နှစ် ၆၀ ပြည့် သာကေတမြို့နယ်

တင်ဝင်းလေး(ကြည့်မြင်တိုင်)

 

ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း တည်ရှိသော သာကေတမြို့နယ်မှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် မြို့တည်သက်တမ်း နှစ် ၆၀ တင်းတင်း ပြည့်မြောက်တော့မည်ဖြစ်သည်။ 

 

မြို့ဝင်ကျောက်စာတိုင်မှ မှတ်တမ်းအရ “သာကေတမြို့ကို ၁၃၂၀ ပြည့်နှစ် နတ်တော် လပြည့်ကျော် ၁၄ ရက်တွင် စတင်တည်ဆောက်သည်”ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်ရေးရပြီးနောက် ဧပြီလ မှစတင်ကာ ပြည်တွင်းစစ်မီးနှင့် ကြုံတွေ့ခဲ့ရပြန်သည်။ ဒုတိယကမ္ဘာစစ်နှင့် ပြည်တွင်းစစ်ကြောင့် ကျေးလက်ဒေသတွင် နေထိုင်ကြသူများအဖို့ နီးရာဓား၊ နီးရာသေနတ်များကို ရှောင်ကွင်းလျက် ရန်ကုန်မြို့နယ် အနှံ့အပြား၌ လာရောက်ခိုလှုံ အခြေချနေထိုင်လာခဲ့ကြရသည်။ ကွက်သစ်အများအပြား ပေါ်ထွက်လာခဲ့သည်။ 

 

ထိုစဉ်က ယခုကဲ့သို့ အကွက်ချစနစ်တကျ တည်ဆောက်နေထိုင်ခြင်းမဟုတ်ဘဲ တဲအဖြစ်၊ အိမ်အဖြစ်သာသာ တည်ဆောက်နေထိုင်ခဲ့ ကြခြင်းဖြစ်သည်ဟု သိရသည်။ ထို့အတွက် သတင်းစာဆရာကြီး ဦးသိမ်းမောင်က ရန်ကုန် ရာဇဝင်သမိုင်းစာအုပ် စာမျက်နှာ ၃၈၄ ၌ “ရန်ကုန်မြို့ကြီးသည် ဖြစ်ချင်သလိုဖြစ်ပြီး ညစ်ပတ်ပေကျံနေသော မြို့ကြီးတစ်မြို့ ဖြစ်ခဲ့သည်”ဟု မှတ်တမ်းတင်ရေးသားခဲ့သည်။ 

 

၁၉၅၄ ခုနှစ်တွင် ရန်ကုန်မြို့ကို ကမ္ဘာ့အဆင့်မီ မြို့တော်ကြီးအဖြစ် တည်ဆောက်ရန် “မဟာ ရန်ကုန်မြို့တော် တည်ဆောက်ရေးစီမံကိန်း “ ကို ရေးဆွဲခဲ့သည်။ ၁၉၅၈ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော “အိမ်စောင့် အစိုးရ”တက်လာခဲ့သည်။

ပြည်သူ့လုပ်ငန်းအိမ်ရာ ဆောက်လုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးတွင် ဗိုလ်မှူးချုပ် တင်ဖေက ဝန်ကြီးဖြစ်လာခဲ့ပြီး ဗိုလ်မှူးကြီး ထွန်းစိန်က ရန်ကုန်မြို့တော်ဝန် (မြူနီစီပယ်မင်းကြီး) ဖြစ်လာခဲ့သည်။ ဗိုလ်မှူးကြီး ထွန်းစိန်က “မြို့တော်ကို ချွေးနှင့် ဆေးမည်”ဟု တက်ကြွစွာ ကြွေးကြော်ခဲ့သည်။ မြို့တော်ဝန်သည် ပြည်သူလူထုအင်အား တပ်မတော် ကြည်း၊ ရေ၊ လေ စစ်သမီးအင်အားပါမကျန် ပေါင်းစုစည်းရုံး၍ မြို့တော်ကြီး သန့်ရှင်းရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ရာ နိုင်ငံခြားသားများပင် အံ့ဩငေးမောခဲ့ရသည်ဟုဆိုသည်။

