တစ်ပတ်အတွင်း စိုက်ပျိုးရေးထွက်ကုန်ဈေးနှုန်းများ

(ဖေဖော်ဝါရီ ၅ ရက်မှ ၉ ရက်အထိ)

 

ဒီတစ်ပတ်မှာတော့ စပါးဈေးရော ဆန်ဈေးပါ ဈေးတက်လာပါတယ်။ မတ်ပဲနဲ့ ပဲစင်းငုံနီတို့ကလည်း ဈေးအနည်းငယ်စီ ဆက်တက်နေပါတယ်။

 

ဆန်၊ စပါး

 

ဒီတစ်ပတ် ပုသိမ်စပါးဈေးကွက်မှာ ဆန်ကြမ်းရော ဆန်ချောအမျိုးအစားတွေ ဈေးတက်လာပါတယ်။  ဆန်အဝင်နည်းနေပေမယ့်  အရောင်းအဝယ်ကောင်းပြီး အဟောင်းတွေကို အများဆုံး အဝယ်လိုက်တဲ့အတွက် ဈေးတက်လာတာဖြစ်ပါတယ်။

 

ပုသိမ်စပါးဈေးကွက်မှာ ဖျာပုံပေါ်ဆန်းက တင်း ၁၀ဝ ကို ၈၁၃၀ဝဝ ကျော် ပေါက်ဈေးရှိပြီး တင်း ၁၀ဝ ကို ၃၀ဝဝဝ နီးပါး ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်တင်းခွဲမှာ ကျပ် ၁၀ဝဝ လောက် ဈေးတက်လာပြီး တစ်တင်းခွဲကို ကျပ် ၃၃၅၀ဝ ပေါက်ဈေးရှိနေပါတယ်။

 

ပေါ်ဆန်းရင် အမျိုးအစားကတော့စပါး  တင်း ၁၀ဝ ကို ၇၈၈၀ဝဝ ကျော်ပေါက်ပြီး ကျပ် ၂၀ဝဝဝ ကျော် ဈေးတက်လာပါတယ်။ ဆန်မှာလည်း တစ်တင်းခွဲမှာ ကျပ် ၁၀ဝဝ လောက် ဈေးတက်လာပြီး ကျပ် ၃၃၀ဝဝ ပေါက်ဈေးရှိပါတယ်။

 

ဆန်ကြမ်းအမျိုးအစားဖြစ်တဲ့ ရွှေသွယ်လေး၊ ဧရာမင်း၊ မနောသုခနဲ့ မီးကောက်တို့ကလည်း ပုသိမ်ဈေးကွက်မှာ စပါးဈေးရော ဆန်ဈေးပါ မြင့်တက်နေပါတယ်။ ရွှေသွယ်လေးနဲ့ ဧရာမင်းတို့ကတော့ တင်း ၁၀ဝ ကို ကျပ် ၆၄၄၀ဝဝ ရှိပြီး တစ်တင်းမှာ ကျပ် ၁၈၀ဝဝ ကျော် ဈေးတက်လာသလို မနောသုခတော့ တင်း ၁၀ဝ ကို ကျပ်  ၅၃၃၆၀ဝ ပေါက်ဈေးရှိပြီး ကျပ် ၁၀ဝဝဝ လောက်ဈေးတက်လာပါတယ်။ မီးကောက်ကတော့ တင်း ၁၀ဝ မှာ ကျပ် ၄၆၀ဝဝ လောက် ဈေးတက်လာပြီး ကျပ် ၅၉၈၀ဝဝ ဈေးရှိနေပါတယ်။

 

ဆန်ဈေးတွေကလည်း တစ်တင်းခွဲကို ကျပ် ၁၀ဝဝ ခန့်စီ ဈေးတက်လာပြီး အမျိုးအစားအလိုက် တစ်တင်းခွဲကို ၂၂၀ဝဝ ကနေ ၂၅၀ဝဝ ကြား ပေါက်ဈေးရှိပါတယ်။

 

မတ်ပဲ (FAQ/RC)

 

ပြီးခဲ့တဲ့အပတ်က မတ်ပဲဈေးတက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ်နဲ့ အပြောင်းအလဲ အတက်အကျ အနည်းငယ်သာ ရှိနေပါတယ်။ မတ်ပဲက နယ်စုံမှာ အသစ်တွေဝင်ရောက်တာမရှိဘဲ ပဲလက်ကျန်ကိုသာ နေ့စဉ်ရောင်းချနေတဲ့အတွက် ဈေးက သိပ်မကျဆင်းသွားဘဲ အတက်ဈေးနဲ့သာ နေ့စဉ် ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အရည်အသွေးအလိုက် ဈေးကောင်းရရှိနေတယ်လို့သိရပြီး ရန်ကုန်ဝယ်လက်များပြားတယ်လို့လည်း သိရပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ မတ်ပဲ အသစ်တွေဝင်လာပေမယ့် အစိုးရက ဝယ်ယူပေးနေတဲ့အတွက် မတ်ပဲပေါက်ဈေးနှုန်းက ဆက်ကျနိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ အိအိန္ဒိယနိုင်ငံက မတ်ပဲတွေက ပြည်တွင်းပိုလျှံမှုရှိတဲ့အတွက်  တခြားပြည်ပနိုင်ငံတွေကို တင်ပို့ဖို့ ရည်ရွယ်ပေမယ့် မြန်မာမတ်ပဲတွေက အိန္ဒိယနိုင်ငံက မတ်ပဲတွေထက် ဈေးလျော့နည်းနေတဲ့အတွက် မြန်မာမတ်ပဲက ဈေးတက်နိုင်ဖွယ်ရှိတယ်လို့ Agriwatch က သုံးသပ်ထားပါတယ်။

