ကိုယ်လုပ်ပိုင်ခွင့်ရှိလို့ လုပ်လိုက်တယ်ဆိုတာက အများအကျိုးနဲ့ နည်းလမ်းတကျ ဖြစ်ဖို့လိုတယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ပြောကြား

နေပြည်တော် ၁ ဖေဖော်ဝါရီ

 

ဘတ်ဂျက်ကို စိစစ်တဲ့အခါမှာ လုပ်ငန်း တစ်ခုချင်းကို ဖြတ်မယ့်အစား သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တင်လာတဲ့ လုပ်ငန်းအပေါ်မှာ လုပ်ငန်းရဲ့ အတိုင်းအတာနဲ့ ပေးမယ့် ဘတ်ဂျက်နဲ့ ဆီလျော်၏၊ မဆီလျော်၏ စိစစ်ပြီးဖြတ်တာက နောက်ဆုံး ရသုံးခန့်မှန်းခြေ ငွေစာရင်း Amount မှာ သွားတူပြီးတော့ ဒီဘက်က လုပ်ငန်းမလျော့ဘူး၊ တန်ရာတန်ဖိုး မျှမျှတတ တန်ဖိုးဖြစ်မယ်၊ အဲ့ဒီလို လုပ်ငန်းတွေကို မဖြတ်ဘဲနဲ့ လုပ်ငန်းတစ်ခုချင်း အပေါ်မှာ စိစစ်တဲ့ပမာဏ လုပ်ငန်း အတိုင်းအတာနဲ့ မှန်းဆပြီးတော့ မှန်မှန်ကန်ကန် တွက်ချက်ပြီး ဖြတ်နိုင်တာက ပိုပြီးတော့ အကျိုးရှိမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပါတယ်။

 

ယနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဒသမနေ့မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်တဲ့ ကြယ်ပွင့်ပြမေးခွန်း ခြောက်ခုကို လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ဖြေကြားခဲ့ပြီး ဘတ်ဂျက် တင်ပြတောင်းခံတဲ့ နေရာမှာလည်း ပြည်သူ့ငွေစာရင်း ပူးပေါင်းမှုကော်မတီက ဘတ်ဂျက်တွေကို မဖြတ်ဖို့ မေတ္တာရပ်ခံ တင်ပြပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ မိမိမဲဆန္ဒနယ်မှာ လိုအပ်ချက်တွေကို တင်ပြတောင်းဆိုတဲ့အခါမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကလည်း ရေးသားမှတ်သားပြီးတော့ တင်ပြလာတာတွေ၊ ဘတ်ဂျက်မှာ တင်ပြတာတွေ ရှိလာတဲ့ အခါကျတော့ တကယ် ဒီလုပ်ငန်း မလိုအပ်လို့ ရှိရင်တော့ လုပ်ငန်းကို မပေးရင် မပေးပါနဲ့၊ ဖြတ်ချင်ဖြတ်ပါ၊ လုပ်ငန်း လိုအပ်နေတဲ့ ကိစ္စမျိုးဆိုရင်တော့ လုပ်ငန်းကို ပေးစေချင်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပါတယ်။

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောရာမှာ “ တချို့ ကိုယ်စားလှယ်တွေကလည်း အစိုးရရဲ့ ပေါ်လစီနဲ့ နိုင်ငံ့ဝန်ထမ်းတွေအတွက် ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာကို အမှုမဲ့၊ အမှတ်မဲ့ ပညာရှိ သတိဖြစ်ခဲ့ ဖြစ်ပြီးတော့ အဲ့ဒီဘတ်ဂျက်ကိုလည်း လုံးလုံးလျားလျား မပေးဘူး၊ ဖြတ်ချင်တယ် ဆိုတာတွေ ရှိတယ်၊ ဒါကျွန်တော်တို့က သတိထားရမယ်၊ နောက်တစ်ခုက ကျွန်တော်တို့ ကိုယ်စားလှယ်တွေက သူ့အတွက် ကိုယ့်အတွက်၊ သူ့ဘက် ကိုယ့်ဘက် မဟုတ်ဘဲနဲ့ မှန်မှန်ကန်ကန် ဖြတ်တာကိုလည်း လေးစားတယ်၊ လုပ်ငန်းပေါ်မှာ ဖြတ်တာထက် လုပ်ငန်းရဲ့ အတိုင်းအတာပေါ်မှာ တကယ်ကုန်ကျမယ့် ငွေကြေးပမာဏကို စိစစ်ဖြတ်တာက သူ့ဘက် ကိုယ့်ဘက် ပိုပြီးတော့ အဆင်ပြေချောမွေ့မယ်လို့ စဉ်းစားမိတယ် ”ဟု ပြောပါတယ်။

 

ကိုယ်လုပ်ပိုင်ခွင့်ရှိလို့ လုပ်လိုက်တယ်ဆိုတာက အများအကျိုးအတွက် ဖြစ်ဖို့လိုတယ်၊ နည်းလမ်းတကျ ဖြစ်ဖို့လည်း လိုတယ်၊ ဒါလေးတွေကိုတော့ ကျွန်တော်တို့ ဘတ်ဂျက်စိစစ်တဲ့အခါမှာ ထည့်သွင်းပြီးတော့ စဉ်းစားစေချင်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။

 

မျိုးထက်ဦး(MDN)

Share this on Social Media