တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးခြင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ၁၃ ဖေဖော်ဝါရီ 
 
 
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ် ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးခြင်း ဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို ယနေ့ည ၇နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)တွင် ကျင်းပသည်။
 
 
 
ညစာစားပွဲသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ JMC-U အဖွဲ့ဝင်များ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့်  ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ညစာကို အတူတကွ သုံးဆောင်ကြသည်။
 
 
 
ညစာ သုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက ပင်လုံသစ္စာအက၊ မွန်တိုင်းရင်းသားရိုးရာ နတ်ကန္နား အက၊ လားဟူတိုင်းရင်းသားရိုးရာ ဘူးပလွေမြေဝိုင်းအက၊ လားဟူလူမျိုး လူတိုင်းသိပါစေအက၊ မွန်တိုင်းရင်းသားရိုးရာ ဟင်္သာအကနှင့် သာစွမြန်မာပြည် (တိုင်းရင်းသား စုပေါင်းအက)တို့ဖြင့် ကပြဖျော်ဖြေကြသည်။
 
 
ညစာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖျော်ဖြေတင် ဆက်ကြသည့် အနုပညာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
 
 
 (MDN)
 

Share this on Social Media