၃ နှစ်ကြာစစ်ပွဲအပြီး ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာ အကူအညီများ အီရတ် တောင်းခံ

၁၃ ဖေဖော်ဝါရီ

 

အီရတ်က အစ္စလာမ္မစ်စစ်သွေးကြွတွေနဲ့ သုံးနှစ်ကြာ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲအတွင်း ပျက်ဆီးခဲ့ရတဲ့ ဒေသတွေကို ပြန်လည်ထူထောင်ရေး ဆောင်ရွက်ဖို့အတွက် နိုင်ငံတကာ အထောက်အပံ့တွေပေးဖို့ အရေးပေါ် အကူအညီ တစ်ရပ် တောင်းခံလိုက်ပါတယ်။

 

ယမန်နေ့က ကူဝိတ်မှာ စတင်ကျင်းပခဲ့တဲ့ နိ်ုင်ငံတကာ ကူညီထောက်ပံ့ရေးညီလာခံမှာ ယခုလို အကူအညီ တောင်းခံခဲ့တာဖြစ်ပြီး ၃ ရက်ကြာ ကျင်းပမယ့် အဆိုပါ အစည်းအဝေးကို နိုင်ငံပေါင်း ၇၀ ကျော်က အစိုးရဌာနဆိုင်ရာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါတယ်။

 

ပြည်လည်ထူထောင်ရေးအတွက် ဒေါ်လာ ၈၈.၂ ဘီလီယံ လိုအပ်တယ်လို့ အီရတ်နိုင်ငံ စီမံကိန်းဝန်ကြီးက ပြောကြားထားပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့ ဒေသတွေက လူဦးရေ ၂.၅ သန်း အတွက် အိမ်ရာတွေ အလျင်အမြန် ထူထောင်ပေးနိုင်ဖို့ အကူအညီ တောင်းခံထားတဲ့ ၈၈.၂ ဘီလီယံရဲ့ လေးပုံတစ်ပုံလောက်က အရေးတစ်ကြီး လိုအပ်နေတယ်လို့လဲ ဝန်ကြီးဌာနက ပြောပါတယ်။ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာ အထောက်အပံ့တွေ တောင်းခံထားတဲ့အပြင် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ကမ်းလှမ်းထားပါတယ်။ 

 

အီရတ်အစိုးရဟာ မိုဆူးလ် မြို့မြောက်ပိုင်းနဲ့ နေရာဒေသအချို့ကို အစွန်းရောက်တွေဆီက ပြန်လည်သိမ်းယူပြီးနောက် ဒီဇင်ဘာလထဲမှာ အောင်ပွဲ ကြေညာခဲ့ပါတယ်။ ဇန်နဝါရီလထဲမှာတော့ စစ်ကြောင့် ပျက်စီးခဲ့ရတဲ့ လေဆိပ် ပြင်ဆင်ရေးအပါအဝင် စီမံကိန်း ၁၅၇ ခု ချပြခဲ့တဲ့အပြင် ပြည်တွင်းရေနံတူးဖော်ရေးလုပ်ငန်းတွေမှာလဲ ပါဝင်ရင်းနှီးမြှုပ်နှံဖို့ ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားပါတယ်။ 

 

ဘာသာပြန် > မိုးမမ
ကိုးကား > အန်အိတ်ချ်ကေ

Share this on Social Media