ဖ.ဆ.ပ.လ နှစ်ခြမ်း ကွဲပြီးနောက် ရပ်ဆိုင်းခဲ့ရသော “မဟာရန်ကုန်မြို့တော် တည်ဆောက်ရေးစီမံကိန်း” ကြီးကို ပြန်လည်စခဲ့သည်။ မြို့သစ်များအဖြစ် သာကေတ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ မြောက်ဥက္ကလာပမြို့သစ်ကြီး သုံးမြို့ကို အိုးအိမ်အဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ နေ့ချင်း ညချင်း တည်ဆောက်ခဲ့သည်။

သာကေတမြို့သစ်စီမံကိန်း စသည်နှင့် ဗမာ့တပ်မတော် အင်ဂျင်နီယာအဖွဲ့က ပုသိမ်ညွန့် မီးရထား တံတားဟောင်းကြီးကို ထိုခေတ်အခေါ် “တစ်လမ်းမောင်း” မော်တော်ကားလမ်းအဖြစ် ပြုပြင်တည်ဆောက်ခဲ့သည်။ ယခင်ရှိပြီးသား လမ်းဟောင်းများကို ဘေးဘယ်၊ ညာ တိုးချဲ့ ၍ ဧရာဝဏ်လမ်း၊ မင်းနန္ဒာလမ်း၊ မြင်တော်သာလမ်း၊ ယမုံနာလမ်းမကြီးများအဖြစ် ပြောင်းလဲခဲ့သည်။ ရှုခင်းသာလမ်းနှင့် အရှေ့ မြို့ပတ်လမ်းများ ပေါက်ခဲ့သည်။ ထိုမှ ကန့်လန့်ဖြတ်လမ်းများ တည်ဆောက်ခဲ့သည်။ နံပါတ်စဉ်လိုက် ရပ်ကွက်များတပ်၍ မြေကွက်များ ရိုက်ပေးခဲ့သည်။ 

 

မြေကွက်များပေါ်လာသည်နှင့် မြူနီစီပယ် အဖွဲ့က လင်း(စ်) ဒေါင်းမှစတင်၍ ပုဇွန်တောင်၊ အလီမူလာ၊ ထင်းပုံဆိပ်၊ ကျီတော်၊ ပေတောကုန်း၊ စက်ဆန်း၊ အမဲဈေး၊ ပုသိမ်ညွန့်၊ တာမွေနတ် ချောင်းနှင့် အခြားမြို့နယ်တို့မှ “ကျူး”များကို ဖျက်သိမ်း၍ နေရာအစားပေးခဲ့သည်။ သောက်သုံးရေများ အခက်အခဲမရှိစေရေးအတွက် ဂျိုးဖြူမှရေကို ပိုက်လိုင်းကြီးများဖြင့် သွယ်တန်း၍ ပေးခဲ့သည်။ ရပ်ကွက်၊ လမ်းထိပ်တိုင်း၌ အုတ်ရေကန်များ တည်ဆောက်ပေးခဲ့သည်။ မြို့လူထုသောက်သုံးရေ မလုံလောက်မှုကြောင့် ဧရာဝဏ်လမ်းနှင့် အနော်မာလမ်းထောင့်တွင် ယနေ့တိုင် နာမည်ကျော် “အနော်မာ သောက်ရေကန်ကြီး” ကို ဗိုလ်မှူးကြီး ထွန်းစိန် (မြို့တော်ဝန်)နှင့် ပွင့်ကောင်းငါးပိ ငံပြာရည် စက်ရုံပိုင်ရှင် ဦးပွင့်ကောင်း+ဒေါ်ခင်နွဲ့ရီတို့က ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ပန္နက်ချ တူးဖော်လှူဒါန်းပေးခဲ့သည်။ 

 

