ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုသော မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနား ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် ကျင်းပ

 ရန်ကုန်   ၁၃ ဖေဖော်ဝါရီ    
 
 
မြန်မာတစ်မျိုးသားလုံး၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့် ရှောက်ရေးဂေဟာဝင်းအတွင်း၌ ယနေ့နံနက် ၈ နာရီတွင် စတင်ကျင်းပသည်။ 
 
 
 
ကလေးများနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ မရမ်းကုန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁) ဦးရန်ရှင်း၊ ကယ်ဆယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းရွှေနှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြား ရေးမှူး ဒေါက်တာကေသီကျော်တို့ တက်ရောက်ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး လွှတ်တော်ကိုယ်စားလှယ်(၁) ဦးရန်ရှင်းက အဖွင့်အမှာစကား ပြောကြားသည်။ 
 
 
“ဒီနေ့ မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ရော နောက်တစ်ခုက နိုင်ငံ တော်အနာဂတ်မှာ ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ ကလေးတွေ ဖြစ်လာဖို့ အလွန်ရေးကြီးပါတယ်။ အဲဒီအတွက် အဓိက ရည်ရွယ်ကျင်းပတာပါ။ မိဘတိုင်းက ကလေးတွေ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးပေးမှသာ နိုင်ငံတော်ရဲ့ အနာဂတ်ကောင်းမွန်မှာဖြစ်တဲ့အတွက် ဒီရည်ရွယ်ချက်တွေနဲ့ ဒီကနေ့အခမ်းအနားလေးကို ကျင်းပ တာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒေါက်တာကေသီကျော် (ညွှန်ကြားရေးမှူး)က ပြောသည်။ 
 
 
 လူမှုဝန်ထမ်းဦးစီးဌာနသည် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို ယခင်နှစ်များက  သက်ဆိုင်ရာ မူကြိုကျောင်းများ၌သာ  အထိမ်းအမှတ်ပွဲအဖြစ် ကျင်းပခဲ့သည်။ ဗိုလ်ချုပ်နှစ် ၁၀ဝ ပြည့်ပွဲတွင်လည်း ကျောင်းများ၌သာ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ပြီး ရန်ကုန်မြို့ အထက-၄ အလုံတွင် အခမ်းအနား ကျင်းပခဲ့သည်။ ယခုနှစ်တွင်မူ လူမှုဝန်ထမ်းအောက်ရှိကလေးများအပြင် အလွှာအသီးသီးမှ ကလေးသူငယ်များ ပါဝင်နိုင်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာနပိုင် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။  ယနေ့ကျင်းပသော အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ သင်တန်းကျောင်းများမှ ကလေးများ၊ မူကြိုကျောင်းများမှ ကလေးများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများမှ ကလေးများအပြင်  ပရဟိတမူကြိုကျောင်းများမှ ကလေးများလည်း လာရောက်ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။ 
 
 
ရန်ကုန်မြို့၌ ပထမဆုံးအကြိမ်ကျင်းပသော ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ကလေး များ၏ ပျော်ပွဲရွှင်ပွဲများ၊ ဉာဏ်စမ်းပြိုင်ပွဲများ၊ ဖျော်ဖြေပွဲများ၊ ဂိမ်းပြိုင်ပွဲများ၊ ကလေးစာအုပ်အရောင်းဆိုင်များ အပြင် ကလေးများ အနာဂတ်လှပစေမည့် ပျော်ပွဲရွှင်ပွဲများကို ယနေ့ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ 
 
မောင်စိန်လွင်(မြန်မာ့အလင်း)
 
 

Share this on Social Media