မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ

နေပြည်တော်  ၁၃ ဖေဖော်ဝါရီ 
 
 
မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့  တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေ ၄ နာရီက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-II) ၌ ကျင်းပသည်။
 
 
သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ မွန်ပြည်သစ်ပါတီ(NMSP)မှ နိုင်အောင်မငေးနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) မှ နာဗစ်ဘွန်တို့က သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ရှင်းလင်းဖြေကြားသည်။
 
 
 
 
NCA နှင့် ပတ်သက်သည့် အကျဉ်းချုပ် ရှင်းလင်းချက်ကို ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ရှင်းလင်းပြောကြားရာတွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်(DPN) တို့သည် ယနေ့လက်မှတ်ရေးထိုးပွဲ အခမ်းအနား ဖြစ်ပေါ်လာရန် ၁၈ လအတွင်း အလွတ်သဘော ဆွေးနွေးမှုပေါင်း ကိုးကြိမ်နှင့် တရားဝင်ဆွေးနွေးမှုပေါင်း ကိုးကြိမ် စုစုပေါင်း ၁၈ ကြိမ် ပြုလုပ်ခဲ့ရကြောင်း၊ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း မကြာခဏ တွေ့ဆုံဆွေးနွေးလျက်ရှိပါကြောင်း ပြောကြားသည်။
 
 
ထို့နောက် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်၍ မေးမြန်းရာ ဦးခင်ဇော်ဦးက " ၂၀၁၈ ခုနှစ်မှာ အခြားအဖွဲ့တွေ လက်မှတ်ရေးထိုးနိုင်တဲ့ အခြေအနေရှိလားလို့ပြောရင် ရှိတယ်လို့ ဖြေရမှာဖြစ်ပါတယ်။ ဘယ်အဖွဲ့တွေလဲလို့ မေးရင်တော့ ပြောပြလို့မရသေးပါဘူး၊ ၂၀၁၈ ခုနှစ်ထဲမှာတော့ အများကြီးဖြစ်နိုင်ခြေ ရှိပါတယ်။ ၁၀ လလောက် အချိန်ရှိသေးတယ်။ ကျွန်တော်တို့ ရအောင်ညှိနှိုင်းမယ်။ ကျန်တဲ့အဖွဲ့တွေ ပါလာနိုင်စရာ  အခြေအနေတွေရှိပါတယ်" ဟု ဖြေကြားသည်။
 
 
ရခိုင်အမျိုးသားကောင်စီ(ANC) လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသည့် အခြေအနေနှင့် ပတ်သက်၍ ဦးဇော်ဌေးက "ကျွန်တော်တို့ ANC နဲ့ ၁၁ ရက်နေ့ ညပိုင်းထိညှိတယ်။ ANC၊ LDU ၊ WNO  ၃ ဖွဲ့က NCA လက်မှတ်ထိုးစရာမလိုဘဲ ငြိမ်းချမ်းရေးညီလာခံကို တိုက်ရိုက်တက်ရောက် ခွင့်ပြုမယ်လို့ သမ္မတဦးသိန်းစိန် လက်ထက်ကပြောထားခဲ့တာ ရှိပါတယ်။ အခု အစိုးရ လက်ထက်မှာတော့ UNFC ထဲမှာ သူတို့ ၃ ဖွဲ့ပါလာတယ်။ NCA လက်မှတ်ထိုးဖို့ ANC ကို နောက်ဆုံးအချိန်အထိ ညှိခဲ့ပါတယ်။ ဒါပေမဲ့ လက်မှတ် ထိုးမယ့်အထဲမှာ ANC ကလိုက် ပါလာနိုင်ခြင်းမရှိဘူး။ ANC ရဲ့ အခြေအနေက လက်မှတ်ထိုးဖို့ မျှော်လင့်ချက် နည်းသွားပါပြီ" ဟု ဖြေကြားသည်။
 