 

အိန္ဒိယနိုင်ငံမှာ မြန်မာမတ်ပဲ FAQ ရောင်းဈေးက တစ်တန်ကို ဒေါ်လာ ၄၅၀ ကျော် ပေါက်ဈေးရှိပြီး SQ ကတော့ ဒေါ်လာ ၆၀ဝ ကျော်ရှိနေပါတယ်။

 

ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၁၈၀ဝဝ ကျော် ပေါက်ဈေးရှိပါတယ်။ မုံရွာမှာတော့ ၁၇၀ဝဝ ရှိပြီး ပြီးခဲ့တဲ့အပတ်ထက် ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းမှာ ကျပ် ၅၀ဝ နီးပါး ဈေးတက်လာပြီး ၁၈၅၀ဝ ကျော် ပေါက်ဈေးရှိနေပါတယ်။ နေပြည်တော်မှာတော့ တစ်တင်းကို ကျပ် ၁၆၀ဝဝ နဲ့ ဈေးငြိမ်နေပါတယ်။

 

ပဲစင်းငုံနီ

 

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးတက်နေတာပဲဖြစ်ပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာလည်း  အဝင်ရှိသလောက်  အရောင်းအဝယ်ဖြစ်နေတဲ့ နယ်စုံမှာပါ ဈေးတက်နေသလို  ပြည်တွင်းဈေးကွက်မှာသာမက ပြည်ပဈေးကွက်မှာလည်း အရောင်းအဝယ်ကောင်းနေတဲ့အတွက် ဈေးတက်နေပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း မြန်မာပဲစင်းငုံနီဈေးက ပြည်တွင်းဈေးထက် လျော့နည်းနေတဲ့အတွက် ပြည်တွင်းလိုအပ်ချက်ကြောင့် ကုန်သည်တွေက အကျဈေးနဲ့ အဝယ်ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပဲအသစ်တွေကလည်း ဝင်လာတော့မှာဖြစ်လို့ လက်ရှိပေါက်  ဈေးထက်တော့ ဆက်တက်နိုင်ခြေ မရှိတော့ဘူးလို့လည်း အိန္ဒိယကုန်သည်တွေက သုံးသပ်ထားပါတယ်။

 

လက်ရှိ အိန္ဒိယနိုင်ငံမှာ မြန်မာပဲစင်းငုံနီ ပေါက်ဈေးက မတ်ပဲဈေးနဲ့ သိပ်မကွာဘဲ အသစ်တစ်တန်ကို ဒေါ်လာ ၄၃၀ နဲ့ အဟောင်းတစ်တန်ကို ၃၈၀ နီးပါး ပေါက်ပါ တယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်တင်းကို ကျပ် ၁၄၃၀ဝ ကျော်ရှိပြီး ပြီးခဲ့တဲ့ အပတ်ထက် တစ်ပိဿာကို ၁၅၀ဝ လောက် ဈေးတက်လာပါတယ်။ မုံရွာကုန်စည် ဒိုင်မှာလည်း တစ်တင်းကို ကျပ် ၁၃၅၀ဝ ရှိပြီး ၁၃၀ဝ ကျော်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၄၀ဝ၊ ပခုက္ကူကုန်စည်ဒိုင်မှာ တစ် တင်းကို ၁၃၂၀ဝ၊ ပြည်ကုန်စည်ဒိုင်မှာ ၁၂၈၀ဝ နဲ့ ပျှမ်းမျှ တစ်တင်းကို ကျပ် ၁၅၀ဝ လောက် ဈေးတက်လာပါတယ်။

 

မြေပဲ(လုံးဆန်)

 

မြေပဲ(လုံးဆန်)ကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားတာကို တွေ့ရပါတယ်။ နေ့စဉ် မြေပဲအသစ်တွေ ဝင်ရောက်နေတဲ့အတွက် ဈေးကျဆင်းသွားတာဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၂၄၀ဝ၊ ပခုက္ကူနဲ့ ပြည်မှာတော့ တစ်ပိဿာကို ၂၃၀ဝ ပေါက်ဈေးရှိပြီး တစ်ပိဿာမှာ ၅၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။ နေပြည်တော်နဲ့ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ကျပ် ၂၄၀ဝ ကနေ ၂၄၅၀ ရှိပြီး တစ်ပိဿာမှာ ၁၀ဝ ကျပ်လောက် ဈေးတက်လာပါတယ်။

