မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုုးသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အနှစ်ချုပ်

နေပြည်တော် ၁၃ ဖေဖော်ဝါရီ
 
 
၁။ ဤသဘောတူစာချုပ်သည် တစ်နိုင်ငံလုံး အတိုင်းအတာဆောင်သော ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး အကောင်အထည်ဖော်မှုကို ဦးတည်၍ သဘောတူစာချုပ် ချုပ်ဆိုသော စာချုပ်ဖြစ်သည်နှင့်အညီ ပြည်ထောင်စု တစ်ဝန်းလုံးတွင် အကျိုးသက်ရောက်မှု ရှိသည်။
 
 
၂။ ဤသဘောတူစာချုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ယခင်ကချုပ်ဆိုခဲ့သော သဘောတူညီချက်များအား ထပ်လောင်း အသိအမှတ်ပြုခြင်း၊ ပိုမိုခိုင်မာစေခြင်း၊ ထပ်ဆင့်အတည်ပြုခြင်းဖြစ်ပြီး အခန်း(၇)ခန်းနှင့် အပိုဒ်ပေါင်း (၃၃)ပိုဒ် ပါရှိသည်။
 
 
၃။ ဤသဘောတူစာချုပ်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီတူမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ရည်ရွယ်ပါသည်။
 
 
၄။ ထို့အပြင် နိုင်ငံရေး ပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေး ယဉ်ကျေးမှုအသစ်တစ်ရပ်ထူထောင်ပြီး တန်းတူရည်တူ အခွင့်အရေးရရှိမည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရန် သဘောတူကြသည်။ ထို့သို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားများ၏ လိုလားချက်များနှင့် သဘောထားဆန္ဒများကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်သင့်သူအားလုံး ပါဝင်သွားရန် သဘောတူကြသည်။ 
 
 
၅။ အပစ်အခတ်ရပ်စဲရေးကို ခိုင်ခိုင်မာမာ အကောင်အထည်ဖော်နိုင်ရန် နှစ်ဖက်လိုက်နာရမည့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပြည်သူလူထုကို အကာအကွယ်ပေးရေးအတွက် လိုအပ်သည့် အချက်များကိုလည်း စာချုပ်တွင် အသေးစိတ်ဖော်ပြထားသည်။ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ (IDPS) များနှင့် ပဋိပက္ခဒဏ် ခံစားရသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနိုင်ရေးကို နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားရန် သဘောတူကြပါသည်။ 
 
 
၆။ သဘောတူညီထားသော စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို ထိထိရောက်ရောက် လိုက်နာမှုရှိစေရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီကို ဖွဲ့စည်းပြီး စောင့်ကြည့်ကြီးကြပ်ရေး လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။
 
 
၇။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို အကောင်အထည်ဖော်နိုင်ရေးအတွက်  နိုင်ငံရေးလမ်းပြ မြေပုံတစ်ခုကိုလည်း သဘောတူညီခဲ့ကြပါသည်။ ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံး ပါဝင်မည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီကို ဖွဲ့စည်း၍ အကောင်အထည်ဖော်မည် ဖြစ်ပါသည်။ ထိုပူးတွဲကော်မတီက နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲ၍ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။
 
 
၈။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ယုံကြည်မှု တည်ဆောက်နိုင်စေရန်အလို့ငှာ မတရားအသင်းအဖြစ် ကြေညာထားသော အဖွဲ့အစည်းများကို မတရားအသင်းစာရင်းမှ ပယ်ဖျက်ရန် သဘောတူညီခဲ့သည့် အလျောက် ဤစာချုပ်တွင် လက်မှတ်ရေးထိုးသော  အဖွဲ့အစည်းများကို အစိုးရက မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခဲ့ပါသည်။
 
 
၉။ ထို့အပြင် လက်မှတ်ရေးထိုးကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိတို့နှင့် သက်ဆိုင်သည့် အပစ်ရပ်နယ်မြေများအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် မိမိတို့ အဖွဲ့အစည်းများ၏ အတိုင်းအတာအရ တာဝန်ယူနေကြသော အဖွဲ့အစည်းများဖြစ်ကြသည့် အားလျော်စွာ အပစ်အခတ်ရပ်စဲထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပအကောင်အထည်ဖော်နေသည့် ကာလအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး၊ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူသည်။
 
 
၁၀။ ဤစာချုပ်သည် နိုင်ငံတော်အကြီးအကဲများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များက လက်မှတ်ရေးထိုးပြီးသည့်အချိန်မှ စတင်၍ အသက်ဝင်မည်ဖြစ်ပြီး ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဖော်ဆောင်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ သမိုင်းဝင် သဘောတူစာချုပ် ဖြစ်ပါသည်။
 
 
MDN
 
 
 

Share this on Social Media