးဘယ်လိုပင် ပန်းမည်ပဲ ပြောပြော၊ ဝိုင်ဖီတောင်အတက်မှာ ဟိုး... အမြင့်ဆီမှ စီးကျနေသောရေတံခွန်ငယ်လေးတွေကို စတွေ့လိုက်သည်နှင့် ဆွေဆွေသန်းတို့ အနုပညာ မောင်နှမနှစ်ယောက် ရိုက်ကူးရေးလုပ်ငန်းများစတင်ပါတော့သည်။

 

ပန်နန်းဒင်ဒေသပညာရေး ထိုဒေသပညာရည် မြင့်မားတိုးတက်စေချင်ပါသည်။ အမကကျောင်းတွေမှာရော ပန်နန်းဒင် အ-ထ-က(ခွဲ) ကျောင်းမှာပါ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူဦးရေ များပြားဖို့လိုပါသည်။ ငါ့ဝါ အ-မ-က ကျောင်းမျိုးမှာ ဆရာတစ်ယောက်၊ ကျောင်းသားတစ်ယောက်ပဲ ရှိသလို၊ ပန်နန်းဒင် အ-ထ-ကခွဲမှာလည်း ၁၀ တန်းကျောင်းသား တစ်ယောက်ရှိသော်ငြားလည်း၊ ကိုးတန်း ကျောင်းသားမရှိကြောင်းသိရသည်။ အဘယ်ကြောင့်ပါနည်း၊ မနှစ်ကမှ မြို့ထိပ်နားအထိ ကားလမ်းပေါက် သလို တယ်လီဖုန်းဆက်လိုလျှင် ၄၁ မိုင်ဝေးသော နောင်မွန်မြို့သို့သွားပြောမှ လိုင်းမိသည်။

 

ဆိုင်ကယ် ငှားခမှာ အသွားချည်းပဲ လေးသောင်း၊ ငါးသောင်း ကျပ်ပေးရသည်။ လမ်းပန်းနှင့်ဆက်သွယ်ရေးက ဤသို့ ဤပုံနှစ်ပါးသွားနေရသောအခါ ဒေသခံကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ကျောင်းတော်မဟာကို စွန့်ခွာ၍ ပူတာအိုလိုနေရာ၊ နောင်မွန်လိုနေရာတွေမှာ သွားရောက်နေထိုင် ပညာသင်ယူနေကြသူများရှိကြောင်း သိရသည်။ ထိုဒေသပညာရေးကို အထောက်အကူဖြစ်စေသောငှာ၊ ပထမအကြိမ် ကျွန်တော်ရောက်ရှိ စဉ်က ပန်နန်းဒင်အထကခွဲကျောင်းအတွက် ဝန်ထမ်း အိမ်ရာနှစ်လုံး၊ ဒေသမှ အမကကျောင်းများအတွက် ဆိုလာမီးအစုံ ၃၀ ကျော်၊ ဘုန်းကြီးကျောင်းပြုပြင်ရန် အလှူငွေကျပ်သိန်း ၃၀ တို့ကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ထံ တင်ပြခွင့်ပြုချက်ရယူ၍ ထောက်ပံ့ပေးခဲ့ပါသည်။

 

ပန်နန်းဒင်ဒေသလမ်းပန်းဆက်သွယ်ရေး ရပ်ဘော့-ပန်နန်းဒင်လမ်းကို ၂၀ဝ၈-၂၀ဝ၉ဘဏ္ဍာ နှစ်တွင် နတလက စတင်ဖောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ပဆင်မှ ဆက်လက်ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၇ ခုနှစ်တွင် နမ့်တမိုင်ချောင်းထိပ်အထိ ကားလမ်းပေါက်ခဲ့ ပြီဖြစ်သည်။ ပန်နန်းဒင်မှ တဟွန်ဒမ်းဒေသဘက်သို့ လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ နယ်စပ်ရေးရာ ဝန်ကြီးဌာနက ကားလမ်းဖောက်လုပ်ပေးနေပြီဖြစ်သည်။ နမ့်တမိုင်ချောင်းကို စက်ယန္တရားကြီးများ ခက်ခက်ခဲခဲဖြတ်ကျော်၍ လမ်းဖောက်လုပ်ခဲ့ရခြင်းဖြစ်သည်။ ဆက်လက်၍လည်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပေသည်။

 
(ဆက်လက်ဖော်ပြမည်)

Share this on Social Media