 
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင် တတိယအစည်းအဝေး ကျင်းပမည့် အခြေအနေနှင့် ပတ်သက်၍  ဦးဇော်ဌေးက "အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်မှ ငြိမ်းချမ်းရေးညီလာခံလုပ်မယ်လို့ လက်မှတ် ထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်တဲ့ PPST က ထုတ်ပြန်ထားတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ-RCSS အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ဖို့ ကျွန်တော်တို့ အလွတ်သဘော တွေ့ဆုံညှိနှိုင်းနေပါတယ်။ အဲ့ဒါပြေလည်ပြီဆိုရင်တော့ ညီလာခံကျင်းပလို့ရပါပြီ၊ မွန်ပြည်သစ်ပါတီအနေနဲ့ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ညှိနှိ်ုင်းစဉ်က တောင်းဆိုချက် တစ်ချက်ပါပါတယ်။ NCA လက်မှတ်ထိုးမယ်၊ လက်မှတ်ထိုးပြီးတာနဲ့ ညီလာခံမှာပါဝင်နိုင်ဖို့ လုံလောက်တဲ့အချိန်တစ်ခုပေးပါ။
 
 
 မွန်ပြည်သစ်ပါတီက အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပမယ်။ ကျင်းပတဲ့အခါ ကဏ္ဍ ငါးရပ်အတွက် နိုင်ငံရေး စာတမ်းတွေ တင်နိုင်ဖို့ ဆောင်ရွက်ပြီးမှပဲ ညီလာခံလုပ်မယ်။ RCSS နဲ့လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ ကြိုးစားသွားမယ်" ဟု ဖြေကြားသည်။
 
 
UPDJC အစည်းအဝေး ကျင်းပသွားမည့် အခြေအနေနှင့် စပ်လျဉ်း၍ ဦးခင်ဇော်ဦးက " UPDJC အစည်းအဝေးက မကြာခင် ဒီရက်ပိုင်းအတွင်း စတင်ဖို့ရှိပါတယ်။ အဲ့ဒီအစည်းအဝေးမှာတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ တင်ပြပြီးတော့မှ သဘောတူ ဆက်လက်ဆောင်ရွက်ပါမယ်။ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပနိုင်သေးတဲ့ အခြားအဖွဲ့တွေအတွက်လည်း ဆက်လက်ဆောင်ရွက်ပါမယ်။ အဲ့ဒါတွေ ပြီးသွားရင်တော့  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ စတင်နိုင်ပါတော့မယ်။
 
 
 ရခိုင်ကတော့ သီးခြားအခြေအနေဖြစ်နေတဲ့အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ဦးမှာမဟုတ်ပါဘူး။ NCA လက်မှတ်ထိုးထားတဲ့ ၈ ဖွဲနဲ့လည်း တရားဝင် မဟုတ်ပေမဲ့ တွေဆုံမှုတွေရှိပါတယ်" ဟု ဖြေကြားသည်။
 
 
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးဇော်ဌေး က "မွန်ပြည်သစ်ပါတီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်ဖို့အတွက်    UPDJC အစည်းအဝေးခေါ်ရပါမယ်။  မူလစီစဉ် ထားတာက ဒီနေ့လက်မှတ်ထိုးမယ်။ ၁၄ ရက်နေ့ UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးခေါ်မယ်။ ၁၅ ရက်နေ့ UPDJC အစည်းအဝေးလုပ်မယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကမ်းလှမ်းတယ်။ သူတို့ဘက်က အဆင်မပြေတဲ့အတွက် မကြာခင် ရက်ပိုင်းအတွင်းမှာ  UPDJC အမြန်ဆုံး စတင်နိုင်ပါမယ်" ဟု ဖြည့်စွက်ဖြေကြားသည်။
 
 
မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားနေမှု အအခြေအနေများနှင့် စပ်လျဉ်း၍ ဒုတိယ ဗိုလ်ချုပ်ကြီးတင်မောင်ဝင်း "တပ်မတော်အနေနဲ့ ထိုးစစ်ဆင်စရာ မရှိပါဘူးဟု ရှင်းလင်းထားပြီးပါပြီ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ သတ်မှတ်တဲ့ နေရာမှာရှိနေမယ်ဆိုရင် ဘာမှဖြစ်စရာ အကြောင်းမရှိပါဘူး။ ပြောထားတဲ့ ကတိကဝတ်တွေလည်း ရှိပါတယ်။ ဒါတွေကျော်လွန်လာပြီး ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်လာမယ်ဆိုရင်တော့  တပ်မတော်အနေနဲ့ ဆောင်ရွက်ရပါတယ်။ သွားပြီး ထိုးစစ် ဆင်နေတာမဟုတ်ပါဘူး" ဟု ဖြေကြားသည်။
 