 

မြေပဲ(ဆီဆန်)ကတော့ မုံရွာကုန်စည်ဒိုင်မှာ ၁၉၇၅ ကျပ်နဲ့ ဈေးအပြောင်းအလဲ မရှိပါဘူး၊ မြင်းခြံမှာတော့ တစ်ပိဿာကို ၁၉၇၅ ကျပ်ရှိပြီး တစ်ပိဿာမှာ ၁၅၀ လောက် ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ကျပ် ၂၁၀ဝ ရှိပြီး ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ နေပြည်တော်နဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ တော့ တစ်ပိဿာကို ၁၀ဝ ကျပ်လောက် ဈေးတက်လာပြီး ၂၀ဝဝ ကနေ ၂၂၀ဝ ကြား ပေါက်ဈေးရှိနေပါတယ်။

 

ကြက်သွန်နီ

 

ပြီးခဲ့တဲ့အပတ်က ကြက်သွန်နီဈေးတွေ ပြန်တက်ခဲ့ပေမယ့် ဒီတစ်ပတ်မှတော့ ကြက်သွန်နီဈေး အနည်းငယ်ကျဆင်းသွားပါတယ်။ ကြက်သွန်တွေ ဈေးကျနေပေမယ့် တချို့နယ်တွေမှာတော့ အရည်အသွေးအလိုက် ဈေးမြင့်နေတာတွေလည်း ရှိပါတယ်။ ဗမာကြက်သွန်နီတွေ ဈေးကျဆင်းသွားတဲ့အတွက်  ရောင်းအားပြန်တက်ပြီး တရုတ်ကြက်သွန်တွေကလည်း ဝယ်အားနည်းလာတဲ့အတွက် ဈေးကလည်း ကျဆင်းလာတယ်လို့ သိရပါတယ်။

 

လက်ရှိမှာ ကြက်သွန်တွေက အစိုဓာတ်ရှိနေဆဲဖြစ်တဲ့အတွက် ဈေးကတော့ ပြီးခဲ့တဲ့ နှစ်ကလို ဈေးကောင်းရနိုင်မှာလည်း မဟုတ်ပါဘူး။ နေပြည်တော်ကုန်စည်ဒိုင်မှာ ကြက်သွန်နီတစ်ပိဿာကို ကျပ် ၁၂၀ဝ ကနေ ၁၆၀ဝ ပေါက်ဈေးရှိပြီး တစ်ပိဿာမှာ ကျပ် ၄၀ဝ လောက် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံမှာလည်း တစ်ပိဿာကို ကျပ် ၆၀ဝ ကနေ ၁၅၅၀ ကြားရှိပြီး ကျပ် ၁၀ဝ လောက် ကျဆင်းသွားခဲ့ပါတယ်။

 

ကြက်သွန်အဓိကထွက်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ကျပ် ၉၅၀ ကနေ ၁၈၀ဝ ပေါက်ဈေးရှိနေပြီး တစ်ပိဿာမှာ ကျပ် ၂၀ဝ လောက်ဈေးတက်လာသလို ပြည်ကုန်စည်ဒိုင်မှာလည်း ကျပ် ၁၄၀ဝ ကနေ  ၁၈၅၀ အထိ ပေါက်ဈေးရှိကာ တစ်ပိဿာမှာ ကျပ် ၂၀ဝ လောက် တက်လာပါတယ်။

 

နှမ်း

 

ဒီတစ်ပတ်မှာတော့ နှမ်းနက်ဈေးက ကျဆင်းသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်တင်းကို ကျပ် ၃၅၅၀ဝ၊ ပခုက္ကူကုန်စည်ဒိုင်မှာ ၃၃၅၀ဝ နဲ့ ပြည်ကုန်စည်ဒိုင်မှာတော့ ၃၃၀ဝဝ ပေါက်ဈေးရှိကာ တစ်တင်းမှာ ကျပ် ၁၀ဝဝ ကျော် ဈေးကျဆင်းသွားခဲ့ပါတယ်။ နှမ်းညိုကလည်း မုံရွာကုန်စည်ဒိုင်မှာ တစ်တင်းကို ၃၃၀ဝဝ ပေါက်ဈေးရှိပြီး တစ်တင်းမှာ ကျပ် ၁၅၀ဝ နီးပါး ဈေးကျဆင်းသွားခဲ့ပါတယ်။ နှမ်းရောင်စုံအချို့ကတော့ ဒီတစ်ပတ်မှာ အရောင်းအဝယ်ငြိမ်နေတဲ့အတွက် ဈေးငြိမ်နေတာကို တွေ့ရပါတယ်။

 

ဝတ်ရည်မွန် (AMIA)

Share this on Social Media