မြို့စီမံကိန်းရေးဆွဲစဉ်ကတည်းကပင် တိကျသော နေရာချထားမှုများ ရှိခဲ့သည်။ မြို့သစ်နေ ပြည်သူအများ အလုပ်အကိုင်အခွင့်အလမ်းအတွက် စက်မှုလက်မှုရပ်ကွက်၊ သာသနာ့နယ်မြေ၊ မြို့ပြစီမံကိန်း အုပ်ချုပ်ရေးအတွက် ရုံး၊ ကျောင်း၊ ရဲစခန်း၊ မီးသတ်စခန်းများ၊ ပြည်သူလူထု အနားယူ အပန်းဖြေစေနိုင်ရန်အတွက် ရုပ်ရှင်ရုံ နှင့် ပန်းခြံများ၊ ကျန်းမာရေးနှင့် အားကစား အတွက် ဆေးရုံနှင့် ဘောလုံးကွင်းများ တည်ဆောက်ရန် လျာထားပါဝင်ခဲ့သည်။ 

 

စက်မှုဇုန် 

 

ပ.ထ.စ (ပြည်ထောင်စု) အစိုးရခေတ်တွင် သာကေတစက်မှုလက်မှုရပ်ကွက်ကို ဖော်ထုတ်ခဲ့ပြီး လမ်းမတော် ကီလီဈေးတစ်ဝိုက်ရှိ ငါးပိ ငါးခြောက်ပွဲရုံများကို ပြောင်းရွှေ့နေရာချထား ပေးခဲ့သည်။ ထို့နောက် ထိုခေတ်ထိုအခါက နာမည်ကျော်ကြားခဲ့သော “ဗမာ့သင်္ဘောဆေး စက်ရုံ”၊ “ရွှေခြင်္သေ့ကော်ဖီစက်ရုံ”၊ “ဟံသာအေး နိုင်လွန်အထည်စက်ရုံ”၊ “ပွင့်ကောင်းငံပြာရည် စက်ရုံ”၊ “ကြက်ဆင်ဖဲထီးစက်ရုံ”၊ “အဏ္ဏဝါ ဆားစက်ရုံ” စသည်များက လုပ်ငန်းများ စတင် လုပ်ကိုင်ခဲ့ကြသည်။ 

 

မြို့တော်တံတားကြီးများ 

 

ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်အကြား ပုဇွန်တောင်ချောင်းကူးတံတားကို “သာကေတ တံတား”ဟု အမည်ပေးတည်ဆောက်ခဲ့ပြီး ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ဖွင့်လှစ်ပေးခဲ့သည်။ ကိုလံဘိုစီမံကိန်းအရ ကနေဒါနိုင်ငံ၏ အကူအညီဖြင့် ၁၉၆၆ ခုနှစ်က ပြည်သှူလုပ်ငန်း ကော်ပိုရေးရှင်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အလယ်ခန်းဖွင့်များမှာ အရှင်ဖြစ်သည်။ ရေလမ်းမှ သင်္ဘောကြီးများသွားလာပါက အလယ်ခန်းဖွင့် ကြမ်းခင်းနှစ်ခုမှာ အပေါ်သို့ ထောင်ပေးနိုင်သည်။ တံတားတည်ဆောက်မှု သက်တမ်းနှစ် ၅၀ ကျော်လာပြီဖြစ်သည့်အတွက် ယင်းသာကေတ တံတားနှင့် ကပ်လျက်တွင် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တံတားအသစ်တစ်စင်း တည်ဆောက်ခဲ့ပြီး “ဒေါပုံတံတား” ဟု အမည်ပေးခဲ့ကာ ယနေ့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဩဂုတ် ၂၅ ရက် တွင် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ 

 

ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ သာကေတမြို့နယ်နှင့် သုဝဏ္ဏကို ဆက်သွယ်ပေးသည့် “သုဝဏ္ဏတံတား”ကို ၁၉၈၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ငမိုးရိပ်ချောင်းကိုပင် ဖြတ်သန်းလျက် သင်္ဃန်းကျွန်းမြို့နယ်အတွင်း သုဝဏ္ဏနှင့်ဆက်သွယ်သော ငမိုးရိပ်(သုဝဏ္ဏ) ဒုတိယတံတားကို ယခင် တံတားဟောင်းနှင့် ၇၅ ပေအကွာတွင် တည်ဆောက်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ 

 

သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်သို့ တိုက်ရိ်ုက်ပေါင်းကူးနိုင်သည့် “သန်လျင်တံတား” ယနေ့ နောက်ပိုင်းတံတားသစ်များ ဖြည့်ဆည်းတည်ဆောက်လာနိုင်မှုကြောင့် ယခု “သန်လျင် အမှတ်(၁) တံတား”ကို တရုတ်-မြန်မာ ချစ်ကြည်ရေးအဖြစ် ၁၉၈၆ ခုနှစ်က တည်ဆောက်ခဲ့သည်။ ရှစ်လေးလုံးအရေးအခင်းတွင် ခေတ္တရပ်ဆိုင်းသွားခဲ့သည်။ 

 

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက် ၁၉၉၀ တွင်မှ ပြန်လည် တည်ဆောက်နိုင်ခဲ့သည်။ ၁၉၉၃ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ တံတားတည်ဆောက်မှု သက်တမ်း ၂၅ နှစ်ကို ကျော်လာခဲ့ပြီး ယခုအခါ တံတားပေါ်မှ ဖြတ်သန်း သွားလာမှုမှာ အဆပေါင်းများစွာ များပြားလာမှုကြောင့် “သန်လျင်တံတား အမှတ် ၃”ကို ဂျပန် နည်းပညာဖြင့် တည်ဆောက်ရန်စီစဉ်နေပြီ ဖြစ်သည်။ တရုတ်တံတား၊ ဂျပန်တံတားနှစ်စင်း တူယှဉ်ထိုးလာမှုကြောင့် ပြည်သူအများက “တရုတ်တံတား” “ဂျပန်တံတား”ဟူ၍ ယခုကပင် အမည်တပ် ခေါ်ဆိုနေကြပြီဖြစ်သည်။ 

 

သင်္ဃန်းကျွန်းမြို့နယ်နှင့် သာကေတမြို့နယ်အကြားရှိ ငမိုးရိပ်ချောင်းပေါ်မှ တည်ဆောက်ထားသော “ကမာကြည်တံတား”ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၂၀ဝ၇ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ပုဇွန်တောင်ချောင်းကို ဖြတ်ကျော်လျက် ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်သို့ ဆက်သွယ် တည်ဆောက်ထားသော်လည်း သာကေတမြို့နယ်အတွက် အရေးပါသည့် “မဟာဗန္ဓုလတံတား” ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေး ကောင်စီလက်ထက် ၂၀ဝဝ ပြည့်နှစ် ဇူလိုင် ၁၂ ရက်တွင် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ 

 

ဆိပ်ခံတံတား

 

သာကေတဆိပ်ခံတံတားသည် ၆ ရပ်ကွက် ရှုခင်းသာလမ်းမကြီး၏ တောင်ဘက် ပဲခူးမြစ်ဘေးတွင် တည်ရှိသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့လက်ထက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကြယ်ငါးပွင့်လုပ်ငန်းမှ “သာကေတဆိပ်ခံတံတား” ကို ၁၉၉၆ ခုနှစ်တွင် စတင်ပန္နက်စိုက်ခဲ့ပြီး ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ 

 

ထိုစဉ်က ဟားခါး၊ မြစ်ကြီးနား၊ တောင်ကြီး၊ သံလွင်၊ ချင်းတွင်းကမ်းရိုးတန်း သင်္ဘောကြီးများဖြင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ မွန်ပြည်နယ်ရှိ မော်လမြိုင်၊ တနင်္သာရီတိုင်းဒေသ ကြီးရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များသို့ ခရီးသည်နှင့်ကုန်စည်များကို ပို့ဆောင်ပေးခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ဧပြီလ ၁ ရက်မှစတင်၍ ပို့ဆောင်ရေးဝန်ကြီးဌာန ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်းမှ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ လွှဲပြောင်းခဲ့သည်။ 

 

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ

 

မြို့နယ်အတွင်း အစည်ကားဆုံးနေရာမှာ “ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ”ပင် ဖြစ်သည်။ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာကို ၁၀ တောင်ရပ်ကွက် အမှတ် (၁) သန်လျင်တံတားတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ၂၀ဝ၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ဖွင့်လှစ်ပေးခဲ့သည်။ 

 