 
မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ်ထိုးရန်ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ပါဝင်လာရန် ကူညီသွားမည်ဖြစ်ကြောင်းကို မွန်ပြည်သစ်ပါတီမှ နိုင်အောင်မငေး က "ကျွန်တော်တို့ မွန်ပြည်သစ်ပါတီက NCA လမ်းကြောင်းအတိုင်းသွားမယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေ ပါဝင်လာဖို့အတွက် ကျွန်တော်တို့ ပြောမယ်။ NCA က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲတဲ့ အပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လမ်းကြောင်း ဖြစ်တယ် ဆိုတာကို ကျန်တဲ့အဖွဲ့အစည်းတွေကို ပြောမယ်။ မြောက်ပိုင်းအဖွဲ့ တွေကိုရော အစိုးရနဲ့ တပ်မတော်ကိုရော ချဉ်းကပ်မယ် မေတ္တာရပ်ခံမယ်" ဟု ဖြေကြားသည်။
 
 
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် Bilateral လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်းကို ဦးဇော်ဌေးက "ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)နဲ့  ကျွန်တော်တို့ သဘောတူထားတာ Bilateral  သွားမယ်။ နောက်ပိုင်း ငြိမ်းချမ်းရေးခရီးစဉ်မှာ KNPP ပါဖို့ တစ်ဖွဲ့ချင်းသွားမယ်။ ANC တစ်ဖွဲ့တည်းကိုတော့ သီးသန့်လုပ်ဖို့ရာခက်တယ်။ အခွင့်အရေးတွေ အများကြီးပေးခဲ့တယ်။ ညှိနှိုင်းဆွေးနွေးမှု တွေလုပ်ခဲ့တယ်။ တပ်ပိုင်းဆိုင်ရာကိစ္စဆိုရင် ANC မှာ တပ်တောင်မရှိဘူး။  UNFC မှာ နှစ်ဖွဲ့ပဲ ကျန်တော့တယ်။ KNPP က Bilateral သွားမယ်။ ANC အနေနဲ့ NCA ထိုးဖို့ခက်သွားပါပြီ၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်ခြားတစ်နည်းနည်းနဲ့ တော့ပါဝင် လို့ရပါမယ်" ဟု ဖြေကြားသည်။
 
 
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ရှမ်းပြည်နယ်တွင် တပ်မတော်အနေဖြင့် လူထုတွေ့ဆုံပွဲများ ကျင်းပခွင့်မပြုခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဒုတိယ ဗိုလ်ချုပ်ကြီးတင်မောင်ဝင်းက "RCSS အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ လင်းခေးမှာ ခွင့်ပြုခဲ့တယ်။ လူထုတွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ ခွင့်ပြုခဲ့တာ မရှိဘူး။ ရှမ်းပြည်နယ် အစိုးရရဲ့ ခွင့်ပြုမှုနဲ့ ဆောင်ရွက်တယ်လို့တော့ နောက်ပိုင်းမှာ သိရတယ်။ သို့သော်လည်း ToR နဲ့မကိုက်ညီတဲ့အတွက် တားဆီးရတာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေက သက်မှတ်ထားတဲ့ နေရာမှာလုပ်ရမှာ ဖြစ်တယ်ဆိုတာကို UPDJC အစည်းအဝေးတိုင်းမှာလည်း အကြိမ်ကြိမ်ပြောခဲ့ပြီး ဖြစ်ပါ တယ်" ဟု ဖြေကြားသည်။
 
 
လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ကို အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခွင့်မပြုသည့်အပေါ် ဦးဇော်ဌေး က " ANCနဲ့ LDU က ABSDF လို နယ်မြေမရှိဘူး၊ အဲ့ဒါကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တွေလုပ်ခွင့်မရှိဘူး။ ဒါကို LDU ကလက်ခံတယ်။ ANC ကလက်မခံတဲ့အတွက်  လက်မှတ်မထိုးဖြစ်ပါဘူး" ဟု ဖြေကြားသည်။ 
 
သတင်းအဖွဲ့

Share this on Social Media