၇ ရပ်ကွက် ရှုခင်းသာမြို့ပတ်လမ်း(သာကေတ အဝိုင်း) အနီးတွင် တည်ရှိသည်။ ကိုယ်ထူကိုယ်ထ ခုတင် ၁၆ လုံးဆံ့အဖြစ် စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ၁၉၉၁ ခုနှစ် မတ်လ ၃၁ ရက်တွင် ခုတင် ၂၅ လုံးဆံ့ မြို့နယ်ဆေးရုံအဖြစ် တိုးချဲ့ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဩဂုတ် ၅ ရက်တွင် HIV/AIDS လူနာများအတွက် အားထားရာ ဆေးရုံဖြစ်လာခဲ့သည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ခုတင် ၁၀ဝ ဆံ့ ဗဟိုအဆင့် ဆေးရုံအဖြစ် အဆင့်ဆင့် တိုးတက်လာခဲ့သည်။ 

 

သာကေတ မိကျောင်းမွေးမြူရေးစခန်းကို ၁၉၇၈ ခုနှစ်က စတင်ခဲ့သည်။ မြန်မာ-ကမ္ဘောဒီးယား ချစ်ကြည်ရေးခရီးစဉ်မှ လက်ဆောင်ရခဲ့သော မိကျောင်းသုံးကောင်အနက် တစ်ကောင်ကို ထိုစဉ်က ပုလဲနှင့် ငါးမွေးမြူရေးကော်ပိုရေးရှင်းက လက်ခံရယူပြီး မွေးမြူခဲ့ခြင်းဖြစ်သည်။ မွေးမြူစဉ်အစက နိုင်ငံခြားဝင်ငွေကောင်း ရရှိနိုင်ရန်အတွက် ရည်ရွယ်ခဲ့သော်လည်း အပြည်ပြည်ဆိုင်ရာ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်သော အပင်နှင့်တိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှု တားမြစ်ရေးစာချုပ် (C၊ T၊ ES) အရ ၁၉၉၇ ခုနှစ်တွင် မိကျောင်းမွေးမြူရေး စခန်းမှ မိကျောင်းမွေးမြူထိန်းသိမ်းရေးနှင့် အပန်းဖြေစခန်းအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ မိကျောင်းအကောင်ရေ ၅၀ဝ ကျော် မွေးမြူပြသလျက်ရှိနေသည်။ 

 

ခေတ်စနစ်များ အလီလီပြောင်းလဲခဲ့သည့်အကြား စီးမျောလျက် ယနေ့နှစ် ၆၀ ပြည့် သာကေတမြို့သည် အစိုးရဌာနဆိုင်ရာ ယန္တရား ကြီး ၂၇ ခု၊ ဘာသာ သာသနာကို စောင့်ရှောက် တော်မူကြသော ဘုရားကျောင်းကန်နှင့် စာသင်တိုက်ကြီး ၁၁ တိုက်၊ ထက်၊ လယ်၊ မူ အခြေခံပညာ ကျောင်းပေါင်း ၇၆ ကျောင်း၊ အပြည်ပြည်ဆိုင်ရာ ကောလိပ်နှင့် ကိုယ်ပိုင်(ပုဂ္ဂလိက) ကျောင်းပေါင်း ၁၁ ကျောင်း၊ ပြည်သှူကျန်းမာရေးအတွက် ခုတင် ၁၀ဝ ဆံ့ အထူးကုဆေးရုံ၊ ရဲ-မီးသတ်စခန်း၊ စည်ပင် ဈေးရှစ်ဈေး၊ ပုဂ္ဂလိကဘဏ်ကြီး ခုနစ်ဘဏ်၊ ကုန်တိုက်ကြီးနှစ်တိုက်၊ ရပ်ကွက်ပေါင်း ၁၉ ရပ်ကွက်၊ အိမ်ခြေပေါင်း ၃၀ဝဝဝ ကျော်၊ အိမ် ထောင်စုပေါင်း ၄၆၀ဝဝ ကျော်၊ လူဦးရေနှစ်သိန်း နှစ်သောင်းကျော်ဖြင့် ယနေ့နှစ် ၆၀ ခရီးမှသည် ရှေးနှစ်ပေါင်းများစွာကို ဖြတ်ကျော်လျက် ဖွံ့ဖြိုးမြဲ၊ တိုးတက်မြဲ၊ စည်ပင်မြဲပင် ရှိနေဦးမည်ဖြစ်ပေသည်။

 

မြန်မာ့အလင်း

Share this on Social Media